Thursday, January 8, 2009

တစည စည်းရုံးရေး စတော့မည်

Wednesday, 07 January 2009

ယခင်အာဏာရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ကို အသွင်ပြောင်းထားသည့် တိုင်းရင်းသား စည်း လုံး ညီညွတ်ရေးပါတီ (တစည) က လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရန် စည်းရုံးလှုံ့ဆော်မှုများ စတင်ပြုလုပ်တော့မည်ဖြစ်ကြောင်း ယခုတပတ်ထုတ် သစ္စာ (True News) အပတ်စဉ် ဂျာနယ်တွင် ဖော်ပြထားသည်။

တစညပါတီ၏ ဥက္ကဌ ဦးထွန်းရီက ပါတီဝင်များသို့ပေးပို့သော ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာ တွင် ၂၀၀၉ ခုနှစ်အတွင်း “နိုင်ငံရေး၊ စည်းရုံးရေး စွမ်းရည် မြင့်မားသည်ထက်မြင့်မားအောင် ကြိုးပမ်း၍ စည်းရုံးလှုံ့ဆော်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်” ဟု ရေးသားထားကြောင်း သစ္စာဂျာနယ်၏ မျက်နှာဖုံး တွင် ဖော်ပြထားခြင်းဖြစ်သည်။

ဤသတင်းမှာ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှုနှင့် ပတ်သက်သည့် ပထမဆုံးသတင်းဖြစ်ပြီး ဂျာနယ်မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခြင်းမှာလည်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အသိုင်းအဝန်းမှကြားသိရသည်။

တစည ပါတီနှင့် ပတ်သက်သည့် သတင်းကို သက်ဆိုင်ရာအာဏာပိုင်များက ဖိအားပေးသောကြောင့် ထည့် သွင်းရခြင်း ဖြစ်ကြောင်း ရန်ကုန်သတင်းဂျာနယ်လောကမှ ပြောဆိုနေကြသော်လည်း သစ္စာမဂ္ဂဇင်းမှ အမည် မဖော်လိုသူတဦးကမူ ၎င်းတို့ ဆုံးဖြတ်ချက်နှင့် ထည့်သွင်းဖော်ပြခြင်းသာ ဖြစ်သည်ဟုဆိုသည်။

တစညပါတီမှ တာဝန်ရှိသူများကိုမူ ဧရာဝတီမဂ္ဂဇင်းမှ အဆက်အသွယ်မရခဲ့ပေ။

တစည တဖြစ်လဲ မဆလ ပါတီသည် မြန်မာပြည်ကို ၁၉၆၂ ခုနှစ်မှစတင်၍ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင် သော စစ်တပ်ဖြင့် ၂၆ နှစ်တာ အုပ်စိုးခဲ့သည်။

၁၉၈၈ ခုနှစ် မြန်မာတပြည်လုံးပါဝင်သည့် ၈ လေးလုံး လူထုအုံကြွမှုကြီးကို နှိမ်နင်းကာ ၎င်းနှစ် စက်တင်ဘာ ၁၈ ရက်နေ့က စစ်အစိုးရ အာဏာသိမ်းလိုက်သည့် နောက်တွင်မှ မဆလပါတီ၏ အခန်းကဏ္ဍ လုံးဝ ရပ်စဲ သွားခြင်းဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဆလပါတီက တစည ဟု အမည် ပြောင်းလဲကာ ရွေးကောက်ပွဲဝင်ခဲ့ပြီး မဲအရေအတွက် ၇၉ သိန်းကျော်နှင့် ပထမနေရာ ရရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ နောက်မှ မဲအရေအတွက် ၂၈ သိန်းကျော်ဖြင့် ဒုတိယနေရာ ရရှိခဲ့ သည်။

ထိုစဉ်အခါက လွှတ်တော်အမတ်နေရာ စုစုပေါင်း ၄၈၅ နေရာရှိသည့်အနက် အန်အယ်လ်ဒီပါတီက ၃၉၂ နေရာရရှိခဲ့ပြီး တစညက ၁၀ နေရာသာ ရရှိခဲ့သော်လည်း ထိုစဉ်က စစ်အစိုးရသည် ယခင်အာဏာရပါတီ ဖြစ်သော တစည၏ နောက်တွင် ပွင့်လင်းစွာ ရပ်တည်ပေးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ယခုတပတ်အတွင်း ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တိုင်းတွင် အန်အယ်လ်ဒီခေါင်းဆောင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့က မြှောက်ပေးသောကြောင့် အန်အယ်လ်ဒီလူငယ်များ ဆန္ဒထွက်ပြကာ လမ်းလျှောက်ခြင်း ဖြစ်သည်ဟူသော အစိုးရပေါ်လစီဆောင်းပါးကို ထည့်သွင်းကြရပြီး နောက်တပတ်ထွက် မည့် ဂျာနယ်များတွင်လည်း ထိုဆောင်းပါးကိုသာ ဆက်လက်ထည့်သွင်း ဖော်ပြရဦးမည်ဖြစ်ကြောင်း ကြားသိ ရသည်။

ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တိုင်းတွင် စာပေစိစစ်ရေးက ချမှတ်ပေးသော အစိုးရ ပေါ်လစီဆောင်းပါး များကို မဖြစ်မနေ ထည့်သွင်းကြရလေ့ရှိသည်။

သစ္စာဂျာနယ်သည် ထိုင်းနိုင်ငံ ဖူးခက်ဒေသ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် အလုပ်လုပ်နေသော မြန်မာပြည်သား ကလေးအလုပ်သမား ဓာတ်ပုံကို ဖော်ပြခဲ့သဖြင့် ၂၀၀၈ ခုနှစ်အတွင်းက ဂျာနယ်ထုတ်ဝေခွင့် တလ ရပ်ဆိုင်းခံခဲ့ရသောကြောင့် တစည သတင်းကို စာပေစိစစ်ရေးက ကျေနပ်မှုရှိရန် ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်ဟု ရန်ကုန် ဂျာနယ်အသိုင်းအဝန်းက သုံးသပ်ကြသည်။ ။



အေးချမ်းမြေ့
REF: ဧရာဝတီ

0 comments:

အပေါ်သို့