Tuesday, January 6, 2009

ဂျာနယ်၊ မဂ္ဂဇင်းအစောင် ၃၀ ကျော် လိုင်စင်သိမ်းခံရ

Monday, 05 January 2009

ငွေကြေး အခက်အခဲကြောင့် ဆက်လက် သက်တမ်းတိုးနိုင်ခြင်း မရှိသည့် ပြည်တွင်း အပတ်စဉ်ဂျာနယ် ၁၁ စောင်နှင့် မဂ္ဂဇင်း အစောင် ၂၀ တို့ကို မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ထုတ်ဝေခွင့် ဖျက်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းခံရသော ဂျာနယ်မဂ္ဂဇင်းများထဲတွင် Trend ရေစီးကြောင်းဂျာနယ်၊ ဂီတကမ္ဘာ ဂျာနယ်၊ မဟာဂျာနယ်၊ စာအုပ်လောကမဂ္ဂဇင်း၊ သက်တန့်ရောင်စဉ်ဂျာနယ် အစရှိသဖြင့် နာမည် အနည်း ငယ်ရှိသော မဂ္ဂဇင်း၊ ဂျာနယ်များပါဝင်သည်။

“ထုတ်ဝေခွင့်တွေ တင်လို့ရတယ်ဆိုတုန်းက အသည်းအသန်တင်ကြပြီး တကယ်တမ်းကျတော့ မလုပ်နိုင်ကြ တော့ဘူး။ သက်တမ်းတိုးဖို့ဆိုတာက တနှစ်တနှစ် သိန်းနဲ့ချီပြီးသွင်းရတာ။ ဂျာနယ်မဂ္ဂဇင်းလုပ်တယ်ဆိုတာ နောက်ခံဘက်ဂရောင်း တောင့်မှ။ မဟုတ်ရင် ခွက်ခွက်လန်အောင် ရှုံးတာပဲ” ဟု ပြည်တွင်း မဂ္ဂဇင်းတစောင်မှ အယ်ဒီတာတဦးက ပြောသည်။

မဂ္ဂဇင်း၊ ဂျာနယ်များကို ထုတ်ဝေခွင့်ချပေးပြီးသည်နှင့် တပြိုင်နက် တနှစ်တခါ သက်တမ်းတိုးရန် လိုအပ်ပြီး သက်တမ်းမတိုးနိုင်သည့် မဂ္ဂဇင်း၊ ဂျာနယ်များကို လိုင်စင်ပိတ်သိမ်းခြင်းဖြစ်သည်။

ယခုလိုင်စင်ပိတ်သိမ်းခံရသည့် ဂျာနယ်နှင့် မဂ္ဂဇင်း ၃၁ စောင်မှာ ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက သက်တမ်း ဆက်လက်တိုးနိုင်ခြင်း မရှိတော့သဖြင့် ပိတ်ခံရခြင်းဖြစ်ကြောင်း ယနေ့ဖြန့်ချိ သည့် ရန်ကုန်အခြေစိုက် The Voice အပတ်စဉ်ဂျာနယ်တွင် ရေးသားထားသည်။

လက်ရှိမြန်မာပြည်တွင်းရှိ မဂ္ဂဇင်းနှင့် ဂျာနယ်ဈေးကွက်ကို အောင်မြင်သည့် မီဒီယာအုပ်စုကြီးများက သိမ်း ပိုက်ထားခြင်းဖြစ်ပြီး လူအင်အား၊ ငွေအင်အားနှင့် အစိုးရ နောက်ခံအင်အား ကောင်းကောင်းရှိမှသာ အောင် မြင်သော မဂ္ဂဇင်း၊ ဂျာနယ်တစောင်ဖြစ်နိုင်ကြောင်းနှင့် ဖျက်သိမ်းခံရသော ဂျာနယ်များ၊ မဂ္ဂဇင်းများမှာ နောက်ခံငွေအင်အား၊ လူအင်အား တောင့်တင်းခြင်းမရှိဘဲ တဦးတည်းပုံစံဖြင့် တိုးဝင်လုပ်ကိုင်သူများ ဖြစ် ကြောင်း မဂ္ဂဇင်းအယ်ဒီတာက ရှင်းပြသည်။

ယခုအခါ စီးပွားရေးအရ အောင်မြင်ရပ်တည်နိုင်သည့် မီဒီယာအုပ်စုများမှာ စုစုပေါင်း လည်ပတ်နေသည့် ဂျာနယ်၊ မဂ္ဂဇင်း ၂၀၀ ကျော်တွင် ၁၀ ခုအောက်သာရှိတော့သည်။ ၎င်းတို့ထဲတွင် မြန်မာတိုင်းမ်စ်၊ ဝီးကလီး အလဲဗင်း၊ ရန်ကုန်မီဒီယာ၊ လစ်ဗင်းကာလာ၊ ကုမုဒြာ၊ ရွှေအမြုတေ စသည့် မီဒီယာအုပ်စုများ ပါဝင်သည်။

“စီးပွားဖြစ် ဂျာနယ်ကြီးတွေဆိုရင် တပတ်လောက် နားလိုက်ရတာနဲ့ ငွေတွေ အများကြီး ဆုံးရှုံးရတာ။ ဒီတော့ အဆင်ပြေအောင်၊ ဂျာနယ်အနားမခံရအောင်လည်း လုပ်ရတယ်။ ပေါ်လစီဆောင်းပါးအတွက် စာမျက်နှာ ပေးရတာလောက်က ဘာမှ မဟုတ်သေးဘူး၊ မထည့်စေချင်တာ မထည့်မိဖို့၊ ဖြုတ်ခိုင်းတာ ဖြုတ်ဖို့ အထူး သတိထားရတယ်” ဟု အဆိုပါ အယ်ဒီတာက ပြောသည်။

၂၀၀၈ ခုနှစ်အတွင်းက ဦးဝင်းတင်အကြောင်းကို ဖော်ပြခဲ့၍ ၂ လပိတ်ခံရသော အက်ရှင်တိုင်းမ် ဂျာနယ် ဆိုလျှင် ပိတ်ရက်ကာလ ကျော်သွား၍ ထုတ်ဝေခွင့်ပြန်လည်ရရှိသည့်တိုင်အောင် ဆက်လက်ထုတ်ဝေခြင်း မပြုနိုင်တော့ကြောင်း ၎င်းဂျာနယ်နှင့် နီးစပ်သည့်အသိုင်းအဝန်းမှ ကြားသိရသည်။

“အရင်ကတည်းက စီးပွားရေးအရ သိပ်တွက်ခြေကိုက်တာမဟုတ်ဘူး။ ၂ လပိတ်ခံလိုက်ရတော့ တော်တော် လေးထိသွားတယ်။ နောက်ပြီး ဆက်ထွက်ရင်လည်း ဂျာနယ်ကို စိစစ်ရေးက ပိုပိုပြီးကြပ်မှာဆိုတော့ နောက် က တခြားစီးပွားရေးတွေပါ ထိခိုက်လာနိုင်တယ်။ အဲဒါကြောင့် ဆက်မထုတ်တော့တာလို့ ကြားပါတယ်” ဟု အက်ရှင်တိုင်းမ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ တဦးကပြောသည်။



အေးချမ်းမြေ့
REF: ဧရာဝတီ

0 comments:

အပေါ်သို့