Monday, January 5, 2009

ကြားဖြတ်ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ခေါ်ဖို့ ဒဂုန်တာရာ တိုက်တွန်း

သေဆုံးပြီးသူများ အပါအဝင် လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ်ရွေး ကောက်ပွဲများ ပြုလုပ်ကာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အသစ်များဖြင့် ၉ဝ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များပေါင်းပြီး လွှတ်တော်တရပ်ခေါ်ယူရန် လူအများလေးစားသည့်ဆရာကြီး ဒဂုန် တာရာက တိုက်တွန်းလိုက်ကြောင်း သိရသည်။

ဆရာကြီးဒဂုန်တာရာ၏တိုက်တွန်းချက်ကို ပြည်ပမီဒီယာတခုခုတွင် ဖော်ပြထားခြင်း မဟုတ်ဘဲ ပြည်တွင်း ထုတ် ရန်ကုန်တိုင်းမ် ပုဂ္ဂလိက အပတ်စဉ်ထုတ် ဂျာနယ်၌ ဖော်ပြထားသည့်အတွက် သတင်းသမားများနှင့် စာဖတ်သူများ စိတ်ဝင်စားနေကြကြောင်း စုံစမ်းသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပုဂ္ဂလိက ဂျာနယ်အယ်ဒီတာတဦးက “ဒီလို ဖော်ပြခွင့်ပြုတာမျိုး ထူးခြားတယ်။ ဒီလို ဖော်ပြခွင့်ရလို့ စစ်အစိုးရဟာ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစုံတခု လိုက်လျောလိမ့်မယ်လို့ တော့ ယူဆလို့မရဘူး။ သူက သူ့ရဲ့ Road Map (၇) ချက်နဲ့ပဲ သွားမယ်ဆိုတာ ပြောပြီးသား။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးသမားကြီးတွေ စာရေးဆရာကြီးတွေရဲ့ အမြင်တွေကို ဖော်ပြခွင့်ပေးတာတော့ ကောင်းပါတယ်” ဟု ပြောသည်။

အဆိုပါ ဆောင်းပါးကို ဇန်နဝါရီ (၁) ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် စာမျက်နှာ (၂၄) တွင် ဖော်ပြထား ပြီး “နိုင်ငံရေးပါတီများနှင့် မြန်မာ့နိုင်ငံရေးမြင်ကွင်းသစ် ၂ဝဝ၉ တွင် ပုံပေါ်လာမည်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

ဒဂုန်တာရာအပါအဝင် ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး သခင်သိန်းဖေ၊ သခင်လှကွန်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးတို့ကို တွေ့ဆုံကာ သူတို့ရဲ့ အမြင်များ ကို ရေးသားဖော်ပြထားခြင်းဖြစ်သည်။

REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့