Friday, January 9, 2009

ခရစ်ယာန်ဘာသာဝင်များ နေအိမ်တွင်း ဝတ်ပြုခွင့် ပိတ်ပင်

မုံပီးနှင့် ဖနိဒါ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 08 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ လူနေအိမ်ခန်းများတွင် ဘုရားကျောင်းအဖြစ် သတ်မှတ်ကာ ဝတ်ပြုဆုတောင်းပွဲ မပြုလုပ်ရန် အာဏာပိုင်များက ပိတ်ပင်လိုက်ပြီး၊ မလိုက်နာပါက ချိပ်ပိတ်ပစ်မည်ဟု တနင်္လာနေ့က ပြောကြားခဲ့သဖြင့် မြို့တော်ဟောင်းရန်ကုန်ရှိ ခရစ်ယာန်ဘာသာဝင်များ အပြောအရ သိရသည်။

ရန်ကုန်မြို့လယ်ရှိ အဓိကကျသည့် ဘုရားကျောင်းများမှ တရားဟောဆရာများအား ကျောက်တံတားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက တနင်္လာနေ့တွင် သူတို့ရုံးသို့ ဆင့်ခေါ်ပြီး လူနေအိမ်ခန်းများ တွင် ဝတ်ပြုဆုတောင်းခြင်း မပြုလုပ်ရန် သတိပေး ပြောကြားခဲ့သည်၊။

"ကျနော်တို့ ဝတ်ပြုဆုတောင်းတာတွေ ဆက်လုပ်မယ်ဆိုရင် ဘုရားကျောင်းတွေကို ချိပ်ပိတ်သိမ်းဆည်းသွား မယ်လို့ သူတို့ (အာဏာပိုင်) တွေက ကျနော်တို့ကို သတိပေးသွားတယ်" ဟု အဆိုပါ အစည်းအဝေးသို့ တက် ရောက်ခဲ့သူ ပန်းပဲတန်းမြို့နယ် ဘုရားကျောင်းမှ တရားဟောဆရာတဦးက ပြောသည်။


လက်တုံ့ပြန် အရေးယူခံရမည်ကို ကြောက်ရွံ့၍ အမည်မဖော်လိုသူ တရားဟောဆရာက မဇ္ဈိမကို ပြောကြား ရာတွင် ဘုရားကျောင်းလူကြီးနှင့် တရားဟောဆရာ ၅ဝ ခန့် ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အဆိုပါ ဝတ်ပြုဆုတောင်းခြင်းများ ရပ်ဆိုင်းပါမည်ဟု ဝန်ခံကတိပြုလွှာ ၅ စောင်ကျော်ကို လက်မှတ်ရေးထိုး ပေးခဲ့ကြ ရသည်ဟု ဆိုသည်။

"ဒီဝန်ခံချက်တွေမှာ ရေးထားတာက အမိန့်အတိုင်း မလိုက်နာရင် ဘုရားကျောင်းတွေကို ပိတ်မယ်။ ကျနော် တို့ကို အရေးယူအပြစ်ပေးမယ် (ထောင်တောင်ချနိုင်တယ်) စသဖြင့် ရေးထားတာဖြစ်ပါတယ်" ဟု အဆိုပါ တရားဟောဆရာက ပြောသည်။

ကျောက်တံတားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တနင်္လာနေ့၌ အဆိုပါ အစည်းအဝေး ကျင်းပခဲ့သည်ကို အတည်ပြုပြောဆိုသော်လည်း၊ စည်းဝေးပွဲတွင် ပြော ကြားဆွေးနွေးချက်များကိုမူ အသေးစိတ် ရှင်းလင်းပြောကြားရန် ငြင်းဆိုသည်။

သို့သော် တရားဟောဆရာ၏ အပြောအရမူ အများစုမှာ ရန်ကုန်မြို့လယ်တွင် တည်ရှိသော ဘုရားကျောင်း ၁ဝဝ ကျော်မှ ကိုယ်စားလှယ်များအား အာဏာပိုင်များက အစည်းအဝေးတက်ရန် ဖိတ်ကြားခဲ့ပြီး၊ ဤအမိန့် သစ်နှင့် စပ်လျဉ်း၍ အသိပေး ပြောကြားခဲ့သည်ဟု ဆိုသည်။

"ကျနော်တို့ အစည်းအဝေးဖိတ်စာကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ရပါတယ်။ အခု တနင်္ဂနွေဘုရားကျောင်းမှာ ဝတ်ပြုစည်းဝေး၊ ဆုတောင်းတာတွေနဲ့ ပတ်သက်လို့ ဘာလုပ်ရမယ်ဆိုတာ မသိသေးပါဘူး" ဟု အဆိုပါ တရားဟောဆရာက ပြောသည်။

ဘာသာရေး အဖွဲ့အစည်းများနှင့် ခရစ်ယာန် ဘုရားကျောင်းများကို မြေဝယ်ယူပိုင်ဆိုင်ခွင့်နှင့် ဘုရားကျောင်း ဆောက်လုပ်ခြင်း ပါမစ်များ ထုတ်ပေးခြင်းကို မြန်မာစစ်အာဏာပိုင်များက ရပ်ဆိုင်းထားသည်မှာ ကြာမြင့်လှ ပြီ ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့ရှိ ဒေသခံဘုရားကျောင်း အတော်များများမှာ ဝတ်ပြုဆုတောင်ခြင်းကို ပုဂ္ဂလိကပိုင်ရှင်များ၏ အမည်ဖြင့် ဝယ်ယူငှားရမ်းထားရသော လူနေအိမ်ခန်းများတွင်သာ ကျင်းပ ပြုလုပ်နေရ သည်။

အဆိုပါ တရားဟောဆရာ အပါအဝင် ဘုရားကျောင်းလူကြီးများ၏ အဆိုအရ ထိုသို့ ရန်ကုန်မြို့လယ် လူနေ အိမ်ခန်းများတွင် တည်ရှိသည့် ဘုရားကျောင်းများမှာ အနည်းဆုံး ၁ဝဝ အထိရှိပြီး ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံ၊ တာမွေ၊ လှိုင်၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်းနှင့် ဗဟန်းမြို့နယ်များ အပါအဝင် မြို့နယ်အများအပြားတွင် တည်ရှိသည်ဟု ဆိုသည်။

ရန်ကုန်မြို့ရှိ ဘုရားကျောင်းအများစုမှာ ထိုကဲ့သို့ လူနေအိမ်ခန်းများတွင်သာ ဝတ်ပြုကိုးကွယ်မှုများ ပြုလုပ်ရ သည့်အတွက် ထိုသို့ ဝတ်ပြုဆုတောင်းခြင်းများကို ပိတ်ပင်လိုက်သည့် အမိန့်သည် ခရစ်ယာန် ဘာသာဝင် များ၏ ဘာသာရေး ဝတ်ပြုကိုးကွယ်မှုများကို ရပ်တန့် တားဆီးလိုက်သကဲ့သို့ပင် ဖြစ်နေကြောင်းဖြင့် ရန်ကုန်မြို့ရှိ ခရစ်ယာန်ဘာသာဝင် လူငယ်တဦးက မဇ္ဈိမသို့ အီးမေးလ်ဖြင့် ပေးပို့သည့်စာတွင် ရေးသားဖော်ပြ ထားသည်။

"ရန်ကုန်မြို့က ဘုရားကျောင်း ၈ဝ ရာခိုင်နှုန်းက ဒီအမိန့်နဲ့ အကြုံးဝင်နေတယ်။ ဘုရားကျောင်း အနည်းငယ် လောက်ပဲ ကိုယ်ပိုင်မြေရှိတာ။ ဘုရားကျောင်းအများစုက ငှားထားတဲ့ အဆောက်အဦတွေ၊ အိမ်ခန်းတွေ၊ ရုံးခန်းပုံစံအခန်းတွေမှာပဲ လုပ်ထားရတာ၊ ဝတ်ပြုဆုတောင်းတာတွေ လုပ်ရတာ" ဟု အဆိုပါ လူငယ်က ရှင်းလင်းရေးသားထားသည်။

"မြန်မာနိုင်ငံမှာရှိတဲ့ ခရစ်ယာန် ဘာသာဝင်တွေအတွက် ခင်ဗျားတို့ ဆုတောင်းပေးကြပါ" ဟုလည်း သူက ရေးသားထားသည်။

စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ဤသို့ ဘာသာရေးအရ ဖိနှိပ်ခြင်းနှင့် ဘာသာရေး အခမ်းအနား များကို ပိတ်ပင်တားဆီးခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော်လည်း ယခုထုတ်ပြန်ထားသော အမိန့်သစ်သည် ခရစ်ယာန် ဘာသာဝင်များကို ပုံမှန်တွေ့ဆုံ ဆုတောင်းဝတ်ပြုခြင်းများကို ရပ်တန့်စေရန် ကြိုးပမ်းမှုတရပ် ဖြစ် သည်ဟု အခြား တရားဟောဆရာက ဆိုသည်။

သူတို့၏ အုပ်စိုးမှု သက်ဆိုးရှည်ရန်နှင့် ပြည်သူလူထုအား ဖိနှိပ်ရန် သန္နိဋ္ဌာန်ချမှတ်ထားသည်ကို ပြသသည့် အနေနှင့် မြန်မာစစ်အစိုးရသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲ များကို ကြမ်းတမ်းစွာ ချေမှုန်းနှိမ်နင်းခဲ့သည်။ ဤဖြစ်ရပ်ကြောင့် ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော မြန်မာနိုင်ငံ တွင် လူအများ ကြည်ညိုလေးစားရသည့် သံဃာတော် ရာပေါင်းများစွာ သေဆုံးခဲ့ကြရသည်ဟု အတိုက်အခံ သတင်းရပ်ကွက်များက ဆိုသည်။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့