Thursday, January 8, 2009

ဒီကေဘီအေ နယ်စပ်စောင့်ရမည်

ကရင်နှစ်သစ်ကူးပွဲတော်တခုတွင် တွေ့ရသော
ဒီကေဘီအေတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - Jason Miller)

ဒီကေဘီအေဟုခေါ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုသည် နယ်ခြားစောင့် ပြည်သူ့စစ်များအဖြစ် အသွင်ပြောင်းရတော့မည်ဟု ထိုင်း - မြန်မာနယ်စပ် သတင်းရပ်ကွက်မှ သိရှိရသည်။ တပ်မဟာ ၉၉၉ ဗျူဟာ မှူး ဗိုလ်မှူးကြီးစောချစ်သူက ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာတွင် မကြာသေးမီက ပြုလုပ် သော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်ဟု ဒီကေဘီအေနှင့် နီးစပ် သည့် ကုန်သည်တဦးက ဆိုသည်။

“၂၀၁၀ ရွေးကောက်ပွဲပြီးရင် မြန်မာ့တပ်မတော်က တခုပဲရှိလာမယ်။ ဒါကြောင့် (ဒီကေဘီအေကို) လက်နက် တော့ မသိမ်းဘူး၊ နယ်ခြားစောင့်အဖြစ်ထားမယ်”ဟု အဆိုပါ ကုန်သည်က ရှင်းပြသည်။ သို့သော်လည်း ထို သို့ ပြောင်းလဲမည်ကို ဒီကေဘီအေခေါင်းဆောင်အချို့က နှစ်သက်ခြင်းမရှိဟု သိရကြောင်း ၎င်းက ဆက် လက် ရှင်းပြသည်။

ဤအကြောင်းအရာနှင့် ပတ်သက်၍ ကရင်ပြည်နယ်မြို့တော် ဘားအံရှိ ဒီကေဘီအေရုံးသို့ ဆက်သွယ် မေးမြန်းရာတွင် “မသိဘူး၊ ကျနော်တို့ မသိပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဒီကေဘီအေသည် ၁၉၉၄ ခုနှစ်တွင် လက်နက်ကိုင်အဖွဲ့ကြီးတခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)ထံမှ ခွဲထွက်ခဲ့ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် အခြေစိုက် လှုပ်ရှားနေသည်။ ဒီကေဘီအေ၏ အမှတ် ၉၉၉ တပ်မဟာသည် မြန်မာစစ်အစိုးရတပ်များနှင့် ပူးပေါင်းပြီး ကရင်ပြည်နယ်အတွင်းရှိ KNU စခန်း များကို တိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ၉၉၉ တပ်မဟာလက်အောက်မှ တပ်ဖွဲ့အချို့သည် မွန်ပြည်နယ် ဘုရားသုံးဆူ ဒေသတွင် စတင်ခြေကုပ်ယူလာသည်ဟု အပစ်အခတ်ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီမှ အရာရှိတဦးက ပြောသည်။

မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးဉာဏ်ထွန်းက “မြန်မာစစ်အစိုးရတပ်တွေလည်း ဘုရားသုံးဆူဘက်မှာ လာချ ထားတယ်။ ဒီကေဘီအေ ကိုးသုံးလုံးတပ်တချို့လည်း လာပြီဆိုတော့ ဒီဘက်မှာရှိတဲ့ KNU စခန်းတွေကို တိုက်ဖို့ဖြစ်မယ်လို့ ယူဆရတယ်” ဟု ဧရာဝတီသို့ ပြောပြသည်။ ။



REF: ဧရာဝတီ

0 comments:

အပေါ်သို့