Monday, February 28, 2011

ကိုယ့်တပ်ကိုယ်လုံလျှင် AFTA သည် စိုးရိမ်စရာ မဟုတ်

ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ်

အာဆီယံနိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် AFTA ကြောင့် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများအတွက် ၎င်းအရှေ့တောင်အာရှ နိုင်ငံများရှိ စီးပွားရေး လုပ်ငန်းများ ပြင်ဆင်နေကြသည်။

မြန်မာပြည်အတွက်ဆိုလျှင် နိုင်ငံတွင်းရှိ လုပ်ငန်းများ ပိုမိုယှဉ်ပြိုင်နိုင်စွမ်း ရှိရန်အတွက် လုပ်ကိုင်နိုင်ဆုံးသူမှာ စစ်အစိုးရသာ ဖြစ်သည်။

ဥပမာအားဖြင့်ပြောရလျှင် ရေရှည်ရင်းနှီးမြှုပ်နှံရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အရေးကြီးလှသော ကိန်းဂဏန်း အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများ တည်ငြိမ်မှု ရရှိရေးအတွက် လိုအပ်သည့် မက်ခရို စီးပွားရေး စီမံခန့်ခွဲမှုများ နိုင်ငံတွင်း၌ မရှိပါ။

ထို့ပြင် စစ်အစိုးရ၏ လက်ရင်းလူယုံများမှလွဲလျှင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ အတွက်လည်း အရင်းအနှီး ဈေးကွက်မှာ အကန့်အသတ်နှင့်သာ ရရှိသည်။ ထိုမျှသာမဟုတ် အစိုးရ၏ ရငွေသုံးငွေ စာရင်းများပါ ပွင့်လင်းမြင်သာမှု မရှိ။ အစိုးရသစ် ဖွဲ့စည်းပြီးနောက် အားလုံး တန်းတူညီမျှ အခွင့်အရေးရရှိရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်ခံမှုရှိရေးအတွက် အစိုးရဘတ်ဂျက် အသေးစိတ်ကို အားလုံး လေ့လာ သုံးသပ် နိုင်ရန် ထုတ်ဝေဖြန့်ချိလိမ့်မည်ဟု အကဲခတ်များက မျှော်လင့်နေကြသည်။

ဤသို့ ကြီးမားသော အခက်အခဲ၊ အတားအဆီးများ ရှိနေသော်လည်း မြန်မာ့စီးပွားရေး အသိုင်းအဝိုင်းအနေဖြင့် AFTA ကို ကြိုဆိုရမည်သာ ဖြစ်သည်။ ဤစာချုပ်အရ ပေါ်ထွက်လာမည့် မည်သည့်အုပ်ချုပ်ထောက်ပံ့မှု အခွင့်အလမ်းကိုမဆို သူတို့လည်း ရယူဆုပ်ကိုင်နိုင်ကြမည်ဖြစ်ပြီး၊ မြန်မာ့စီးပွားရေး လုပ်ငန်းများသည်လည်း ဒေသတွင်း အင်အားစုသစ် တရပ်အဖြစ် ပေါ်ထွက်လာနိုင်ရေး ကြိုးပမ်းခွင့်ကိုပါ ရရှိကြမည်ဖြစ်သည်။

အာဆီယံနိုင်ငံများ စိုးရိမ်ပူပန်နေကြသည့် အချက်တခုမှာ တရုတ်ပြည်မှ ဈေးပေါသော ထုတ်ကုန်ပစ္စည်းများ ဝင်ရောက်လာမည့် အရေးဖြစ်သည်။ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ အတွက် တရုတ်ထုတ်ကုန်များနှင့် ပတ်သက်သည့် အတွေ့အကြုံ ရှိပြီးဖြစ်သည်။ အခွန်နှင့်ပတ်သက်လျှင် သွင်းကုန်ပစ္စည်းအများစုမှာ ၅ % အောက်တွင်သာ ရှိသည်။

အခွန်မဟုတ်သော ကုန်သွယ်ရေး အတားအဆီးများ ဖယ်ရှားရေးနှင့် အခွန်အကောက် ရာနှုန်း သုညသို့ လျှော့ချရေး ဟူသော လုပ်ငန်းရပ်များမှလွဲ၍ နောက်ထပ်ကြီးမားသည့် အပြောင်းအလဲများ မျှော်လင့်ရန် မဖြစ်နိုင်ပါ။ ယခု AFTA အရ စားသုံးသူများအနေဖြင့် အခွန်လွတ် ကုန်စည်များကို ရယူသုံးစွဲခွင့် ရှိကြမည်ဖြစ်သည်။

မြန်မာ့စီးပွားရေး လုပ်ငန်းများအတွက် အကြီးဆုံး စိန်ခေါ်မှုမှာ ပြင်ပမှ ခြိမ်းခြောက်မှုများ မဟုတ်ပါ။ သူတို့အတွက် အကြီးဆုံး ပြဿနာမှာ စစ်ဗိုလ်ချုပ်ကြီးများက အာဏာကို ဆက်လက်၍ ထိန်းသိမ်းအပိုင်စီးထားရေးကို ဆက်လက်ဦးစားပေးဦးမည့် အရေးပင် ဖြစ်သည်။

တိုင်းပြည်တွင် တိုးတက်မှုများ ရရှိရေး လုပ်ဆောင်ရန် နယ်ပယ်များစွာ ရှိသေးသည်။ ထုတ်လုပ်မှု၊ စံချိန်စံညွှန်းနှင့် အရည်အသွေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရေး၊ ဈေးကွက်ထိုးဖောက်ရေး၊ ခေတ်မီစီးပွားရေး စီမံခန့်ခွဲမှု၊ ပုံမှန်စီးပွားရေး အဆောက် အအုံများ တည်ထောင်ရေးနှင့် ကွန်ယက်များ ချိတ်ဆက်ရေး ဖြစ်သည်။

အစိုးရအနေဖြင့် ဆန္ဒရှိလျှင်၊ လုပ်ဆောင်နိုင်မည်ဆိုလျှင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ရန် အခွင့်သာစေမည့် ဝန်းကျင်ကောင်း ဖန်တီးရေး၊ ဥပဒေစိုးမိုးမှု ရှိစေရေး၊ ပွင့်လင်းမြင်သာမှု ရှိရေးနှင့် မူဝါဒများ တသမတ်တည်း ရှိရေးတို့ ရှိရမည်ဖြစ်သည်။ ထို့ပြင် အခြေခံအဆာက်အအုံကိုလည်း ခေတ်မီအောင် ပြုလုပ်ပေးပြီး၊ မလိုလားအပ်သည့် စရိတ်စကများ၊ ငွေကြေး ဆောင်ရွက်မှုများ၊ (လိုင်းကြေး) လျှော့ချရေးကိုလည်း လုပ်ဆောင်ပေးရမည်။

အထူးစီးပွားရေးဇုန်တွင် ကျင့်သုံးမည်ဟု အဆိုပြုထားသော တနေရာထဲတွင် အကုန်ပြီးရေး (One stop service) မှာ ဒေသခံ စီးပွားရေးလုပ်ငန်းများ အတွက်လည်း လိုက်လျော ညီထွေ ကျင့်သုံးစေနိုင်မည်ဖြစ်သည်။ အထူးသဖြင့် ကနဦး မတည်အရင်းအနှီးကို အတိုးနှုန်း သက်သာစွာ ရရှိရန် လိုအပ်သည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ဖြစ်သည်။

အဆုံးစွန် ပြောရလျှင် ဤလုပ်ငန်းများသည် အစိုးရသစ် ဆောင်ရွက်ရမည့် ကိုယ့်တပ် ကိုယ်လုံရေး ဆောင်ရွက်ရမည့် လုပ်ငန်းများပင် ဖြစ်သည်။

AFTA သည် မြန်မာ့စီးပွားရေး လုပ်ငန်းများအတွက် ဒေသတွင်း၌ ပြိုင်ဆိုင်နိုင်စွမ်း ရှိမရှိ စမ်းသပ်မည့် အချက်တခု ဖြစ်သည်။ ဤသည်သာမက စစ်တပ်အုပ်စိုးသူများက ဖန်တီး မွေးထုတ်လိုက်သည့် အစိုးရသစ်ကို စိန်ခေါ်စမ်းသပ်သည့် အချက်လည်း ဖြစ်နေသည်။

Ref;mizzima

0 comments:

အပေါ်သို့