Sunday, February 27, 2011

ရခိုင်အမျိုးသား အောင်ပွဲနေ့ သတ်မှတ်နိုင်ရေး နယူးယောက်ရှိ ရခိုင်လူငယ်များ ဆွေးနွေးမည်

2/26/2011

မောင်ရမ္မာ

ရခိုင်အမျိုးသားအောင်ပွဲနေ့ သတ်မှတ်နိုင်ရန်အတွက် အမေရိကန်နိုင်ငံ နယူးယောက်တွင် ရောက်ရှိ နေကြသည့် ရခိုင်လူငယ်များ တွေ့ဆုံဆွေးနွေးပွဲတခုကို မတ်လ ၅ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ဆရာကြီး ဒေါက်တာအေးကျော်နေထိုင်သည့် သုခ၀တီနေအိမ်တွင် ပြုလုပ် သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးရန် အကြောင်းအရာများကို ဆရာကြီးဒေါက်တာ အေးကျော်က ယခုကဲ့သို့ ပြောသည်။

“လာမဲ့ စနေနေ့မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ တင်ပြဆွေးနွေးကြမှာကတော့ ခေတ်မီ ရခိုင်စာပေ ပုံသဏ္ဍာန်အနေအထားနဲ့ ဘယ်လိုရေးမလဲဆိုတာကို တင်ပြဆွေးနွေးမှာ ဖြစ်သလို ရခိုင်အမျိုးသား အောင်ပွဲနေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။”

ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသား အောင်ပွဲနေ့အဖြစ် သတ်မှတ်နိုင်ရန် လိုအပ်သော အခြေခံ မူဝါဒများကို ဆရာကြီးက ယခုကဲ့သို့ ပြောသည်။

“ အမျိုးသားအောင်ပွဲနေ့ သတ်မှတ်ဖို့အတွက် အခြေခံမူဝါဒတွေက ဘာလဲဆိုလို့ရှိရင် အမျိုး သားအောင်ပွဲနေ့သည် နိုင်ငံရဲ့ အတက်ကို ပြတဲ့နေ့တနေ့ဖြစ်ရမယ်။ သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံ ရှိရမယ်။ ရခိုင်အမျိုးသားတခုလုံးနဲ့ အကျုံးဝင် ပတ်သတ်နေရမယ်။ နောက်ပြီး တရားမျှတမှုရှိရမယ်။ အဲဒီ အခြေခံသဘောတရားတွေနဲ့ ညီညွတ်ရင် အကောင်းဆုံးဖြစ်တယ်လို့ ယူဆတယ်။”

ဆွေးနွေးပွဲတွင် မာရယုမင်း ရခိုင်ပြည်ကို စတည်ထောင်သောနေ့(ပထမ ဓည၀တီ)၊ မဟာမြတ်မုနိ ဘုရားကို သွမ်းလုပ်ရေစက်ချသောနေ့၊ မြောက်ဦးကို တည်ထောင် သောနေ့၊ မင်းဘာကြီးက အနောက် ဘင်္ဂါ ၁၂ မြို့ကို သိမ်းသောနေ့၊ အင်းဝမင်းခေါင်နှင့် မင်းခရီတို့ ဖိုးခေါင်တောင်ရိုးတွင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသောနေ့များကို တင်ပြ သွားမည်ဟု ဆရာကြီးက ပြောသည်။

ဆိုပါနေ့များအထဲမှ ဓည၀တီတည်ထောင်သည့်နေ့နှင့် ဘုရင်မင်းစောမွန် မြောက်ဦးမြို့ကို တည် ထောင်ခဲ့သည့်နေ့တို့ကို သူ့အနေနှင့် ကြိုက်နှစ်သက်ကြောင်း ယခုကဲ့သို့ ရှင်းပြ သည်။

“ ဓည၀တီခေတ် တည်ထောင်တဲ့နေ့ကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရှာဖွေတွေ့ရှိနိုင်ရင် ဆရာ ကြီးက သဘောတူတယ်။ သို့သော် ဓည၀တီခေတ်ကို တည်ထောင်တဲ့နေ့ အတိအကျ မရနိုင်ရင် မြောက်ဦးကို မင်းစောမွန်တည်ထောင်တဲ့ နေ့ကို လုပ်ဖို့အတွက် အကြံပေးပါတယ်။ ဘာကြောင့် လည်းဆိုတော့ မြောက်ဦးမြို့ဟာ ကမ္ဘာမှာ ကြီးကျယ်တဲ့ မြို့ ၅ မြို့ထဲမှာ အဲဒီခေတ် အခါကပါတယ်။ ပထမမြို့က လန်ဒန်၊ ဒုတိယမြို့က အင်မ်စတင်တန်၊ တတိ ယမြို့က ပီကင်း၊ စတုတ္ထမြို့က အိန္ဒိယ နိုင်ငံက ဂိုဟာ၊ ရခိုင်နိုင်ငံတော်က မြောက်ဦးမြို့၊ အယင်က ချမ်းသာကြွယ်ဝတဲ့ မြို့တမြို့ ဖြစ်တဲ့ အတွက် မြောက်ဦးခေတ်ကို စတင်ထောင်တဲ့နေ့ကို သတ်မှတ်သင့်တယ်လို့ အကြံပြု မှာ ဖြစ်ပါ တယ်။”

၎င်းဆွေးနွေးပွဲမှ ရရှိလာသော ဆွေးနွေးချက်ရလဒ်များကို ရခိုင်ပြည်တွင်းရှိ သက်ဆိုင်ရာ ပါတီအဖွဲ့ အစည်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံတကာရောက် ရခိုင်အတတ်ပညာရှင်များနှင့် ရခိုင်ပြည်သူများထံသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

Ref;Narinjara

0 comments:

အပေါ်သို့