Tuesday, March 1, 2011

လွှတ်တော်တက် အမတ်

ကိုဝိုင်း |
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ။ ။

ချင်းမိုင် (မဇ္ဈိမ) ။ ။ တနေ့ ၁ဝ မိနစ်မှ မိနစ် ၂ဝ သာ ကျင်းပသည့် နေပြည်တော် လွှတ်တော် အစည်း အဝေး များသို့ တက်ရောက် နေသည့် အမတ်များကို စားစရိတ်နှင့် နေစရိတ်တို့ အတွက် အစိုးရမှ ကြိုတင်ငွေ တနေ့တသောင်း ထုတ်ပေးသည်။

အမတ်တဦးအတွက် စားစရိတ် ကျပ် ၅,ဝဝဝ၊ တည်းခိုစရိတ် ၂,ဝဝဝ၊ ယာဉ်စီးခ အပါအဝင် အထွေထွေ အသုံးစရိတ် ၃,ဝဝဝ ကျပ် ဖြစ်သည်။

ယင်းတို့၏ နေ့စဉ် နေထိုင်မှုပုံစံနှင့် အခြေအနေများကို သိရှိနိုင်ရန် ပြည်သူ့ လွှတ်တော် အမတ်နှင့် အမျိုးသား လွှတ်တော် အမတ် တဦးစီကို မဇ္ဈိမ သတင်းထောက် ကိုဝိုင်းမှ မေးမြန်း တင်ပြထားသည်။
....................................................................
လွှတ်တော် အဆောက်အဦးတွေက သီးသန့်စီလား။

ပြည်သူ့လွှတ်တော် အဆောက်အဦးနဲ့ ပြည်ထောင်စု လွှတ်တော်က တွဲလျက် အဆောင် ဖြစ်တယ်။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တက်ပြီးတာနဲ့ နေ့လည် ထမင်းစားဖို့ ဆိုရင် ပြည်ထောင်စု လွှတ်တော်ထဲကနေ လမ်းလျှောက်ပြီး ဖြတ်ထွက် သွားတာနဲ့ ပြည်သူ့ လွှတ်တော် ထမင်းစားဆောင်ကို ရောက်တယ်။

အမျိုးသားလွှတ်တော်က သူ့စားသောက်ခန်းနဲ့ သူ့ဟာနဲ့သူ သပ်သပ်ရှိတယ်။ အဲဒီ အဆောင် သပ်သပ်ရဲ့ ဘယ်၊ ညာ မှာ ဒုသမ္မတ နှစ်ယောက်ရဲ့ အိမ်တော်တွေ။ ကျောဘက်ထဲမှာ ရေးရာ အစည်းဝေးဆောင် အလုံး ၂ဝ ရှိတယ်။ လွှတ်တော် ဝန်းကျင်မှာ အဆောက်အဦး ၃၁ လုံးရှိတယ်။ သမ္မတ အိမ်တော်ရောပေါ့ဗျာ။

လွှတ်တော်တခုလုံးကို ဝင်းခတ်ထားတယ်။ ဝင်ပေါက်က နှစ်ခုပဲ။ ဝင်းခတ်ထားတာ ရေကျုံး၊ ကုန်းကျုံးတောင် ရှိသေးတယ်။ ပြီးတော့ ကွင်းပြင် ကျယ်တွေလည်း အများကြီး ရှိတယ်။ ညဘက်ဆို လင်းနေတာပဲ။ ဝင်းကတော့ နှစ်ထပ် သုံးထပ်ရှိတယ်။ ပထမဆုံး ရက်မှာ ကတည်းက ကိုယ်မဆိုင်တဲ့ နေရာ မသွားပါနဲ့လို့ နာယက,က ပြောထားတာ ရှိတော့ ကျန်တဲ့ နေရာတွေတော့ မရောက်ဘူးဗျ။

ကျနော်တို့ သွားရင်လည်း စာသောက်ခန်း၊ လဘက်ရည်ဆိုင်၊ အိမ်သာပေါ့။ လဘက်ရည်ဆိုင် ကလည်း ထမင်း စားသောက်ခန်း တွေရဲ့ ကြားထဲမှာပဲ ချထား ပေးတယ်။ သူ့အခန်း,အခန်းတွေ ထဲမှာပဲပေါ့။ ပြည်ထောင်စု လွှတ်တော်မှာ လဘက်ရည် သောက်တဲ့ နေရာ ၂ ခန်းရှိတယ်။ အမျိုးသား လွှတ်တော်မှာ ကျတော့ တခန်းပဲ။

အဆောင်ကနေ လွှတ်တော်ကို အသွား၊ အပြန် လုပ်ရတဲ့ အဆင့်ဆင့်ပုံစံလေး သိချင်ပါတယ်။

ကျနော်တို့က စည်ပင်ဧည့်ရိပ်သာမှာနေတာကိုး။ လွှတ်တော်ကို ရောက်ဖို့ လေအေးပေးစက် တပ် ကားတွေကို မိနစ် ၂ဝ လောက် စီးရတယ်။ ဝင်ပေါက်မှာဆို ချောင်းလေးတခု ရှိတယ်။ သံတခါးက အပြင်မှာတခု အထဲမှာတခု။ အပြင်က ဘတ်စ်ကို အပြင်မှာ ရပ်ပေါ့ဗျာ။ ပြီးရင် တဖါလုံလောက် လမ်းလျှောက်။ ပြီးရင် အတွင်းပေါက်ကြီး။ အဲဒီမှာလည်း တထပ်။ အဲဒီကနေ မိနီဘတ်စ် အသေးလေးတွေနဲ့ သက်ဆိုင်ရာ လွှတ်တော်နေရာ ရောက်သွား တာပေါ့။

အစည်းအဝေးပြီးရင် ထမင်းစား။ ထမင်းစားပြီးရင် ပြည်ထောင်စု လွှတ်တော်ကို ပြန်လာခဲ့ရတယ်။ အဲဒီကျမှ ကားပြန်စီး ရတယ်။ ပြည်ထောင်စု လွှတ်တော်ရဲ့ လှေခါး အဆင်းမှာ ကားတွေရပ်ထား ပြီးတော့မှ အပြင်ဂိတ်ဝ အထိ အတွင်းက ကားတွေက လိုက်ပို့ ပေးတယ်။ အပြင်ဂိတ်ဝ ရောက်ရင် ကျနော်တို့ တည်းခိုတဲ့ စည်ပင် တည်းခိုဆောင်ကို လိုက်ပို့ပေးတဲ့ ဘတ်စ်ကားကြီး ၄ စီးနဲ့ ကိုယ့်ကား နဲ့ကိုယ် တက်စီးပြီး ပြန်ခဲ့ရတယ်။

လွှတ်တော်ထဲမဝင်ခင် စစ်ဆေးတဲ့ ပုံစံကကော ဘယ်လိုရှိပါသလဲ။

အစိုးရက ဖွဲ့ပေးထားတဲ့ လွှတ်တော် ဝန်ထမ်းတွေ ကနေ ကျနော်တို့ ဝင်လာပြီဆိုရင် မိုင်းရှာ ကိရိယာ တွေနဲ့ ရှာတယ်။ လွှတ်တော် စိစစ်ရေး ကဒ်ပြား ကိုယ့်နံပတ်ကို ကိုယ်ပြောပြရတယ်။ ကဒ်ပြား မပါတဲ့ သူကို ဝင်ခွင့် မပေးဘူး။

ဆရာတို့ တည်းခိုနေတဲ့ တည်းခိုရိပ်သာ အခြေအနေနဲ့ အဆောင်ပုံစံ အနေအထားက ဘယ်လိုရှိလဲ ခင်ဗျာ့။

လောလောဆယ်တော့ ကင်းခြေများတကောင် ရထားတယ်။ တထွာကျော်တယ်။ နီညိုညို တုတ်တုတ်ကြီး။ အထူက လက်မထက်တောင် နည်းနည်း ကြီးချင်သေးတယ်။ အကုန်လုံး လန့်နေတယ်။ အဆောင်ရှေ့က ကားသမားတွေ ဝိုင်းရိုက်ပြီးတော့ အခု နေလှန်းထားတယ်။

ကိုယ့်ပါတီနဲ့ ကိုယ့်အဆောင် သီးသန့်။ တပါတီမှာ ၂ ယောက်လောက်ပဲ ပါတယ် ဆိုရင်တော့ တခြား ပါတီနဲ့ စုလိုက်တဲ့ သဘောလည်း ရှိပါတယ်။ တသီး ပုဂ္ဂလတို့ ဘာတို့ဆို ရောထား လိုက်တယ်။ အဆောင်တွေက တလုံးစီ၊ နံပတ် ၁ ကနေ ၂၉ အထိ။ တလုံးကို အခန်း ၈ ခန်း။ တထပ်တိုက်ပု လေးတွေ လုပ်ထားတယ်။ ရှေ့မှာ ကော်ရစ်တာ တခု ရှိတယ်။ သစ်သား တံခါး တပ်ထားတယ်။ ပြူတင်းပေါက်တွေ အားလုံးက မှန်တွေ ကာထားပြီး တရုတ်ကပ် မဟုတ်တဲ့ အတွက် ပြူတင်း ပေါက်ကို ဖွင့်မှ လေဝင်ပေါက် ရှိမယ်။ အခန်းထဲမှာ မျက်နှာကျက် ပန်ကာ တလုံးရှိတယ်။ မီးချောင်းက ၂ ချောင်း ရှိတယ်။ အခန်းရဲ့ ဖွဲ့စည်းပုံက ပေ ၂ဝ X ၂၅ ပေ။ ရေချိုးခန်းနဲ့ အိမ်သာနဲ့ တွဲလျက် ဖြစ်တယ်။ ရေချိုးခန်းက ၉ ပေ ပတ်လည်လောက် ရှိမယ်။ ရေချိုးခန်းထဲမှာ မျက်နှာသစ်ဖို့ ရေစင် တခုရှိတယ်။ မှန် တချပ်ရှိတယ်။ ရေထည့်ပြီးတော့ ချိုးဖို့အတွက် ၂ ပေလောက် ရှည်ပြီး အချင်းက တပေခွဲလောက် ရှိတဲ့ ပလတ်စတစ်ပုံး တပုံးရှိတယ်။ ရေပန်းရှိတယ်။ သုံးလို့မရဘူး။ နောက်ပြီး ရေတွေက တခါတလေ နီနေလို့ မျက်နှာ သစ်လို့ မရဘူး။ သောက်ရေနဲ့ မျက်နှာ သစ်ရတယ်။

သောက်ရေက ၂ဝ လီတာ တပုံးကို ၈ဝဝ ပေးရပါတယ်။ ရန်ကုန်မှာ ၄ဝဝ ပေးရတယ်။ ကားနဲ့ လာဖြည့်တဲ့ ရေ ဆိုရင် ၃၅ဝ ပေးရပါတယ်။ ဒါပေမယ့် ကားက ဒီအထဲထိ လာလို့မရဘူး။ အဆောင် ဝင်းထဲမှာ ဖွင့်ထားတဲ့ စည်ပင် အရာရှိတွေ ပိုင်တဲ့ ဆိုင်တွေကပဲ ပြန်ဝယ် ရပါတယ်။

အားလပ်ရက်တွေနဲ့ အစည်းအဝေး ပြီးချိန်တွေမှာကော အပန်းဖြေနားနေဖို့ ဘာတွေ စီစဉ် ထားပေးလဲ။

ရေဒီယိုတောင်မှ ကိုယ့်ဖာသာကိုယ် ရှိနေလို့ မရှိရင် ကျနော်တို့ ဘာသတင်းမှ၊ ကမ္ဘာကြီးနဲ့ ပြတ်နေမယ်။ သူတို့ရဲ့ ရုံးခန်း တွေမှာတော့ တီဗီရှိတယ်။ သွားကြည့်လို့တော့ ရတယ်။ ဒါပေမယ့် ကိုယ့်အခန်းနဲ့ ကိုယ်ပဲ နေကြတဲ့ အတွက် သွားမကြည့်ကြဘူး။

လစာချီးမြှင့်ငွေထဲမှာ ပြည်ထောင်စု အဆင့်တဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့်တဲ့၊ စာအုပ်ထဲမှာပဲ ရှိတယ်။ ငါတို့အဆင့် ပျောက်နေပြီလို့ ကိုယ့်ကိုယ်ပဲ ခံစားလိုက်ရတယ်။

ဆရာတို့အတွက် လုံခြုံရေးကော ဘာတွေဆောင်ရွက်ထားပေးလဲ။
လုံခြုံရေးလို့ ပြောမယ်ဆိုရင်တော့ လုံခြုံရေးက ဘာကို လုံခြုံတာလည်း။ သူတို့က ကျနော်တို့ကို နေ့ည မပြတ်နဲ့ လျှောက်ပြီးတော့ ကြည့်နေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အပေါက်မှာတော့ ရဲတွေ စောင့်နေတယ်။ အဲဒီ ရဲတွေသည် ကျနော်တို့ အဝင် အထွက်မှာ ကျနော်တို့ကိုပဲ စစ်ဆေးရေး လုပ်နေတယ်။ အိပ်ဆောင်တွေကို ညရေးညတာ လုံခြုံရေး လိုက်ပတ် ကြည့်တာ မရှိဘူး။ ဝတ်စုံ ဝတ်ထားတယ်။ လက်နက်တော့ မပါဘူး။ ရဲနက်ပြာ မျိုးတွေပေါ့။ အဆောင်နံပတ် ၁၃ က သူတို့ရဲ့ အဆောင်။ သူတို့ ဆိုင်ကယ်တွေ တော့ ရှေ့မှာ ၄-၅ စီးတော့ တွေ့တယ်။ ဂိတ်မှာတော့ ၃-၄ ယောက် အမြဲတမ်း စောင့်တယ်။ မီဒီယာတွေလည်း လာလို့ မရပါဘူး။ ဧည့်သည် ဆိုရင် စာရင်းပေး ရတယ်။ ရုံးခန်းထဲမှာ ငုတ်တုတ် ထိုင်စောင့်ရတယ်။ အဲဒီမှာ စကားပြောပြီးပြန် အဲဒီလိုမျိုးပေါ့။ ကျနော်တို့ နေတဲ့ အဆောင်တွေကို ဝင်းခတ်ထားပြီး အဝင်အထွက် တပေါက်တည်းပါ။

အမတ်အချင်းချင်းကော စည်းဝေး တိုင်ပင်ခွင့်တို့ လွတ်လွတ် လပ်လပ် ပြောဆို ဆွေးနွေးခွင့် ရပါသလား။


အခမ်းအနား လုပ်မယ်။ စကား စုပြောချင်တယ် ဆိုရင် သူတို့ကို တရက်ကြိုပြောပါ။ သူတို့ ခန်းမ စီစဉ် ပေးမယ် ဆိုတော့ ဘယ်သူမှ သွားပြီး အဲဒီမှာ မလုပ်ဘူး။ ပြောတာက နည်းနည်း။ သူတို့ မှတ်တာက များများ ဖြစ်နေမှာ စိုးလို့။ ကိုယ့်ဟာကို အလျဉ်း သင့်သလိုပဲ လမ်းလျှောက်ရင်း စကားပြောရင် ပြောမယ်။ လဘက်ရည် ဆိုင်မှာ ပြောချင် ပြောမယ်။ အခန်း တခန်းမှာ ၄-၅ ယောက် စုပြောချင် ပြောမယ်။ အဆောင်မှာတော့ ပထမတော့ ပြောတာပေါ့ဗျာ ည ၁ဝ နာရီ ထက် နောက်မကျနဲ့ ပေါ့ဗျာ။ ခုကျတော့လည်း ၁၂ နာရီ၊ ၁ နာရီ ရောက်နေတာပဲ။ ဘာမှတော့ မပြောသေးပါဘူး။

နေ့စဉ်စားသောက်ရတဲ့ ပုံစံကော သိပါရစေခင်ဗျာ့။

ကြိုက်သလိုတော့ စားလို့ရတယ်ပေါ့ဗျာ။ ဒါပေမယ့် သူတို့ လွှတ်တော်မှာ ဘူဖေး ကျွေးတဲ့ဟာကျ၊ တရက် နှစ်ရက်ဆို ကျနော်တို့ မမြိန် တော့ဘူးဗျ။ ဆီးချို သမားတွေလည်း စားလို့ ရအောင် ဆိုတော့ အငန်တွေ အစပ်တွေ စားချင်တော့ မပါဘူးလေ။ အပြင်မှာ ကျတော့ ငါးပိ၊ တို့စရာတွေ စားလို့ ရတာပေါ့ဗျာ။ ကျနော်ကတော့ နှစ်ကြိမ်ပဲ စားပါတယ်။ ၁၂ နာရီ တကြိမ်၊ ညနေ တကြိမ်၊ မနက်ပိုင်း ကျတော့ အသီးလေး တခုခုနဲ့ ပြီးသွားတာပါပဲ။ တနပ်ကို ၂,၀၀၀ ပေးပေါ့။ လက်မှတ်ဝယ် ပေါ့။ အဲဒီ လက်မှတ် ပြလိုက်ရင် အခန်းထဲဝင်။ ကြိုက်တာ စားပေါ့။ ကျနော်တို့ကို စားဖို့ဆိုပြီး တနေ့ ၅,ဝဝဝ ပေးထား တယ်လေ။ ဟင်းက တော်တော်များများ ပါ,ပါတယ်။ ဟင်းအလေး ဆိုရင် ၄ မျိုး လောက်ပါတယ်။ အကြော်၊ အသုပ် ၃ မျိုးဆိုတော့ ၇ မျိုးလောက်ပေါ့။ အချိုပွဲဆို တနေ့နဲ့တနေ့ မတူအောင်တော့ လုပ်ထားပေးတယ်။ အသီးအနှံ ဆိုလည်း ၃ မျိုးလောက် ပါတယ်။ ဝက်သားတော့ နေ့တိုင်း ပါတယ်။ ကြက်သား ကတော့ ဒီမှာ ကြက်ငှက် တုတ်ကွေး ဖြစ်တော့ မတွေ့တာ ကြာပြီ။ ဒီနေ့မနက်ပဲ ကြက်သားဟင်း တွေ့တယ်။ ဒါပေမယ့် ပြည်ထောင်စု နေ့က ကြက်သား ဒန်ပေါက် ကျွေးတယ်။ ဗိုလ်ချုပ်မှူးကြီး ကျွေးသွားတာလေ။

မနက်ပိုင်းကတော့ ကျနော်တို့နေတဲ့ အဆောင်နေရာမှာ ကြိုက်တာ ဝယ်စားပဲ။ စည်ပင် မိသားစုတွေ ဖွင့်ထားတဲ့ ဆိုင်တွေပေါ့။ နန်းကြီးသုပ်၊ ခေါက်ဆွဲ၊ ထမင်းသုပ် ဘာညာ အစုံရတယ်။ ကရင်ဆိုင် ဆိုရင် တာလဘော့၊ ကချင်ဆိုင် ဆိုရင် ခေါင်ရည် သောက်လို့ ရတာပေါ့ဗျာ။ ဗိုလ်ကြီး အဆင့်လောက် ထောင်ထားတာ ဖြစ်မယ်ထင်တယ်။

အဆောင်မှာတော့ စားဖိုဆောင် မရှိဘူး။ ကျနော်တို့ရဲ့ မြောက်ဘက်ခြမ်းက အပြင်လူတွေ တည်းလို့ရတဲ့ အဆောင်တွေပေါ့။ သတင်းထောက်တွေ၊ မိသားစုတွေပေါ့။

အဝတ်တွေလျှော်ဖို့ကော ဘယ်လိုစီစဉ်ပေးလဲ၊ ကွန်ပျူတာကော သုံးလို့ရလား။

ဒိုဘီအပ်လို့ရတယ်။ ပင်မ အဆောင်မှာလေ။ ကျနော်တို့ check out လုပ်တဲ့ အဆောင် သပ်သပ်ဆိုတာ ရှိတယ်။ စည်ပင် ရိပ်သာမှာပဲ။ အဲဒီမှာ ကွန်ပြူတာတွေ ထားထားတယ်။ အင်တာနက် တော့မရှိဘူး။ အဲဒီမှာ ဒိုဘီ အပ်ချင်လည်း အပ်။ စကား ပြောချင်လည်း ပြောပေါ့။ လျှောက်လည်ချင်ရင် ကားစီစဉ် ပေးပါပြောလည်း သူလုပ်ပေးတာပဲ။ မိတ္တူ ကူးချင်လည်း ကူးလို့ရတယ်။ ဒိုဘီက အင်္ကျီတထည် ၂ဝဝ၊ ပုဆိုးလည်း ၂ဝဝ ပဲ။ မနက်ကမှ ရေက နည်းနည်း ပြန်နီသွားတယ်။

ပြည်ခိုင်ဖြိုးအမတ်တွေနဲ့ကော အတူတူနေရတာလား။


ပြည်ခိုင်ဖြိုးတွေက ကျနော်တို့ဆီမှာ မရှိဘူး။ လယ်ဝေးမှာလို့ ပြောတယ်။ ခေါင်တယ် ပြောတယ်။ ကျနော်တို့ နေတာက အဆောင် ၁ ကနေ ၂၉ အထိအားလုံး ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်မပါ ကျန်တဲ့ အမတ်တွေပဲပေါ့။ ပြည်ခိုင်ဖြိုးတွေ ကျတော့ အဆင်မပြေဘူးလို့ ပြောတယ်။ သူတို့ အပြင်မှ မထွက်ရတာ။ စားသောက် ဆိုင်ထဲမှာ ထမင်းကြော်ဆို မုန်းလောက်အောင်ပဲ ဖြစ်နေတယ်လို့ ပြောတယ်။ စစ်တပ် အမတ်တွေကတော့ Mount Pleasant ဟိုတယ် နားလောက်မှာ ရှိတဲ့ တောင်ခြေမှာလို့ ထင်တာပဲ။

အဆောင်တခုနဲ့ တခု ကူးလို့ရလားခင်ဗျာ့

ကျနော်တို့ဆီမှာ ရပါတယ်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့