Wednesday, November 30, 2011

က, ကညစ် ပေမှာခြစ် မဖြစ်ကြရအောင်

လူထုစိန်ဝင်း

Sunday, 27 November 2011

ဒီခေတ်က နည်းပညာလွှမ်းမိုးတဲ့ ခေတ်ဖြစ်တယ်။ နည်းပညာ တိုးတက်မှုရှိမှ တိုင်းပြည်တိုးတက် နိုင်တယ်။ ဈေးရောင်းတာတောင် တိုးတက်တဲ့ ဈေးရောင်းနည်း အတတ်ပညာတွေ သုံးတတ်ဖို့ လိုအပ်လာတယ်။ သမားရိုးကျ 'ဆန်ပေးဆေးယူ' ဈေးရောင်း နည်းတွေနဲ့တင် အလုပ် မဖြစ်တော့ဘူး။

အာရှရဲ့ ထိပ်ဆုံးက

မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ ကိုလိုနီခေတ်ကတောင် အာရှတိုက် တစ်ခုလုံးမှာ ထိပ်ဆုံးက ရှိတဲ့ ပညာရေးစနစ် ဖြစ်တယ်။ စာတတ်မြောက်မှု ရာနှုန်းမှာဆိုရင် အာရှသာမကဘူး ဥရောပနိုင်ငံ တချို့ထက်တောင် မြင့်မား ခဲ့တယ်။ ဥရောပ နိုင်ငံတွေမှာ မြို့တော် ကြီးက မှူးမျိုး မတ်နွယ်တွေနဲ့ လူကုံထံ သားသမီးတွေသာ အိမ်မှာ ဆရာထားပြီး စာသင်ကြားခွင့် ရကြပေမယ့် မြန်မာပြည်က ကျေးလက် တောရွာတွေမှာတော့ တောင်သူလယ်သမား ဆင်းရဲသား သားသမီးတွေအားလုံး ဘုန်းတော်ကြီး ကျောင်းတွေမှာ အခမဲ့ပညာ သင်ကြား နိုင်ခဲ့ကြတယ်။ အဲဒါကြောင့် မြန်မာ အမျိုးသမီး အများစုဟာ သေစာ ရှင်စာလောက်တော့ တတ်ကြတယ်။ လက်မှတ်ထိုးတဲ့ နေရာမှာ ကြက်ခြေခတ်စရာ မလိုဘူး။ မြန်မာပြည်က မယ်ခွေလို အမျိုးသမီး စာဆိုတွေ စာပလွေ ရင်မှာပိုက်ပြီး ကဗျာ လင်္ကာတွေ ရေးဖွဲ့ နေချိန်မှာ ဥရောပ နိုင်ငံ အတော်များများမှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့် ရရေးအတွက် တိုက်ပွဲ ၀င်နေရဆဲ ဖြစ်တယ်။

ကွမ်းယာဆိုင်တောင်မကျန်

၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး မကြာမီမှာ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းမှန်သမျှ ကွမ်းယာဆိုင်တောင် မကျန် ပြည်သူပိုင် သိမ်းလိုက်တယ်။ သာသနာပြု ကျောင်းတွေနဲ့ ပုဂ္ဂလိက ကျောင်းတွေအားလုံး လည်း သိမ်းပစ် လိုက်တယ်။ အဲဒီအချိန်ကစပြီး ပညာရေး အဆင့်အတန်းဟာ တရိပ်ရိပ် ကျဆင်းသွားခဲ့ရတယ်။ ပညာရေး စနစ်တွေက မတည်ငြိမ်ဘဲ ခဏခဏ အပြောင်းအလဲ ဖြစ်နေတဲ့ဒဏ်ကို ကျောင်းသားတွေ မရှုမလှ ခံခဲ့ကြ ရတယ်။ ဆရာ၊ ဆရာမတွေလည်း 'ခုတစ်မျိုး တော်ကြာတစ်မျိုး' ပေါ်လစီ မူဝါဒတွေကြောင့် မလုပ်တတ်၊ မကိုင်တတ်ဖြစ်ပြီး လက်မှိုင်ချ နေကြရတယ်။ ကြားထဲက အချောင် နာမည်ပျက်တာပဲ အဖတ်တင်တယ်။

မရှိမဖြစ်ကျူရှင်

အပြောင်းအလဲများတဲ့ ပညာရေးစနစ်ကြောင့် ကျူရှင်တွေ ပေါ်ပေါက်လာရတယ်။ မရှိမဖြစ် အနေအထားမျိုးထိ ရောက်သွားတယ်။ အစိုးရ ကျောင်းက ဆရာ၊ ဆရာမတွေလည်း ကျူရှင်ရေစီးထဲ မျောပါလာကြတယ်။ ဒီမှာတင် အားလုံးက ဆရာ၊ ဆရာမ တွေကို ၀ိုင်းပြီး လက်ညှိုး ထိုးကြတယ်။ တကယ်တော့ ဘယ်ဆရာ၊ ဆရာမမှ ကျူရှင်မပေးချင်ပါဘူး။ ကျောင်းမှာ ကျောင်းတက် ခေါင်းလောင်း ထိုးချိန်ကစပြီး ကျောင်းဆင်းခေါင်းလောင်း ထိုးချိန်အထိ တစ်တန်းဝင် တစ်တန်းထွက် မနားတမ်း သင်ကြား နေရတာဆိုတော့ ညနေစောင်းတာနဲ့ ခြေကုန် လက်ပန်းကျပြီး မောဟိုက်နေပါပြီ။ အိမ်မှာခြေပစ်လက်ပစ် နားနေချင်တဲ့ သူချည်းပါပဲ။ မတတ်သာလို့သာ နားချိန်ကလေး အဆုံးခံပြီး ကျူရှင် သင်ရတာပါ။ ဘယ်သူက သင်ချင်ပါ့မလဲ။ ငါ့ဝမ်းပူဆာ မနေသာဆိုတဲ့ အခြေအနေမျိုးသာ မဟုတ်ရင် ဘယ်ဆရာ၊ ဆရာမမှ ကျူရှင်မသင်ပါဘူး။ မြန်မာ့ပညာရေး ဒီအခြေအနေထိ ကျဆင်း သွားရတာဟာ ဆရာ၊ ဆရာမတွေ ကျူရှင်ပေးလို့ မဟုတ်ပါဘူး။

တွေ့သမျှလူ ပါရဂူ

ဆရာ၊ ဆရာမတွေက ကျူရှင်ကို မွေးထုတ်လိုက်တာ မဟုတ်ဘူး။ ပညာရေးစနစ်ကြီး ဟန်မကျလို့ ကျူရှင်တွေ ပေါ်ပေါက် လာရတာဖြစ်တယ်။ နောက်ဆုံးဘယ်လောက်ထိ အခြေအနေဆိုးလာသလဲဆိုရင် 'မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူပါရဂူ' ဆိုတဲ့စာ ချိုးတွေတောင် ပေါ်ပေါက် လာခဲ့ရတယ်။ ပြီးခဲ့တဲ့ နှစ်ငါးဆယ်အတွင်း အစိုးရ အဆက်ဆက် လက်ထက်တွေမှာ ပညာရေး ပြုပြင် ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ညီလာခံတွေ အကြိမ်ကြိမ် ကျင်းပခဲ့ကြတယ်။ စာတမ်းတွေလည်း အများကြီးတင်သွင်း ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့ သင့်တော် အပ်စပ်တဲ့၊ မှန်ကန်ကောင်းမွန်တဲ့ ပညာရေး စနစ်တစ်ရပ် ဒီနေ့ထိ မထူထောင် နိုင်သေးပါဘူး။

မကြားဖူးတာတွေ

ဒီနေ့ဒီအချိန်မှာတော့ နှစ်ငါးဆယ်လုံးလုံး ကျင့်သုံးလာခဲ့တဲ့ တစ်ပါတီတစ်ဖွဲ့စည်း အာဏာရှင်စနစ်ကို ထားရစ်ခဲ့ပြီး ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ဘက်ဖြစ်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို စတင်လျှောက်လှမ်းဖို့ ခြေလှမ်းပြင်နေတာ မြင်တွေ့ရတယ်။ နှစ်ပေါင်း ငါးဆယ်လုံးလုံး မကြားဖူးခဲ့တဲ့ ပြည်သူ့ဆန္ဒကို လေးစားရမယ်။ အမြင်ချင်း မတူသူတွေနဲ့တောင် မတူတာတွေ ထားပြီး တူတာတွေ အတူ တွဲလုပ်နိုင်အောင် နည်းလမ်း တွေရှာရမယ်။ စတုတ္ထမဏ္ဍိုင်ကို ကြံ့ခိုင်အောင် ထူထောင်ရမယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး စတဲ့စကားသံတွေ နေ့စဉ်ကြားလာရတယ်။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့အတူ၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို့ ဆွေးနွေးပွဲကြီးတွေလည်း တစ်ခုပြီးတစ်ခု ကျင်းပနေတာ တွေ့ရတယ်။

ကာယကံရှင်တွေမပါဘူး

ပညာရေးနဲ့ပတ်သက်လို့လည်း လွှတ်တော်ထဲမှာ မေးမြန်းဆွေးနွေးနေကြတာ ကြားရတယ်။ မကြာခင် မှာတော့ စီးပွားရေး ဆွေးနွေးပွဲကြီးတွေ လုပ်ခဲ့သလို ပညာရေး ဆိုင်ရာ ဆွေးနွေးပွဲကြီးတွေလည်း လုပ်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။ မြန်မြန်လုပ်လေ ကောင်းလေလို့ပဲ ပြောချင်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ အရင့်အရင် ခေတ်အဆက်ဆက်က လုပ်ခဲ့တဲ့ ညီလာခံတွေလို အခရာ အကျဆုံး အဓိကလူတွေကို ချန်ထားပစ်ခဲ့တာမျိုး မဖြစ်စေချင်ဘူး။ ရှေးကဆွေးနွေးပွဲကြီးတွေ ညီလာခံကြီးတွေ ကျင်းပတဲ့အခါ အ စိုးရဌာနဆိုင်ရာ အရာရှိကြီးတွေနဲ့ တက္ကသိုလ်က ပါမောက္ခကြီးတွေ၊ ဆရာ၊ ဆရာမကြီးတွေနဲ့ တခြား ပညာရှင်ကြီးတွေကို ဖိတ်ကြား တက်ရောက် စေခဲ့တယ်။ တကယ့် ကာယကံရှင်တွေတော့ မပါဘူး။

လယ်မင်းသားတွေ

တောင်သူလယ်သမား ညီလာခံတွေမှာ တဘက်ကြီးတွေခေါင်းမှာ ပေါင်းထားတဲ့မြို့က အရာရှိကြီးတွေနဲ့ ပါတီ ကောင်စီဝင်တွေ၊ လယ်သမား ယောင်ယောင်၊ စပါးပွဲစား၊ ပဲစားယောင်ယောင် 'လယ်မင်းသား' တွေချည်း တက်ရောက်ပြီး ရေးပေး ထားတာတွေကို ဖတ်ကြ၊ ပြောကြတယ်။ လယ်သမားစစ်စစ်တွေ မပါတော့ ပကတိ အခြေအနေမှန်ကို ဘယ်လိုလုပ် သိမှာလဲ။ ဒီလိုနဲ့ပဲ အပ်နဲ့ ထွင်းရမယ့် ကိစ္စတွေကို ပုဆိန်နဲ့ပေါက်ပြီး ရှင်းရတဲ့ အဖြစ်မျိုးတွေ ဖြစ်လာရတာ မဟုတ်လား။

ရင်ဖွင့်သံတွေ

အလုပ်သမားညီလာခံဆိုတာတွေလည်း အလားတူပဲ။ ဘာမှ မထူးဘူး။ အပြာရောင် အလုပ်သမား ၀တ်စုံ ၀တ်ထားတဲ့ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ၊ စက်ရုံမှူးတွေ၊ မန်နေဂျာတွေနဲ့ အလုပ်သမား အရာရှိတွေချည်းပဲ။ အဲဒီတော့ စက်ရုံ၊ အလုပ်ရုံတွေရဲ့ အခြေ အနေမှန်ကို မသိရတော့ဘူး။ တစ်နှစ်လုံးရပ်ထားပြီး လူကြီးလာမှ စွမ်းအားပြည့်လည်ပြတဲ့ စက်ရုံမျိုးတွေကိုပဲ ဟုတ်လှပြီ ထင်နေကြတာ။ ဒါမျိုးတွေ မနေ့တစ်နေ့က အထိတောင် မြင်တွေ့ နေရသေးတယ်။ ဒီနေ့ ဒီအချိန်မှာတော့ ဒါမျိုးတွေဆက်ပြီး ရှိမနေသင့်တော့ဘူး။ လယ်ယာ စိုက်ပျိုးရေး ကိစ္စတွေမှာ အညာက၊ မြစ်ဝကျွန်းပေါ်က၊ မြေလတ်က၊ ကမ်းရိုးတန်းက၊ တောင်ပေါ်က စသဖြင့် ဒေသစုံက တောင်သူ လယ်သမား စစ်စစ်တွေရဲ့ ရင်ဖွင့်သံတွေ ကြားရအောင် လုပ်ဖို့လိုတယ်။ အလုပ်သမား ကိစ္စတွေမှာလည်း အလုပ်သမား စစ်စစ်တွေ မပါမဖြစ် ပါရပါမယ်။

ဆရာတွေကအသိဆုံး

လယ်ယာကိစ္စကို လယ်သမားထက် ဘယ်သူမှ ပိုမသိနိုင်ဘူး။ အလုပ်သမားကိစ္စကို အလုပ်သမားက အသိဆုံးပဲ။ အလားတူပဲ ပညာရေး ကိစ္စမှာလည်း လက်တွေ့သင်ကြား ပေးနေရတဲ့ ဆရာ၊ ဆရာမတွေနဲ့ သင်ကြားခံ ကျောင်းသူ ကျောင်းသားတွေ ထက် ဘယ်သူမှ ပိုမသိနိုင်ဘူး။ အဆင့်မြင့်နဲ့ အထက်တန်း ပညာရေးကိစ္စ ဆွေးနွေးပွဲတွေမှာ လက်တွေ့ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ မပါမဖြစ် ပါစေသင့်သလို အရွယ် ရောက်နေပြီဖြစ်တဲ့ အထက်တန်းနဲ့ အဆင့်မြင့် ပညာ ကျောင်းသားတွေရဲ့ အသံတွေပါ ကြားနိုင်အောင် သူတို့ကိုလည်း ပါဝင်စေသင့်ပါတယ်။

လွတ်လပ်တဲ့ တက္ကသိုလ်ပညာရေး

ရှေးကတက္ကသိုလ်ဆီးနိတ်လို့ခေါ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ရှိတယ်။ အဲဒီမှာ ၀န်ကြီးချုပ်က အဓိပတိ ဖြစ်ပြီး ကျောင်းအုပ်ကြီးက ဒုတိယ အဓိပတိ ဖြစ်တယ်။ ဘာသာရပ်အလိုက် ပါမောက္ခတွေက ဆီးနိတ် လူကြီးများ အဖြစ်ပါဝင်ပြီး မြို့မိမြို့ဖ ကိုယ်စားလှယ် နဲ့ ကျောင်းသားများရဲ့ကိုယ်စားလှယ်အဖြစ် သမဂ္ဂဥက္ကဋ္ဌက ပါဝင်ရတယ်။ တက္ကသိုလ် အုပ်ချုပ်ရေး သင်ကြားရေး ကိစ္စ အရပ်ရပ်ကို ဒီအဖွဲ့က လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တယ်။ အစိုးရက ၀င်ရောက် စွက်ဖက်တာမျိုး မလုပ်ဘူး။

က ကညစ်ပေမှာခြစ်

ပညာရေးမှာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးက မူလတန်း ပညာရေးဖြစ်တယ်။ တက္ကသိုလ်အဆင့် အထက်တန်း အဆင့်တွေနဲ့ အတူရောပြီး ဆွေးနွေးတာမျိုး မလုပ်ဘဲ မူလတန်းအဆင့် ပညာရေး ဆွေးနွေးပွဲ သီးသန့် လုပ်သင့်တယ်။ မူလတန်းဆရာ၊ ဆရာမတွေကိုပဲဦး စားပေး ဖိတ်ကြားပြီး စာတမ်းဖတ်တာ၊ ဆွေးနွေးတာတွေ လုပ်စေသင့်တယ်။ ပညာရေး တက္ကသိုလ် ကောလိပ်တွေက မူလတန်း ပညာသင်ကြားရေး ဆိုင်ရာ ဆရာ၊ ဆရာမတွေကလည်း ခေတ်မီသင်ကြားရေး နည်းစနစ်နဲ့ ပတ်သက်တဲ့ စာတမ်းတွေတင်တာ၊ ဟောပြော တာတွေ လုပ်စေသင့်တယ်။ မူလတန်းအတွက် ပြဋ္ဌာန်း စာအုပ်တွေ ရေးသားပြုစုတဲ့ နေရာမှာလည်း ဒီပုဂ္ဂိုလ်တွေဟာ မပါမဖြစ် ပါသင့်သူတွေဖြစ်တယ်။ မူလတန်း ကလေးတွေရဲ့အကြောင်းကို မူလတန်းဆရာ၊ ဆရာမတွေက အသိဆုံးဖြစ်တယ်။ ကလေးတွေအကြောင်း မသိသူတွေကို အရေး ခိုင်းတဲ့အတွက် ရှေးက 'က ကညစ် ပေမှာခြစ်' ဆိုတဲ့ စာအုပ်မျိုးတွေ ထွက်ရှိလာတာဖြစ်တယ်။

ကညစ်ကို မမြင်ဖူးဘူး

'ကကြီးကစွန်းပင် ရေမှာရွှင်' ဆိုတဲ့ စာကဟုတ်နေပါလျှက်နဲ့ 'က ကညစ်ပေမှာခြစ်' လုပ်ပစ်လိုက်တော့ အားလုံး ဒုက္ခ ရောက်ကုန်ကြရော။ က ညစ်တို့၊ ပေတို့ဆိုတာ ကလေးတွေက ဘယ်လိုလုပ် သိမှာလဲ။ ကလေး မပြောနဲ့ သူတို့ကို သင်နေရတဲ့ ဆရာမတွေ ကိုယ်တိုင်တောင် ကညစ်ကို မမြင်ဖူးသလို ပေရွက်ကိုလည်း မြင်ဖူးတာ မဟုတ်ဘူး။ အဲဒါကြောင့် ကျောင်းသုံးစာအုပ် ပြုစုရာမှာ မူလတန်းဆရာ၊ ဆရာမတွေ မပါမဖြစ် ပါသင့်တယ်လို့ ပြောခဲ့တာ ဖြစ်တယ်။

လျောစီးသလို

အပြောင်းအလဲတစ်ခု ပြုလုပ်တဲ့အခါမှာ လှေကားထစ် တက်သလို တစ်ဆင့်ပြီး တစ်ဆင့် အထက်ကို တက်သွားတဲ့ ပုံစံနဲ့ သွားရပါတယ်။ ဒါမှ ချောချောမောမောနဲ့ လိုရာ ရောက်ပါတယ်။ လျောစီးသလို အပေါ်ကအောက်ကို လျောချတဲ့ပုံစံနဲ့ သွားတာက ၀ရုန်းသုန်းကား နိုင်လှပြီး အခန့်မသင့်ရင် တလိမ့်ခေါက်ကွေး ကျသွား တတ်ပါတယ်။ ဒီမိုကရေစီ ခေတ်မှာ ဒီမိုကရေစီ ပညာရေးစနစ် ဖြစ်ဖို့အတွက် အောက်ခြေကစဖို့ လိုအပ်ပါတယ်။ အလားတူပဲ တခြား နေရာတွေမှာလည်း အောက်ခြေကစ ပြောင်းလဲဖို့ လိုပါတယ်။ အပေါ်ပိုင်းပဲ ပြောင်းပြီး အောက်ပိုင်း အခြေခံက မပြောင်းဘဲနဲ့တော့ ဘယ်နည်းနဲ့မှ ဒီမိုကရေစီ ဖြစ်မလာနိုင်ဘူးလို့ ပြောလိုက် ချင်ပါတယ်။

Ref: EMG News

0 comments:

အပေါ်သို့