Thursday, December 1, 2011

ဝိုင်းမော်မြို့နယ်အတွင်းတိုက်ပွဲ အရပ်သား (၁) ဦးသေ (၆) ဦး ဒဏ်ရာရ

ဇော်ကြီး
နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၁၁ ခုနှစ်

ကချင်ပြည်နယ်၊ ၀ိုင်းမော် မြို့နယ် အတွင်း အစိုးရနှင့် KIA တို့ ယနေ့ နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား (၁) ဦး သေဆုံး ၍ (၆) ဦး ဒဏ်ရာ ရရှိခဲ့သည်။

နံနက် (၁၀) နာရီအချိန်ခန့်က ဧရာဝတီတဖက်ကမ်းရှိ ခေါင်ဖူးကျေးရွာမှ တာလောကြီးကျေးရွာသို့ စက်လှေဖြင့် ကူးလာရန် ပြင်ဆင် နေသည့် အစိုးရတပ်ဖွဲ့အား ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များက တာလောကြီးကျေးရွာ ဘုန်းကြီး ကျောင်း အနီးမှ ချောင်းမြောင်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။


နှစ်ဖက် ပစ်ခတ်နေစဉ် အစိုးရတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ တာလောကြီးကျေးရွာရှိ အောက်ကျောင်းခေါ် ဒက္ခိဏရာမ ဘုန်းကြီးကျောင်းနှင့် ဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ သဖြင့် သေဆုံး ဒဏ်ရာရ သူများ ရှိသည်ဟု သိရကြောင်း ဒေသခံ တဦးက ပြောသည်။

“ကျောင်းခေါင်မိုးပေါ်လည်း ကျတယ်။ ၀ရံတာပေါ်လည်း ကျတယ်။ ဘိုးသူတော်ကို ထိသွား တယ်လေ။ ပြီးတော့ ခေါင်ဖူးဘုရား ဂေါပကလည်း ထိတယ်။ ဈေးကောက်လင်မယားကို ထိပြီးတော့ သူ့မိန်းမ သေသွားတယ်။ (၇)ယောက် ထိတဲ့အထဲမှာ တယောက် သေတယ်။ (၆) ယောက် ဒဏ်ရာရတယ်။ နှစ်ယောက်တော့ ဒဏ်ရာ ပြင်းတယ်လို့ သိရတယ်။”

တိုက်ပွဲကြောင့် တာလောကြီး ကျေးရွာမှ ဘိုးသူတော် ဦးစံမြင့်၊ ခေါင်ဖူးကျေးရွာ ဘုရားဂေါပက အဖွဲ့ဝင် ဦးစံထွန်းနှင့် အခြား အရပ်သားများ ဖြစ်သည့် ဦးမြင့်ဆွေ၊ ဦးတင့်ဆွေ၊ ဒေါ်အူမားဒေ၀ီ၊ မခိုင်ဇင်မြင့်တို့ ဒဏ်ရာရရှိခဲ့ပြီး ဒေါ်သန်းဆင့်မှာ သေဆုံးခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ယနေ့ နံနက်က ခေါင်ဖူးနှင့် တာလောကြီး တ၀ိုက်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းနှင့် “တိုက်ပွဲဖြစ်တာ တော့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းကို အကာအကွယ် ယူပြီးတော့ ပစ်တယ် မပစ်ဖူးဆိုတာတော့ ကျနော်တို့လည်း စုံစမ်းကြည့်ပါဦးမယ်။” ဟု KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

လောလောဆယ်တွင် ကျေးရွာအတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည် စိုးရိမ်သဖြင့် ဒေသခံ ရွာသားများ ကျေးရွာအတွင်းမှ ရှောင်တိမ်းသွားကြသည်ဟု သိရသည်။

ဒေသတွင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အတွက် အစိုးရနှင့် KIO တို့ နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံ၍ ဆွေးနွေး ညှိနှိုင်းနေစဉ် ဒေသတွင်း ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေသည်။

အစိုးရတပ်နှင့် KIA တို့ ငါးလကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်မြို့များနှင့် တရုတ် မြန်မာ နယ်စပ်ဒေသများသို့ ထွက်ပြေးလာသည့် ဒုက္ခသည် သုံးသောင်းခန့် ရှိကြောင်း ဒုက္ခသည် ကူညီပေးသူများက ခန့်မှန်း ပြောဆိုကြသည်။

Ref: အဲန်အမ်ဂျီ

0 comments:

အပေါ်သို့