Tuesday, November 29, 2011

ကချင် နှစ်ပါတီ ထပ်မံကြိုးစားမည်

ဖနိဒါ
နိုဝင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ်

ပါတီတည်ထောင်ခွင့်ပြုချက် မရခဲ့သော ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေး အင်အားစု နှစ်ခုသည် လာမည့်ကြားဖြတ် ရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပါတီတည်ထောင်ခွင့်ရရေး ထပ်မံ ကြိုးစားလိုနေကြသည်။

ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP၊ ရှမ်းပြည်မြောက်ပိုင်း ကချင်များ၏ တိုးတက်ရေးပါတီ NSSKP တို့ကယခင် အမည် များဖြင့် သော်လည်းကောင်း၊ အမည်ပြောင်းလဲ၍ သော်လည်းကောင်း နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ရရန် တဖန်ကြိုးစား မှာဖြစ်သည်။

၂ဝ၁ဝပြည့်နှစ် ပါလီမန်ရွေးကောက်ပွဲများ အကြိုကာလတွင် မှတ်ပုံတင်ရန် လျှောက်ထားခဲ့သော်လည်း ဗဟိုအစိုးရကို လက်နက် ကိုင်ပုန်ကန်နေသော ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ KIO နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့သည်။

အသစ်ပြန်လည်ကြိုးစားမည့် ပါတီတွင် ယခင် KSPP တွင် ပါဝင်ခဲ့သော ဒေါက်တာတူးဂျာ မပါဝင်တော့ပေ။ KIO ခေါင်း ဆောင် ဟောင်း ဒေါက်တာတူးဂျာက အာဏာရအစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်လိုသော်လည်း အဖွဲ့ဝင်အဖြစ် ဝင်ခွင့် မရဘဲ "ပါတီမိတ်ဆွေ" အဖြစ်သာရသည်ဟု သူ၏ မိတ်ဆွေဟောင်းများက ပြောသည်။

“အခြေအနေပေါ် မူတည်ပြီးတော့ ကျနော်တို့ နိုင်ငံရေးပါတီတခု တည်ထောင်ဖို့တော့ စဉ်းစားနေတယ်။ အန်အယ်ဒီ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) လည်း မှတ်ပုံ တင်လိုက်ပြီဆိုတော့ ကျနော်တို့လည်း ကချင်ကိုယ်စားပြုပါတီ မရှိသေး တဲ့အတွက် မှတ်ပုံပြန် တင်ဖို့ ကြိုးစားနေတာပါ။”ဟု မြစ်ကြီးနားမြို့နေ ကချင်ခေါင်းဆောင်တဦးက ပြောသည်။

"အရင်နာမည်ကို နည်းနည်းလေး ပြင်လိုက်တယ်။ ရမယ်လို့ ထင်တယ်။ အန်အယ်ဒီ ပါတီတောင်မှ ဝင်နေပြီဆိုတော့ ကျနော် တို့လည်း ရနိုင်မယ်လေ။ ကျနော်တို့က ရန်သူမှ မဟုတ်တာ၊ သာမန် ပြည်သူလူတွေပဲ၊ ရမယ်လို့ ထင်ပါတယ်။” ဟု မဇ္ဈိမ ကို ပြောသည်။

NSSKP အတွက် ပါတီရုံးချုပ်ကို ရှမ်းပြည်နယ် ကွတ်ခိုင်မြို့တွင် ဖွင့်လစ်မည်ဟု လျာထားကြောင်းလည်း သိရှိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ လစ်လပ်နေသော မဲဆန္ဒနယ်မှာ သုံးနေရာရှိပြီး ဖားကန့်မြို့နယ်တွင် အမျိုးသား ဒီမို ကရေစီ အင်အားစု NDF ပါတီမှ ဒေါ်ဘောက်ဂျာ၊ မိုးကောင်းမြို့နယ် မဲဆန္ဒနယ်တွင် NDF ပါတီဝင် ဦးမာခါးနှင့် ဗန်မော်မြို့နယ် မဲန္ဒနယ်တွင် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ UDPKS ပါတီ အတွင်းရေးမှူး ဦးဖောင်လားဂမ်ဖန်တို့လည်း ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု အတိုက်အခံ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောသည်။

ကချင်ပြည်နယ်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ လေး ခု အနက် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဝင်မှ နှုတ်ထွက်သူ ဦးဆောင်ဖွဲ့စည်းထားသော UDPKS ကိုသာ ခွင့်ပြုခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့