Friday, December 2, 2011

မြန်မာသင်္ဘောသားတချို့ ဆိုမာလီဓားပြလက်မှ လွတ်မြောက်

01 ဒီဇင်ဘာ 2011

ဆိုမာလီယာပင်လယ်ဓားပြတွေက ပြန်ပေးဆွဲထားတဲ့ စင်္ကာပူပိုင် ဓာတုပစ္စည်းတင်သင်္ဘောကို ပြန်လွှတ် ပေးလိုက်ပြီဖြစ်ပေမဲ့ တောင် ကိုရီးယားသင်္ဘောသား ၄ ယောက်ကိုတော့ ဓားစာခံအဖြစ် ဆက်ပြီး ဖမ်းထား ပါတယ်။

အဲဒီသင်္ဘောပေါ်မှာ သင်္ဘောသား ၂၅ ယောက်ပါပြီး တောင်ကိုရီးယားသင်္ဘောသားတွေအပြင် မြန်မာနိုင်ငံသား ၃ ယောက်၊ အင်ဒို နီးရှားနိုင်ငံသား ၁၃ ယောက်နဲ့ တရုတ်နိုင်ငံသား ၅ ယောက်လည်းပါပါတယ်။

သင်္ဘောသား ၂၅ ယောက်စလုံးကို ပြန်လွှတ်ပေးမယ်လို့ ပင်လယ်ဓားပြတွေက ကတိပေးထားခဲ့ပေမဲ့ နောက်ဆုံးအချိန် ရောက်ခါမှ သင်္ဘောသား ၄ ယောက်ကို ကမ်းပေါ်ခေါ်သွားခဲ့တယ်လို့ သင်္ဘောကိုပိုင်တဲ့ စင်္ကာပူအခြေစိုက် Glory သင်္ဘော စီမံခန့်ခွဲရေး ကုမ္ပဏီကပြောပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့ သင်္ဘောသားတွေရဲ့ကျန်းမာရေးကောင်းမွန်ပြီး ကျန်တဲ့ဓားစာခံ ၄ ယောက် ပြန်လွတ်လာဖို့ ဆက်လုပ်နေ တယ် လို့ ကုမ္ပဏီကပြောပါတယ်။

သင်္ဘောဟာ အင်ဒိုနီးရှားနိုင်ငံကနေ ကင်ညာနိုင်ငံဆီ ခုတ်မောင်းနေတဲ့ အာဖရိကအရှေ့ပိုင်း ကမ်းလွန် ပင်လယ်ပြင်မှာ ပင်လယ် ဓားပြတွေက ပြန်ပေးဆွဲသွားခဲ့တာပါ။

ကျန်နေသေးတဲ့ ဓားစာခံတွေ ပြန်လွတ်လာဖို့ လုပ်ဆောင်နေပါတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဌာနကလည်း ပြောပေမဲ့ ပင်လယ်ဓားပြတွေနဲ့ စေ့စပ်ဆွေးနွေးမှာ မဟုတ်ဘူးဆိုတာကိုတော့ ထပ်ပြောခဲ့ပါတယ်။

Ref: ဗွီအိုအေ

0 comments:

အပေါ်သို့