Tuesday, October 16, 2012

အိုင်ယာလန်မြောက်ပိုင်းမှ လျှို့ဝှက်စစ်ပွဲ (အခန်း ၁)

အပိုင်း (၁)

သမိုင်းနောက်ခံ နိဒါန်း

ယူကေနိုင်ငံမှာ အင်္ဂလန် (England)၊ စကော့တလန် (Scotland)၊ အိုင်ယာလန်မြောက်ပိုင်း (Northern Ireland) နဲ့ ဝေလနယ်လို့ လူသိများတဲ့ (Wales) ဆိုပြီး နယ်မြေဒေသ လေးခုရှိပါတယ်။ ဒီဒေသ လေးခုအနက် အိုင်ယာလန် မြောက် ပိုင်းမှာ (၁၉၆၉) ခုနှစ်ကနေ (၁၉၉၇) ခုနှစ်အထိ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီလက်နက်ကိုင်ပဋိပက္ခ တွေဟာ ရာစုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဟောင်းများ (Centuries-old Conflicts) တွေကနေ မြစ်ဖျား ခံလာခဲ့တာ ဖြစ်ပါတယ်။

(၁၇)ရာစုမှာ အင်္ဂလိပ်လူမျိုးတွေက အိုင်ယာလန်ကို ကိုလိုနီလက်အောက်ခံ နယ်မြေအဖြစ် သွတ်သွင်း ခဲ့ပါတယ်။ မြောက်ပိုင်း ဒေသမှာ ရှိတဲ့ နယ်မြေအများအပြားမှာ ပရိုတက်စတင့်ဘာသာကို ကိုးကွယ်တဲ့ စကော့တစ်ခ်ျလူမျိုးတွေနဲ့ အင်္ဂလိပ်လူမျိုးတွေက အခြေချနေထိုင်လာကြပါတယ်။ ဒီလိုနဲ့ ဆယ့်ရှစ်ရာစု ကာလရောက်တော့ အိုင်ယာလန်မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေ အကြား မှာ စီးပွားရေးအရ ကွဲပြား ခြားနားမှုတွေ ရှိလာပါတယ်။ မြောက်ပိုင်းမှာ စက်ရုံ၊ အလုပ်ရုံတွေ ပေါ်ပေါက်လာပြီး လူနေမှု အဆင့်အတန်းတွေလဲ မြင့်မားလာပေမယ့် တောင်ပိုင်းမှာကျတော့ မြေယာပိုင်ဆိုင်မှု အခွင့်အရေးတွေကို ပရိုတက်စတင့်ဘာသာ ၀င် တွေ ချုပ်ကိုင်ထားတာကြောင့် ကက်သလစ်ဘာသာဝင်တွေရဲ့ လူနေမှုဘ၀ အဆင့်အတန်းတွေ တစထက်တစ နိမ့်ပါးလာ ခဲ့ ပါတယ်။

လူနေမှုအဆင့်အတန်းတွေ ကွဲပြားမှု ရှိပေမယ့် နိုင်ငံရေးအရ ကွဲပြားခြားနားမှုကတော့ နှစ်ဆယ်ရာစု ကာလမှာ ကိုယ်ပိုင်အုပ် ချုပ်ရေး (Home Rule) နဲ့အတူ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အိုင်ယာလန် မှာ နေထိုင်တဲ့ ကက်သလစ်ဘာသာဝင်တွေက လုံးဝလွတ်လပ်ရေး ရရှိနိုင်ရေးကို ဆန္ဒရှိ ခဲ့ကြပေမယ့် လူနည်းစု ပရိုတက်စတင့် ဘာသာဝင်တွေကတော့ လူများစု ကက်သလစ် ဘာသာဝင်တွေ အုပ်ချုပ်တဲ့ နိုင်ငံမှာ နေရမှာကို စိုးရိမ်ကြောက်ရွံ့ခဲ့ကြပါတယ်။ ဒီလို နိုင်ငံရေးအရ ကွဲပြားခြားနားမှုတွေကို ဖြေရှင်း ပေးတဲ့အနေနဲ့ ဗြိတိန်အစိုးရက (၁၉၂၀) ခုနှစ်မှာ Government of Ireland Act ကို ပြဌာန်းခဲ့ပါတယ်။

ဒီအက်ဥပဒေအရ အိုင်ယာလန်ကို နှစ်ပိုင်းခွဲခြား ထားတာကြောင့် တောင်ပိုင်းဒေသက ကက်သလစ် တွေက ကန့်ကွက်ခဲ့ကြ ပေမယ့် မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ ပရိုတက်စတင့်တွေက ကြိုဆိုလက်ခံ ခဲ့ကြပါတယ်။ (၁၉၂၁) ခုနှစ်မှာတော့ တောင်ပိုင်းက (၂၃) နယ်နဲ့ မြောက်ပိုင်းက (၃) နယ်ကို Irish Free State အဖြစ် သတ်မှတ်ပြီး၊ မြောက်ပိုင်းက(၆)နယ်ကိုတော့ ဗြိတိသျှလက်အောက်ခံ အိုင်ယာလန်မြောက်ပိုင်း (Northern Ireland) အဖြစ် သတ်မှတ်တဲ့ သဘောတူညီချက်စာချုပ်ကို ဗြိတိသျှနိုင်ငံရေးသမားများနဲ့ အိုင်းရစ်နိုင်ငံရေးသမားတွေ အကြား သဘောတူချုပ်ဆိုနိုင်ခဲ့ကြပါတယ်။(၁၉၄၉) ခုနှစ်ရောက်တော့ Irish Free State က The Republic of Ireland အနေနဲ့ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ် လာခဲ့ပါတယ်။

အိုင်ယာလန်မြောက်ပိုင်းမှာတော့ ပရိုတက်စတင့်ဘာသာဝင်တွေက လူဦးရေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်း ကျော်ရှိပြီး၊ လူများစုဖြစ် တဲ့အတွက် အုပ်ချုပ်ရေးယန္တရားကို ချုပ်ကိုင်ဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။ ယူကေနိုင်ငံတွင်းက နယ်မြေဒေသတခုအနေနဲ့ ဗြိတိ သျှစစ်တပ်ရဲ့ ပံ့ပိုးကူညီမှုကို ရရှိနိုင်ပေမယ့် ကိုယ်ပိုင်စစ်ဝန်ထမ်းတပ်တွေကိုပါ လျှို့ဝှက်ဖွဲ့စည်းလာကြပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ မှာလဲ ကက်သလစ်ဘာသာဝင်တွေကို ခွဲခြားမှုတွေ ပြုလုပ်လာကြပါတယ်။ လန်ဒန်မှာအခြေစိုက်တဲ့ ဗြိတိ သျှပါလီမန်နဲ့ အစိုးရအဆက်ဆက်ကတော့ အိုင်ယာလန်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အကြောင်း အရာတွေဟာ အာဏာခွဲဝေ ပေးထားတဲ့ နယ်မြေဒေသတခုရဲ့ အတွင်းရေးလို့ သဘောထားပြီး ၀င်ရောက်စွက်ဖက်မှုတွေ မပြုလုပ်ခဲ့ကြပါဘူး။

ဒီလိုနဲ့ (၁၉၆၇) ခုနှစ်ရောက်တော့ ကက်သလစ်ဘာသာဝင် ပညာတတ်လူလတ်တန်းစားတွေရဲ့ အင်အားကြီးထွားလာပြီး ခွဲခြား ဆက်ဆံမှုတွေကို ဆန့်ကျင်တဲ့ အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေ စတင်လာခဲ့ပါတယ်။ ဒီလို ငြိမ်းချမ်းစွာ ပြုလုပ်တဲ့ ဆန္ဒပြပွဲ တွေကို ပရိုတက်စတင့်ဘာသာဝင် အာဏာပိုင် တွေက လက်နက်ကိုင်အင်အားသုံးပြီး တုန့်ပြန်ဖြေရှင်းခဲ့ကြပါတယ်။ (၁၉၆၉) ခုနှစ်မှာ Belfast နဲ့ Londonderry မြို့တွေမှာရှိတဲ့ ကက်သလစ်ဘာသာဝင်များ နေထိုင်ရာဒေသတွေမှာ အာဏာပိုင်တွေရဲ့ လက်နက်ကိုင်အင်အားသုံးတိုက်ခိုက်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေကို တီဗွီသတင်းမှာ ဖော်ပြလာကြတာကြောင့် အာဏာပိုင်တွေရဲ့အင်အားသုံးမှုတွေကို လူအများ သိမြင်လာကြပြီး၊ အဓိကရုဏ်းတွေ ဖြစ်ပွားလာပါတယ်။ ဒါကြောင့် (၁၉၆၉) ခုနှစ်မှာ ဗြိတိသျှစစ်တပ်က အိုင်ယာလန်မြောက်ပိုင်းအရေးကို ၀င် ရောက်ဖြေရှင်းလာရပါတယ်။ ပါလီမန်ကို ဖျက်သိမ်းပြီး၊ ပါဝါရှယ်ယာ အစိုးရသစ်ထွက်ပေါ်လာဖို့ ကြိုးပမ်းခဲ့ကြပေမယ့် အိုင်းရစ် အမျိုးသားရေးဝါဒ (Irish Nationalism) ကို လက်ခံယုံကြည်ကြသူများနဲ့ Protestant loyalists တွေအကြားမှာ ပဋိပက္ခတွေ ပြင်းထန်လာခဲ့ပါတယ်။

ပထမအုပ်စုကို အိုင်အာအေအဖွဲ့လို့ လူသိများတဲ့ Provisional Irish Republic Army က ကိုယ်စားပြုပြီး၊ ဒုတိယ အုပ်စုကိုတော့ Ulster Defence Force (UDF) က ကိုယ်စားပြုပါတယ်။ နောက်ထပ် နှစ်ပေါင်း (၂၈) နှစ်ကြာတဲ့အထိ ဒီအုပ်စုတွေအကြားမှာ အချင်းချင်းတိုက်ခိုက်မှုတွေ တင်မကပဲ ဗြိတိသျှစစ်တပ်နဲ့ အိုင်ယာလန်မြောက်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေကိုပါ တိုက်ခိုက်ခဲ့ကြပါတယ်။ အိုင်အာအေအဖွဲ့ဝင်တွေဟာ အိုင်ယာလန်မြောက်ပိုင်း မဟုတ်တဲ့ အခြားဒေသတွေမှာပါ ဗုံးခွဲတိုက်ခိုက် မှုတွေ ပြုလုပ်လာကြပါတယ်။

(၁၉၉၅-၉၆) ကာလတွေမှာတော့ ကွန်ဆားဗေးတစ်အစိုးရက အိုင်ယာလန်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာတွေကို စေ့စပ်ဆွေးနွေးခြင်းနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ အားစိုက်ကြိုးပမ်းလာခဲ့ပါတယ်။ ဒီလို ကြိုးပမ်းမှုတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့ ကွန်ဖရင့်ကို တက်ရောက်ဖို့အတွက် အိုင်အာအေ အနေနဲ့ ကနဦး လက်နက်ချရမယ်လို့ တောင်းဆိုချက် ပါဝင်တဲ့အ တွက် political deadlock ဖြစ်နေခဲ့ပါတယ်။ လေဘာအစိုးရ တက်လာပြီး နောက်ပိုင်းမှာတော့ ရှေ့ပိုင်းမှာ ဖြစ်နေတဲ့ political deadlocks တွေကို ဖြေရှင်းဖို့အတွက် ပဋိပက္ခမှာ ပါဝင်နေတဲ့ ဘက်နှစ်ဘက် သာမက နောက်ကွယ်ကနေ ကူညီအားပေးနေသူများကိုပါ ထည့်သွင်းဆွေးနွေးဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။ ဒါကြောင့် အိုင်အာအေရဲ့ အိုင်းရစ်အမျိုးသား ရေး ၀ါဒကို နိုင်ငံရေးအရ ထောက်ခံအားပေးခဲ့တဲ့ အိုင်ယာလန်အစိုးရနဲ့ပါ ညှိနှိုင်းမှုတွေ ပြုလုပ်လာကြပါတယ်။ အမေရိကန်ပြည် ထောင်စုမှာ အခြေချ နေထိုင်တဲ့ အိုင်းရစ်-အမေရိကန်တွေဟာ အိုင်အာအေရဲ့ အဓိက ဘဏ္ဍာရေးထောက်ပံ့နေသူများ ဖြစ်တဲ့ အတွက် အမေရိကန်အစိုးရနဲ့ ညှိနှိုင်းပြီး လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကိုပါ ဆောင်ရွက် ခဲ့ကြပါတယ်။ ဒီလို အားစိုက်ကြိုး ပမ်းမှုတွေကြောင့် (၁၉၉၈) ခုနှစ်၊ အေပြီလမှာ Good Friday Agreement ပေါ်ထွက်လာပြီး ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အဆင့်ဆင့်ကို ဖော်ဆောင်နိုင် ခဲ့ကြပါတယ်။

ပင်လယ်တွေမှာ အနားသတ်ကမ်းစပ်ရှိသလိုပဲ ပဋိပက္ခတွေတိုင်းမှာလဲ အဆုံးသတ်အဖြေဆိုတာ ရှိစမြဲပါ။ အဆုံးသတ်မှုဟာ အနိုင် (သို့မဟုတ်) အရှုံး (သို့မဟုတ်) စေ့စပ်ဆွေးနွေးမှုမှ ပေါ်ထွက် လာသော ရလဒ်တခုခုတော့ ဖြစ်လာမှာ သေချာပါတယ်။ အိုင်ယာလန်မြောက်ပိုင်း ပဋိပက္ခတွေမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အဆုံးသတ်အဖြေတခု မထွက်ပေါ် လာချိန်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာတော့ ပြင်းထန်မှုတွေ၊ တင်းမာမှုတွေ ရှိခဲ့ပါတယ်။

အိုင်ယာလန်မြောက်ပိုင်းက ပဋိပက္ခတွေကို ဖြေရှင်းဖို့ ဗြိတိသျှစစ်တပ်က တာဝန်ယူရချိန်မှာ ဗြိတိသျှတို့ ဆီမှာ ဖြစ်ပွားနေတဲ့ ဘာသာရေးကွဲပြားမှုပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် သတင်းအချက် အလက်တွေ၊ မဟာဗျူဟာအခင်းအကျင်းတွေ အဆင် သင့် မရှိနေခဲ့ပါဘူး။ အိုင်ယာလန်မြောက်ပိုင်းမှာ ဥပဒေစိုးမိုးရေးအတွက် တာဝန်ယူထားတဲ့ Royal Ulster Constabulary (RUC) ရဲတပ်ဖွဲ့ဟာ ကက်သလစ်ဘာသာဝင်တွေအပေါ် ပရိုတက်စတင့်ဘာသာဝင်တွေက တိုက်ခိုက်မှုတွေကို လျစ်လျူရှု ထားခဲ့ကြပါတယ်။ ကက်သလစ်ဘာသာဝင်တွေကလဲ ပရိုတက်စတင့်ဘာသာဝင်တွေက ထိန်းချုပ် ထားတဲ့ RUC နဲ့ B-specials ခေါ် အရံရဲတပ်ဖွဲ့ ကို ယုံကြည်မှု မရှိကြပါဘူး။ ပရိုတက်စတင့် အာဏာပိုင်တွေက ကြိုးကိုင်ထားတာဖြစ်တဲ့ အတွက် ရဲအဖွဲ့ကိုယ်တိုင်က နိုင်ငံရေးအကြမ်းဖက်မှုတွေကို အားပေးကူညီမှုတွေ လုပ်နေပြန်ပါတယ်။ ဒါကြောင့် ဗြိတိသျှစစ် တပ်ဟာ RUC နဲ့ B-specials တပ်ဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းမှုတွေ သွားရောက်ပြုလုပ်ပြီး၊ ဥပဒေစိုးမိုးရေးကို အကောင် အထည် ဖော်ခဲ့ရတာကြောင့် de facto police တာဝန်တွေကို ထမ်းဆောင်ရပါတော့တယ်။

ဒီလိုဗြိတိသျှစစ်တပ်က ငြိမ်းချမ်းရေးထိန်းသိမ်းမှုတာဝန်တွေ ထမ်းဆောင်နေချိန်မှာ ပရိုတက်စတင့် ဘာသာဝင်တွေက Ulster Defence Association (UDA) နဲ့ Ulster Volunteer Force (UVF) စတာတွေကို ဖွဲ့စည်းပြီး နိုင်ငံရေး အကြမ်းဖက်မှုတွေ ပြုလုပ်လာကြပါတယ်။ တဘက်မှာကလဲ Republican အဖွဲ့အစည်းဖြစ်တဲ့ အိုင်အာအေကလဲ ပရိုတက် စတင့်ဘာသာဝင်တွေကို သာမက ဗြိတိသျှ စစ်တပ်ကိုပါ ဆန့်ကျင်လာကြပါတယ်။ (၁၉၆၉) ခုနှစ်၊ နိုင်ငံရေးအကြမ်းဖက်မှု တွေမှာ ကက်သလစ် ဘာသာဝင်တွေရဲ့ လူ့အဖွဲ့အစည်းကို လုံလောက်သော စောင့်ရှောက်ကာကွယ်မှုတွေ မပေးနိုင်တဲ့ အတွက် အိုင်အာအေအဖွဲ့တွင်းမှာ officials တွေနဲ့ provisionals တွေဆိုပြီး ကွဲသွားခဲ့ပါတယ်။ ဗြိတိသျှအခွင့်အာဏာကို တိုးမြင့်စေပြီး၊ အိုင်ယာလန်နယ်မြေနှစ်ခု ပြန်လည် ပေါင်းစည်းရေးကို အားလျော့စေတဲ့ ဗြိတိသျှစစ်တပ်များ ရှိနေမှုကို အိုင်အာ အေ နှစ်ဖွဲ့စလုံးက ဆန့်ကျင်ခဲ့ကြပါတယ်။ ဒါပေမယ့် provisional IRA တွေကတော့ လုံခြုံရေးအဖွဲ့ဝင်တွေကို ဆန့်ကျင် တိုက် ခိုက်ဖို့ ကြိုးပမ်းခဲ့ ကြပါတယ်။

နောက်ပိုင်းမှာ ဥပဒေစိုးမိုးရေးကို တာဝန်ယူထားရတဲ့ ဗြိတိသျှစစ်တပ်နဲ့ ကက်သလစ်ဘာသာဝင်တွေ အကြား အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှု ကွဲပြားတာတွေ ဖြစ်လာပါတယ်။ (၁၉၇၀) ခုနှစ်၊ အေပြီလမှာ ပရိုတက်စတင့်အဖွဲ့အစည်းတခုဖြစ်တဲ့ orange order အဖွဲ့က ကက်သလစ် ဘာသာဝင် တွေ နေထိုင်တဲ့ နယ်မြေတွေကိုဖြတ်ပြီး လမ်းလျှောက်ချီတက်ပွဲပြုလုပ်ဖို့ စီမံခဲ့ပါတယ်။ ဒီစီမံချက်ကို ဗြိတိသျှစစ်တပ်က ခွင့်ပြုပေးခဲ့ပါတယ်။ ကက်သလစ်ခေါင်းဆောင်တွေက ဗြိတိသျှစစ်တပ် အနေနဲ့ လုံခြုံရေးတာဝန်ယူပေးဖို့ တောင်းဆိုချက်ကိုလဲ ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုနဲ့ လမ်းလျှောက်ချီတက်ပွဲ လုပ်ရာကနေ အဓိကရုဏ်းတွေ ဖြစ်လာပါတယ်။ ဒီလို အဓိကရုဏ်းတွေကို ဗြိတိသျှစစ်တပ်က အင်အားသုံးပြီး ဖြေရှင်းခဲ့ပါတယ်။ အဓိကရုဏ်းတွေအပြီးမှာ နောက် နောင် အဓိကရုဏ်းတွေ ဖြစ်ပွားလာ ခဲ့ရင် ပစ်ခတ်နှိမ်နင်းမယ်လို့ Lisburn အခြေစိုက် စစ်ဌာနချုပ်က ကြေငြာခဲ့ပါတယ်။

(၁၉၇၂) ခုနှစ်၊ ဇန်န၀ါရီလ (၃၀) ရက်နေ့မှာ Londonderry မှာ စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် လက်နက်မဲ့ပြည်သူ (၁၃) ဦး သေဆုံးခဲ့ပါတယ်။ ဒီသွေးစွန်းသော တနင်္ဂနွေနေ့ အပြီးမှာ အိုင်ယာလန် မြောက်ပိုင်း ဒေသတခုလုံး နိုင်ငံရေးအ ကြမ်းဖက်မှုတွေ ပျံ့နှံ့သွားပါတယ်။ အုပ်ချုပ်ရေး ယန္တရားကိုပါ ထိခိုက်လာတဲ့အတွက် မတ်လမှာ ဗြိတိန်အစိုးရက အိုင်ယာလန် ပါလီမန်ကို ဖျက်သိမ်းပြီး၊ လန်ဒန်ကနေ တိုက်ရိုက်အုပ်ချုပ်မှု ပြုလုပ်လာခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကြမ်းဖက်မှုတွေက မရပ်တန့်သွား ခဲ့ပါဘူး။

Republicans တွေက ကွဲပြားနေတဲ့ အိုင်ယာလန်နယ်မြေနှစ်ခု ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဗြိတိန်အစိုးရကို ဖိအား ပေးရမယ်လို့ ယူဆကြပါတယ်။ ဒီဖိအားတွေဟာ လက်နက်ကိုင်တော်လှန်ရေး ဖြစ်တယ်လို့လဲ ရွေးချယ်သတ်မှတ်ကြပါတယ်။ ဗြိတိန် အစိုးရကလဲ အိုင်ယာလန်မြောက်ပိုင်းမှာ ဥပဒေစိုးမိုးရေး ရှိလာဖို့က အဓိကဖြစ်တယ်လို့ ယူဆပါတယ်။ ဒီယူဆချက်နှစ် ရပ်ဟာ ပဋိပက္ခ ဖြေရှင်းရေးကို ဦးတည်စေနိုင်ခြင်း မရှိပဲ ထိပ်တိုက်ရင်ဆိုင်မှုဆီကိုသာ ဦးတည်သွားစေခဲ့ပါတော့တယ်။ အ ခြေအနေတွေအရ ဗြိတိသျှစစ်တပ်က မူလရည်ရွယ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုကနေ ပုန်ကန်မှုနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး ရည်ရွယ်ချက်ကို ကူးပြောင်းသွားပါတယ်။ ငြိမ်းချမ်းရေးအတွက် ၀င်ရောက်ထိန်းသိမ်းရာက ထိန်းသိမ်းသူကိုယ်တိုင် ပဋိပက္ခထဲ ရောက်သွားတာ ဖြစ်ပါတယ်။

ဒီလို ပဋိပက္ခထဲမှာ ပါဝင်တဲ့ actor တခုဖြစ်လာတာကြောင့် ထောက်လှမ်းရေးရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါတယ်။ ပဋိပက္ခတွေမှာ လူအများက စင်ပေါ်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကိုပဲ လိုက်လံကြည့်ရှုပြီး စိတ်ဝင်တစား အကဲဖြတ် လေ့ရှိကြပါတယ်။ အထင်နဲ့ အမြင်ကို ပေါင်းစပ်လေ့ ရှိကြပါတယ်။ သို့ပေမယ့် အထင်၊ အမြင်ထက် ပိုပြီး အရေးကြီးတာက အသိပဲ ဖြစ်ပါတယ်။ စင်နောက်မှာ ဘာတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို မသိပဲ နိုင်ငံရေး၊ စစ်ရေး မှာ လက်ဦးမှုနဲ့ အခြေအနေဖန်တီးခွင့်ကို ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ ဒီအသိကို ဆောင်ကျဉ်းပေးနိုင် တဲ့ pivotal aspect ကတော့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေနဲ့ ထောက်လှမ်းရေး အော်ပရေးရှင်းတွေပဲ ဖြစ်ပါတယ်။

အိုင်ယာလန်မြောက်ပိုင်း ပဋိပက္ခတွေမှာလဲ ဗြိတိသျှထောက်လှမ်းရေး အဖွဲ့အစည်းတွေက တာဝန်ယူ ဆောင်ရွက်မှုတွေ ရှိ လာပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းကာလတွေမှာ intelligence community အတွက် အခက်ခဲဆုံးနဲ့ စိန်ခေါ်မှု အများဆုံးလို့ လေ့လာသုံးသပ်သူတွေ သတ်မှတ် ပြောဆိုကြတဲ့ အိုင်ယာလန်မြောက်ပိုင်း လျှို့ဝှက်စစ်ပွဲတွေ ပေါ်ထွက် လာပါတော့တယ်။ ဒီလျှို့ဝှက် စစ်ပွဲတွေမှာ အားသာချက်တွေ၊ အားနည်းချက်တွေ၊ ခုတ်ရာတခြား၊ ရှရာတခြား နည်းပရိယာယ် မှားတွေလဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အတိတ်သမိုင်းဆိုတာ နောင်လာနောက်သားတွေ သင်ခန်းစာ ယူဖို့အတွက် letter of instruction ဖြစ်တာကြောင့် အိုင်ယာလန်မြောက်ပိုင်းမှာ ဗြိတိသျှ ထောက်လှမ်းရေး အဖွဲ့အစည်းများ ပြုလုပ်ခဲ့တဲ့ လျှို့ဝှက်စစ်ပွဲအကြောင်းကို ရေးသား တင်ပြအပ်ပါတယ်။


ခင်မမမျိုး (၉၊ ၉၊ ၂၀၁၁)


ရည်ညွှန်းကိုးကား။


Coogan, T. P. (1995) The Troubles: Ireland's Ordeal, 1966-1995, London: Hutchinson


Hamill, D. (1985) Pig in the Middle: The Army in Northern Ireland, 1969-1984, London: Metheun


Lomas, B. (2000) 'The Good Friday Agreement', Talking Politics, 14 (1), pp. 28-31


Tonge, J. (2002) Northern Ireland: Conflict and Change, London: Pearson, 2nd edition



အပိုင်း (၂) - ထောက်လှမ်းရေးအဖွဲ့အစည်းများ ကဏ္ဍကို ဆက်လက်ဖော်ပြပါမည်

Ref: ခင်မမမျိုး

0 comments:

အပေါ်သို့