Tuesday, October 16, 2012

ဝံလက်မှ မြို့နယ်အလိုက် အသိပညာမြှင့်တင်ရေး သင်တန်းများပေးလျှက်ရှိ

16 October 2012

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်အခြေစိုက်ထားသော ဝံလက် ကျေးလက်ဒေသဖွံ့ဖြို့ရေး ဖောင်ဒေးရှင်းက ရခိုင် ပြည်နယ်အတွင်း မြို့နယ်အနှံ့ အသိပညာပေး သင်တန်းများ ပို့ချပေးလျှက်ရှိကြောင်း သတင်းရရှိသည်။

သင်တန်းများ နေရာအနှံ့ပို့ချနေသော ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ခိုင်ကောင်းစံက "ဟုတ်ပါတယ်၊ ကျွန်တော် တို့အဖွဲ့က ဦးဆောင်ပြီးတော့ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် တခြားနေရာတွေမှာ သင်တန်းတွေ ပို့ချပေး နေပါတယ်။ လူ့အခွင့်အရေး၊ ဒီမို ကရေစီ၊ ယခုလက်ရှိ လူ့အခွင့်အရေး နှင့်စီးပွားရေး၊ Advocacy၊ နိုင်ငံသားအခွင့် အရေး သင်တန်းတွေကို(၂)ရက်ကနေ (၅)ရက်အထိ သင်တန်းပေးပါတယ်။ စစ်တွေမှာလည်း မြို့နယ်အသီးသီးက လူငယ် တွေအားလုံး ပါဝင်နိုင်တဲ့ သင်တန်းတွေကို ပေးသွားဖို့ ရှိပါတယ်။ " ဟုပြောသည်။

သင်တန်းပေးရခြင်း၏ ရည်ရွယ်ချက်အား ဆက်လက်၍" ရခိုင်ပြည်နယ်က ရခိုင်ပြည်သူတွေဟာ ဒီလိုအသိပညာပေး သင်တန်း တွေတက်ဖို့ အခွင့်အလမ်းတွေ မရှိကြပါဘူး၊ ပြည်မမှာ သင်တန်းလုပ်လျှင်လည်း မိမိဆွေမျိုးတွေ၊ နီးစပ်ရာ အဖွဲ့အစည်းမှာ လုပ် တဲ့သူတွေကိုပဲ ခေါ်ကြပါတယ်။ သင်တန်းတွေကိုလည်း တစ်နှစ်မှာ(၂)ကြိမ်လောက်ပဲ လုပ်ဖြစ် ကြပါတယ်။ အဲဒါကြောင့် ရခိုင်ပြည် နယ်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ လူ့အခွင့်အရေးတွေကို ရခိုင်လူငယ် လေးတွေ သိလာအောင် သင်တန်းတွေ လုပ်ပေးနေ ရတာ ဖြစ်ပါတယ်။ "ဟု ပြောသည်။

ဝံလက်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းသည် ယင်းသင်တန်းများအပြင် မိဘချို့တဲ့၍ ပညာဆက်လက် မသင်ကြားနိုင်သော ကျောင်းသားများ၊ အဓိကရုဏ်းအတွင်း မီးရှို့ခံရသောကျေးရွာများမှ ကျောင်းသား၊ ကျောင်း သူများအား ကျောင်းများဖွင့်လှစ်၍ သင်ကြားပေးနေကြောင်းသိရှိရသည်။ စစ်တွေမြို့ မင်းဂံရပ်ကွက်၊ ကသဲရပ်ကွက်၊ အနောက်စံပြ ရပ်ကွက်များတွင် ဆယ်တန်းနှင့် နှစ်ကျ ဆယ်တန်း ကျောင်းသားကျောင်းသူများ အတွက် Guide ကျောင်းများ၊ မူလတန်း ကလေးငယ်များအတွက် မူလတန်း ကျောင်း များ၊ ပုဏ္ဏားကျွန်းမြို့နယ် ဂူတောင်ရွာနှင့် နတ်တောင်ရွာတွင် မူလတန်း ကျောင်းနှင့် တွဲဖက်မူလတန်းကျောင်းများ ဖွင့် လှစ်သင်ကြား ပေးနေကြောင်း သိရှိရသည်။ လွန်ခဲ့သော ဇူလိုင်လ ကလည်း ရခိုင်အမျိုးသားများ အလုပ်အကိုင်ရရှိနိုင်ရေးအတွက် မုန့်လုပ် သင်တန်းများ၊ ထီး၊ အိုးဖာနှင့် သော့လုပ် သင်တန်းများကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

Ref: အာရ်ကန်တိုင်းမ်

0 comments:

အပေါ်သို့