Monday, December 3, 2012

အကြမ်းဖက်ရဲဝန်ထမ်းများ တက်ရောက်ခြင်းမရှိသော ရွှေစည်းခုံသြ၀ါဒခံယူပွဲ

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
3 Dec, 2012

လက်ပံတောင်းတောင် သပိတ်ဖြိုခွဲမှုနှင့် ပတ်သက်၍ မုံရွာမြို့ရွှေစည်းခုံ ဘုရားဝင်းအတွင်းရှိ တင်ဝင်းထွန်း ဓမ္မာရုံ၌ စစ်ကိုင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်ပြုလုပ်သည့် မုံရွာမြို့ စာသင်တိုက်ဆရာတော်ကြီး များထံတွင် သြ၀ါဒခံယူပွဲအား တစ်ဖက်သက် ပြုလုပ်သည့် သြ၀ါဒခံယူပွဲဟု ထင်မြင်ကြောင်း ဒေသခံပြည်သူများက ဆိုသည်။

အဆိုပါသြ၀ါဒခံယူပွဲသို့ လက်ပံတောင်းတောင်သပိတ်တွင် အကြမ်းဖက်ခဲ့သော ရဲဝန်ထမ်း(လုံထိန်း)များ ပါဝင်မှု မရှိကြောင်းနှင့် မုံရွာအမှတ်(၁)ရဲစခန်းမှ ရဲဝန်ထမ်းများနှင့် ကလေးမြို့နယ်မှ ရဲဝန်ထမ်းများ(၁၀၀)ကျော် သာ ပါဝင် ကြောင်း သိရသည်။

“ကျွန်တော်တို့က လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်လို့ ဘာမှမသိရပါဘူး။ လက်ပံတောင်းတောင် ကိစ္စမှာလည်း မပါဝင် ပါဘူး။ အထက်က ခိုင်းလို့ ဒီပွဲကိုလာရတာပါ။ ကျွန်တော်တို့က မုံရွာအမှတ်(၁)ရဲစခန်းကပါ။ ကျွန်တော်က ဗုဒ္ဒဘာသာ မြန်မာ လူမျိုးတစ်ယောက်ပါ။ လပြည့်နေ့က ဖြစ်ခဲ့တဲ့ လက်ပန်းတောင်းတောင်ကိစ္စမှာ ထိခိုက်နစ်နာခဲ့တဲ့ ရဟန်းသံဃာတော်တွေနဲ့ ဒေသခံတွေအတွက် လုံးဝစိတ်မကောင်းပါဘူး။”ဟု သံဃာတော် များထံသြ၀ါဒခံယူရန် လာရောက်သောမုံရွာမြို့နယ် အမှတ် (၁)ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ လက်ပံတောင်းတောင်အရေး လုံးဝရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်နေသော ပြည်သူ များ သံဃာတော်များအား ထိခိုက်နစ်နာစေရန်၎င်းအနေဖြင့် ရည်ရွယ်ချက်မရှိကြောင်း သံဃာတော်များ ထိခိုက် ဒဏ်ရာရ သွား ခြင်း အပေါ် စိတ်နှလုံးမသာမယာဖြစ်မိကြောင်းနှင့် ခွင့်လွှတ်ပေးရန် သံဃာတော်(၁၀)ပါးအား ရဲတပ်ဖွဲ့ဝင်တစ်ရာကျော်ခန့်နှင့် ၀န်ချတောင်းပန်၍ ဒဏ်ရာရ သံဃာတော်များအတွက် လိုအပ်သော ပစ္စည်းများပေး လှူခဲ့ကြောင်းသိရသည်။

ထိုသြ၀ါဒခံယူပွဲသို့ မန္တလေးတိုင်းမှ ဆရာတော်သံဃာတော်များနှင့် မုံရွာမြို့မှ ဆရာတော် သံဃာတော် ကြီးများ တတ်ရောက်ရန် ငြင်းဆန်ခဲ့ကြောင်းကိုလည်း သိရသည်။

မဟာဇောတိက ရာမကျောင်းတိုက် ဆရာတော်ဘုရားကြီးက အဆိုပါ သြ၀ါဒခံယူပွဲမှ လာရောက်ပင့်ဆောင်ရာတွင် ဆရာတော်ကြီး အနေဖြင့် သွားရောက်မည်ဆိုပါက သံဃာဂိုဏ်းကွဲသွားမည်စိုး၍ ငြင်းပယ်လိုက်ခြင်း ဖြစ်ကြောင်းကို လည်း သိရှိရသည်။

သပိတ်စခန်းများ အားအာဏာပိုင်များဘက်မှ မီးလောင်ဗုံးများ မျက်ရည်ယိုဗုံးများဖြင့်် ဖြိုခွင်းခဲ့ရာတွင် စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လုံးဝလက်ခံ နိုင်စရာအကြောင်း မရှိကြောင်း လုံးဝကန့်ကွက်ကြောင်း NLDရဲ့ မူဝါဒ သဘောထား ထဲမှာလည်း အကြမ်းဖက်တဲ့ကိစ္စအား လက်မခံဘူးဆိုတာ ကြေငြာထားပြီးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမို ကရေစီ အဖွဲချုပ် ဥက္ကဋ္ဌ မုံရွာဦးအောင်ရှင်က ပြောကြားသည်။

အဆိုပါ သြ၀ါဒခံယူပွဲနှင့်ပတ်သက်၍ မုံရွာမြို့နေဒေသခံတစ်ဦးက သြ၀ါဒခံယူပွဲနှင့်ပတ်သက်၍ ၎င်း၏ထင်မြင် ချက်အား အခုကဲ့သို့ ပြောခဲ့သည်။

“သူတို့ပြောဆို သုံးနှုန်းသွားတာက သူတို့ဘက်က တရားဝင်မှားတယ်လို့ ပေါ်ပေါ်ထင်ထင် ပြောမသွားဘူး။ မုံရွာမြို့ခံ လူတစ် ယောက် အနေနဲ့ မကျေနပ်ဘူး။ ကျွန်တော်သိရသလောက် သံဃာတော်တွေ သူတို့ပစ်လိုက်တဲ့ မီးလောင်ဗုံး ဒဏ်ကြောင့် ဆေးရုံမှာ တော်တော် ခံစားနေရတယ်။ ကျွန်တော်လည်းဗုဒ္ဓဘာသာတစ်ယောက် ဖြစ်လို့်လည်း လုံးဝ မကျေနပ်ပါဘူး”ဟု မုံရွာ မြို့ခံတစ်ဦးက ပြောသည်။

သြ၀ါဒခံယူပွဲပြီးချိန်၌ မုံရွာမြို့ခံများအော်ဟစ်ထွက်ခွာသွားပြီး ၎င်းတို့အနေဖြင့်ယခုကဲ့သို့ တစ်ဘက်သက် ပြုလုပ်သော အဆိုပါ သြ၀ါဒခံယူပွဲအားလုံးဝမကျေနပ်မှု မရှိကြောင်း ပြောဆိုကာ သြ၀ါဒခံယူပွဲပြီးချိန်၌ ထွက်ခွာ သွားကြသည်။

သြ၀ါဒခံယူပွဲအား ဒီဇင်ဘာလ(၁)ရက်နေ့ နေ့လည်(၂)နာရီ ခွဲအချိန်က မုံရွာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့