Monday, December 3, 2012

ကြေးနီစီမံကိန်း ချောမွေ့ရန် တရုတ်သံရုံး မေတ္တာရပ်ခံ

နိုဝင်ဘာလ ၃၀ ရက် ၂၀၁၂ ခုနှစ်

မုံရွာခရိုင်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရန် မြန်မာ့ လူ့မှုအဖွဲ့အစည်း အဆင့်ဆင့်အား ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးက မေတ္တာရပ်ခံလိုက်သည်။

“ဤစီမံကိန်း အဆင်ပြေစွာ အကောင်အထည်ဖော်နိုင်ရန် အကျိုးရှိသော အခြေအနေ တည်ဆောက်ပေးပါရန် မေတ္တာရပ်ခံအပ် ပါသည်” ဟုသံရုံးက ဆိုသည်။

အဆိုပါ စီမံကိန်းမှာ “နှစ်နိုင်ငံ ကုမ္ပဏီများအချင်းချင်း အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်သောလုပ်ငန်းတခု” ဖြစ်ပြီး “မြန်မာနိုင်ငံ သက်ဆိုင်ရာဥပဒေများနှင့် ကိုက်ညီပါသည်” ဟု ‘မုံရွာ ကြေးနီစီမံကိန်း သုံးသပ်ချက်’ အဖြစ် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် သံရုံးက ထုတ်ပြန်သည်။

ရက်စွဲ ဖော်ပြမထားသော အဆိုပါ ထုတ်ပြန်ချက်တွင် “ဤစီမံကိန်းနှင့်ပတ်သက်သော ရွှေ့ပြောင်းမှု လျော်ကြေးငွေ၊ ပတ်ဝန်းကျင် ကာကွယ်ရေးနှင့် အကျိုးဝင်ငွေ ခွဲခြားရေးများကို နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီး သတ်မှတ်ထားခဲ့သည်” ဟုလည်း ဖော်ပြပါရှိသည်။

မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့သည် အဆိုပါ ကြေးနီ စီမံကိန်းကို ၁၉၉၄ ခှုစ်ကတည်းက အကောင်အထည်ဖော်လာခဲ့ရာ ဒေသခံ လယ်သမားများ၏ လယ်ယာမြေ ဧက ၇,၈ဝဝ ကျော် သိမ်းပိုက်လိုက်သဖြင့် လယ်သမား များ မကျေနပ်၍ ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်ကာ ဆန္ဒပြပွဲများ ဖြစ်ပွားလာခဲ့သည်။

မြေများ သိမ်းယူခဲ့ရာတွင် အဓိပ္ပါယ် ရှင်းလင်းတိကျမှု မရှိသည့် လျော်ကြေးငွေ အချို့အား လယ်သမားထံ ပေးခဲ့ပြီး သီးနှံ လျော် ကြေးအဖြစ် ၃ နှစ်စာ ကျပ်ငွေ ၅ သိန်း ၂ သောင်း ပေးခဲ့သော်လည်း လယ်မြေတန်ဖိုးကိုမူ မပေးခဲ့ကြောင်း လယ်အသိမ်းခံ တောင်သူများက စောဒက တက်နေကြသည်။

ထို့ပြင် စီမံကိန်းနယ်မြေတွင် လယ်တီဆရာတော်ဘုရားကြီး၏ သိမ်တည်ရာလည်း ပါဝင်နေ၍ အဖျက်မခံလိုသည့် သံဃာ့အင်အားစု များနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်ပူပန်ကြသော ကျောင်းသားနှင့် အခြား လူထုအဖွဲ့အစည်းများလည်း စီမံကိန်းကန့်ကွက်မှုတွင် ပါဝင်လာကြကာ နိုဝင်ဘာလနှောင်းပိုင်းတွင် သပိတ်စခန်းများဖွင့်၍ ဆန္ဒပြခဲ့ကြသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ညသန်းခေါင်အချိန်တွင် သပိတ်စခန်းများ လူစုခွဲရန် ပြည်ထဲရေးဝန်ကြီးဌာနမှ သတိပေးခဲ့သော်လည်း သပိတ်အင်အားစုများက မလိုက်နာခဲ့၍ နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၃ နာရီအချိန်တွင် လုံခြုံရေးများက အကြမ်းဖက် ဖြိုခွင်း လိုက်ကြသဖြင့် သံဃာအပါး ၅၀ ကျော် ဆေးရုံတင် ကုသမှုခံယူနေရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့