Monday, December 3, 2012

လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခဲ့ပုံကို စစ်တွေမှာ တစ်ကိုယ်တော် ဆန္ဒပြ

2012-12-02

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို အာဏာ ပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ရခိုင်ပြည်နယ်အမျိုးသမီးကွန်ယက်(ယာယီ)အဖွဲ့ ဥက္ကဌ ဒေါ်ညိုအေးက စစ်တွေမြို့မှာ မနေ့နေ့လည်ပိုင်းက တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

လက်ပန်းတောင်းတောင် လူထုဆန္ဒဖော်ထုတ်မှုအား အင်အားသုံးဖြေရှင်းမှု ကန့်ကွက်ပါ ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ပြီး စစ်တွေမြို့လယ် လောကနန္ဒာဘုရားကနေ လမ်းမကြီးတစ်လျှောက် တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဆန္ဒဖော်ထုတ်ရတာနဲ့ပတ်သက်ပြီး ဒေါ်ညိုအေးက RFA ကို အခုလိုပြောပါတယ်။

“ လက်ပန်းတောင်းတောင်ကိစ္စဖြေရှင်းခဲ့တာနဲ့ပတ်သက်ပြီး ဘုန်းဘုန်းတွေက ဒဏ်ရာ၊ အနာတရတွေဖြစ်ခဲ့တယ်ဆိုတော့ ကျွန်မတို့ ရခိုင်လူမျိုးတွေက အရမ်းပဲခံစားရပါတယ်၊ အဲ့ဒါကြောင့်မို့ ဆန္ဒထုတ်ဖော်တာပါ ” တကိုယ်တော်ဆန္ဒဖော်ထုတ်မှုကို မင်းဘာကြီး လမ်းက ရခိုင်အမျိုးသမီးများကွန်ယက်ရုံးမှာ အဆုံးသတ်ဖို့ စီစဉ်ထားပေမဲ့၊ မောလိပ်ရပ်ကွက်အရောက်မှာ အာဏာပိုင်တွေက ဒေါ်ညိုအေး ကိုင်ဆောင်လာတဲ့ စာတန်း ကို သိမ်းဆည်းသွားခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်ညိုအေးကို အာဏာပိုင်တွေက စစ်ဆေး မေးမြန်း ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ပန်းတောင်းတောင် အရေးကိစ္စနဲ့ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ကလည်း မနေ့က သဘော ထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက RFA ကို အခုလို ပြောပါတယ်။ “ လက်ပန်း တောင်း တောင်ကိစ္စမှာ လူထုဆန္ဒဖော်ထုတ်ပွဲလုပ်နေတဲ့ စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးနှိမ်နင်းတဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ပါတီနဲ့ ရခိုင်ပြည်သူတွေက စိတ်မကောင်းဖြစ်ရပါတယ်၊ အစိုးရအနေနဲ့ ဒီထက်ပိုပြီး ပျော့ပြောင်းညှင်သာတဲ့ နည်းလမ်း တွေနဲ့ ဖြေရှင်းသင့်ပါတယ် ” ကြေညာချက်မှာ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို အကြမ်းဖက်တဲ့နည်းသုံးစွဲဖြိုခွဲခဲ့တာနဲ့ ပက်သက်ပြီး တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့၊ စီမံကိန်းဆိုင်ရာ ဒေသခံလူထုတွေရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးနစ်နာမှုတွေကို ပြန်လည်သုံးသပ်ပေးဖို့နဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် တွေရဲ့ ဆေးကုသမှုအတွက် အပြည့်အဝ တာဝန်ယူဖို့ စတဲ့အချက် ၄ ချက် ပါဝင်ပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့