Monday, May 20, 2013

အစိုးရအဆက်ဆက် စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ဖွံ့ဖြိုးမှုနောက်ကျဟု အမေရိကန်မှာ မြန်မာသမ္မတပြော

မေလ ၁၉ ရက် ၂၀၁၃ ခုနှစ်

အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသည့် မြန်မာသမ္မတ ဦးသိန်းစိန်က မြန်မာအစိုးရ အဆက်ဆက်၏ စီမံခန့်ခွဲမှုအားနည်းခြင်းကြောင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့သည်ဟု ဝါရှင်တန်ရောက်မြန်မာ များနှင့် မေလ ၁၈ ရက် နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

"အစိုးရ အဆက်ဆက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခဲ့ကြသော်လည်း နိုင်ငံ တည်ငြိမ်အေးချမ်းမှု မရှိခြင်းနှင့် စီမံခန့်ခွဲမှုစနစ်များ အားနည်းခြင်းတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုမှာ ထင်သလောက် မရှိခဲ့" ဟု သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ယင်းအပြင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံရေး၊ လူမှုရေး သဘောထားကွဲပြားမှုများကြောင့် လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ပြီး ဒီမိုကရေစီစနစ်ကို အကောင်အထည်မဖေါ်နိုင်သည့် အပြင် ဖွံ့ဖြိုးမှု လည်း နောက်ကျနေခဲ့ရသည်ကို သမ္မတက ပြောဆိုသည်။

သမ္မတသည် မေ ၁၉ ရက်နေ့ ညနေပိုင်းတွင် အမေရိကန်အသံ မြန်မာပိုင်း၏ စီစဉ်မှုဖြင့် တွေ့ဆုံမေးမြန်းမှု များ ပြုလုပ်မည်ဖြစ်သည်။ မေ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အိမ်ဖြူတော်သို့ သွားရောက်ကာ သမ္မတ အိုဘား မားနှင့် တွေ့ဆုံမည်ဖြစ်သည်။

မြန်မာသမ္မတ၏ အမေရိကန် ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာရန် ရည်ရွယ်သည်ဟု သမ္မတ၏ ပြောခွင့်ရသူ ဦးရဲထွဋ်က ဝါရှင်တန်အခြေစိုက် လွတ်လပ်သည့် အာရှအသံ ရေဒီယို အစီအစဉ်သို့ ပြောကြားထားသည်။

"ဒီခရီးစဉ်မှာ ဘာကိုမျှော်လင့်သလဲလို့ပြောရင် ပထမအချက်ကတော့ သမ္မတ အိုဘားမားအစိုးရ အဖွဲ့နဲ့ ကျနော်တို့ ကြားမှာ ရရှိပြီးသားဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နားလည်မှုတွေကို ဒီခရီးစဉ်မှာ ပိုပြီးတော့ ခိုင်မာအောင် မြှင့် တင်အောင် ကျနော်တို့လုပ်ရမယ်၊ ဒုတိယတစ်ခုက ကွန်ဂရက်လွှတ်တော် အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ မှုတွေကို ပိုပြီးတော့ခိုင်ခိုင်မာမာ ယုံကြည်လာပြီးတော့မှ လက်ရှိရှိနေသေးတဲ့ ပိတ်ပင်တားဆီးတဲ့ ဥပဒေတွေကို အဆင့် အဆင့်ဖြေလျော့ နောက်ဆုံးမှာ ဖျက်သိမ်းပေးတဲ့အဆင့် အထိရောက်အောင် ကျနော်တို့လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ဦးရဲထွဋ်က ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးများဖြစ်ကြသည့် ကိုကို၊ ဝေလွင် တို့လည်း လိုက်ပါသွားကြသည်။ သမ္မတ၏ အမေရိကန် ခရီးစဉ်သည် မေလ ၂၁ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့