Thursday, May 23, 2013

မြန်မာလုပ်သားများ ထိုင်း ယာယီ နိုင်ငံကူးလက်မှတ် ဒုတိယ အကြိမ် သက်တမ်းတိုးပေး

ဟင်္သာနီ (မွန်မြေ)
မေလ ၂၂ ရက် ၂၀၁၃ ခုနှစ်

ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသည့် လုပ်သားများအတွက် နိုင်ငံသား စီစစ် မှတ်တမ်းတင်ခြင်းနှင့် ယာယီ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည့် လုပ်ငန်းစဉ် (National Verification Process) ကို ထိုင်းအစိုးရမှ ရက်ပေါင်း ၁၂၀ ထပ်မံ သက်တမ်း တိုးပေးလိုက်သည်။

၂၀၀၉ ခုနှစ်မှ စတင်၍ ထိုင်းအစိုးရမှ ခွင့်ပြုခဲ့သည့် NV Process သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် တရားမဝင် လုပ်သား အနည်းငယ်သာ မှတ်ပုံတင် နိုင်ခဲ့၍ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလသို့ ရက်ပေါင်း ၁၂၀ ပထမ အကြိမ် သက်တမ်းတိုးပေးခဲ့ပြီး ယခု ဒုတိယ အကြိမ်တွင် မေလမှ သြဂုတ်လ ၁၁ ရက်နေ့သို့ ထပ်တိုးပေး လိုက်ခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ်မှ စတင်၍ ယခုချိန်ထိ (လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ) လုပ်သား ၁ သန်းခန့် မှတ်ပုံတင် ပေးနိုင်ခဲ့ပြီး ဖြစ်သည်ဟု ထိုင်းအစိုးရ မှတ်တမ်းတရပ်၌ ဖော်ပြထားသည်။

အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများကမူ ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်း အလုပ်သမားပေါင်း ၂ သန်းမှ သည် ၃ သန်း အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားကြကာ ထိုထဲမှ ၈၀ ရာခိုင်နှုန်းမှာ မြန်မာ များ ဖြစ်နိုင်သည် ဆိုသည်။

မှတ်ပုံမတင်ရသေးသည့် မြန်မာ လုပ်သားများအတွက် မြန်မာ အစိုးရမှ ထိုင်းအစိုးရအား မေတ္တာရပ်ခံ၍ ထပ်မံ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ သံရုံး အလုပ်သမား ရေးရာ တာဝန်ခံ ဦးကျော်ကျော်လွင် က ပြောသည်။

“ကျနော်တို့ လူတွေက ကျန်သေးတယ် လေဗျာ။ ကျနော်တို့ မှန်းထားတာ တသန်းလောက် ရှိမယ် ဆိုတော့ အဲဒီ အလုပ်သမားတွေ စာရင်းထဲ ဝင်လာအောင် လုပ်ဖို့ မေတ္တာရပ်ခံပြီး ညှိနှိုင်းနေရမှာပဲလေ။ အဲတော့မှ ကျနော်တို့ အလုပ်သမားတွေ အခွင့်အရေး ရမှာ။ နို့မို့ဆိုရင် ဒီအတိုင်း ပိတ်သွားရင်တော့ ကိုယ့်လူတွေပဲ ပြန်ခံ နေရဦးမယ်။ အဲဒါကြောင့် ခဏခဏ မေတ္တာ ရပ်ခံပြီး ညှိနှိုင်းနေရတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

အလုပ်သမား မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်၌ အလုပ်ရှင်များ၏ အခန်းကဏ္ဍ အရေးကြီးပုံကိုလည်း “ဒီကိစ္စမှာ အလုပ်ရှင် ဆန္ဒတွေက အဓိက ကျနေတယ်လေ။ အချို့ အလုပ်ရှင်တွေက ဒီယာကို လုပ်ပေးဖို့ ဆန္ဒ မရှိကြဘူးလေ။ ထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့ အလုပ်ရှင်ရှိတဲ့ အလုပ်သမားတွေပဲ အကြုံးဝင် တာလေ။ အလုပ်ရှင်တွေ စိတ်ပါဝင်စားစွာ လုပ်မှ လုပ်လို့ ရမှာ။ အဲဒီ လူတွေကိုပဲ စောင့်ပြီး အချိန်ဆွဲဆွဲပြီး လုပ်ပေးနေ ရတယ်” ဟု ဦးကျော်ကျော်လွင် က ဆက်လက်ရှင်းပြသည်။

NV Process လုပ်ဆောင် ပြီးသည့် လုပ်သားများသည် ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ် လုပ်ကိုင်ခွင့် အပါအဝင် လွတ်လပ်စွာ ခရီးသွားလာခွင့်၊ ကျန်းမာရေး အာမခံ စသည့် ခံစားခွင့်များ ရရှိမည် ဖြစ်ပြီး တရားဝင် ကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေ သုံးထောင် ဝန်းကျင်ခန့် ရှိသည်။

သို့သော် ၎င်းကိစ္စ လုပ်နည်း လုပ်ဟန်များအပေါ် နားလည်မှု အားနည်းသည့် အလုပ်သမားများအပေါ် အခွင့်ကောင်းယူ၍ ကြားခံ ပွဲစားများမှတဆင့် လုပ်ဆောင်ကြသဖြင့် ကုန်ကျစရိတ်မှာ တရားဝင် သတ်မှတ် ကုန်ကျစရိတ်ထက် ၆ ဆကျော် (ဘတ်နှစ်သောင်းခန့်) အထိ ပေးဆောင် နေရသည့် အနေအထားမျိုးလည်း ရှိကြောင်း မြန်မာ သံရုံးမှ အရာရှိတဦးက ဆိုသည်။

“အလုပ်ရှင်တွေက တိုက်ရိုက် မလာချင်ကြဘူးဗျ။ အဲဒီတော့ ပွဲစားတွေ လက်ထဲ အပ်လိုက်တယ်။ ပွဲစားတေင်မှ တဆင့်တည်း မဟုတ်ဘူးဗျ။ နှစ်ဆင့် သုံးဆင့် ခံသွားတဲ့ အခါကျတော့ ကုန်ကျ စရိတ်က အများကြီး မြင့်တက် သွားတယ်လေ” ဟု ဦးကျော်ကျော်လွင် က ပြောပြသည်။

မြန်မာအစိုးရ အနေဖြင့် ယင်းလုပ်ငန်းစဉ်၌ ပတ်စ်ပို့တ် စာအုပ် ထုတ်ပေးရေးအတွက် ထိုင်းဘတ် ၅၀၀ ခန့်သာ ကောက်ခံလျက် ရှိပြီး ကျန်သည့် ထိုင်းပြည်ဝင်ခွင့် ဗီဇာ နှစ်နှစ်စာ ဘတ် ၅၀၀ ခန့်၊ ကျန်းမာရေး အာမခံမှုအတွက် စစ်ဆေးခ ၆၀၀ နှင့် ၁,၉၀၀ ဘတ် နှစ်မျိုး နှစ်စား၊ အလုပ်လုပ်ခွင့် (Work Permit) နှစ်နှစ်စာ ၁,၉၀၀ ခန့် စရိတ်ကိုမူ ထိုင်းဖက်မှ ကောက်ခံနေလျက်ရှိသည်။

ဘန်ကောက်မြို့တွင် အခြေစိုက်သည့် အလုပ်သမား ယာယီ နိုင်ငံကူးလက်မှတ် လုပ်ဆောင် ပေးရေး အဖွဲ့တဖွဲ့ကမူ ပတ်စ်ပို့တ် နှင့် အလုပ်လုပ်ခွင့် အပြီးငြိမ်း ၈,၅၀၀ ဘတ်ခန့် ကောက်ခံနေကြောင်း ရုံးဝန်ထမ်းတဦးက ဆိုသည်။

ယခုကဲ့သို့ ထိုင်းအစိုးရမှ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်နိုင်မည့် အချိန်ကို ထပ်မံ သက်တမ်း တိုးပေး၍ ထိုင်း-မြန်မာ နယ်စပ် လမ်းကြောင်းများမှ တဆင့် အလုပ်သမားများ တဟုန်ထိုး တိုးတက် ဝင်ရောက်လာနေလျက်ရှိကြောင်း ဦးကျော်ကျော်လွင် က ပြောသည်။

ထိုင်းနိုင်ငံတွင်းရှိ တရားမဝင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား စခန်း ၁၁ ခု၌ ယာယီ နိုင်ငံကူး လက်မှတ်များ ပြုလုပ်ပေးနေလျက် ရှိပြီး လုပ်ဆောင်နေမှု အခြေအနေများအား သိရှိနိုင်ရန် ၎င်း ထုတ်ပေးရေး ရုံးများ၏ အရာရှိချုပ် ဦးနိုင်ထွန်း အား မဇ္ဈိမမှ ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့