Thursday, May 23, 2013

ဒေသန္တရအမိန့်မှာ လူ့အခွင့်အရေး မချိုးဖောက်ဟု ရခိုင်ပြည်နယ်အစိုးရဆို

သိန်းလှိုင်
မေလ ၂၂ ရက် ၂၀၁၃ ခုနှစ်

မေလ တတိယ အပတ်က မောင်တောခရိုင်၌ ထုတ်ပြန်လိုက်သော ဒေသန္တရ အမိန့်မှာ ယခင်ကပင် ပြဋ္ဌာန်းထားခဲ့သည့် လူဦးရေ ထိန်းချုပ်ခြင်းဆိုင်ရာ အမိန့်ဖြစ်ပြီး ယင်းအမိန့် ထုတ်ပြန်ခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်ရာ မရောက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် က ဆိုသည်။

မောင်တောခရိုင်တွင် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ ပါဝင်ပြီး မူဆလင်အများစု နေထိုင်ရာ ဒေသလည်း ဖြစ်သည်။

“ကုန်ခဲ့တဲ့ ရက်ပိုင်းကပဲ မောင်တောခရိုင်မှာ ဒီအမိန့်ကို ထပ်မံ ထုတ်ပြန်လိုက်တာပါ။ ဒါက အခုမှ ပြဋ္ဌာန်းတဲ့ အမိန့် မဟုတ်ဘူး။ အရင်ကထဲက ရှိပြီးသား ဖြစ်တယ်။ စုံစမ်းရေး ကော်မရှင်က လည်း မောင်တော ခရိုင်မှာ တရားမဝင် ကလေးပေါက်ပွားနှုန်း အရမ်းများနေတာကို ထောက်ပြထားတာလည်း ရှိတယ်။ ဒီအမိန့်ကို အကောင်အထည်ဖော်ခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်ရာ မရောက်ဘူး။ နိုင်ငံ တည်ငြိမ်အေး ချမ်းရေး အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်တာ ဖြစ်တယ်။ တရုတ်နိုင်ငံမှာလည်း ကလေး နှစ်ယောက်ထက် ပိုမယူရ ဥပဒေကို တနိုင်ငံလုံးမှာ ပြဋ္ဌာန်းထားတာရှိတယ်။ ဘယ်သူမဆို မိမိတို့ နေထိုင်ရာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ ကို လိုက်နာကြရတာပဲလေ” ဟု ဦးဝင်းမြိုင် က မဇ္ဈိမကို ပြောသည်။

ရခိုင်ဒေသ ပဋိပက္ခ စုံစမ်းရေး ကော်မရှင်ကလည်း “စာရင်းမဝင်သော ကလေး ၆၀,၀၀၀ ကျော် ရှိသည်ဟု စစ်တမ်းများအရ သိရိရပါသည်” ဟု ၎င်းတို့၏ အစီရင်ခံစာ စာမျက်နှာ ၁၁၂ တွင် ဖော်ပြထားသည်။

ထပ်မံ ထုတ်ပြန်လိုက်သော ဒေသန္တရ အမိန့်တွင် အရွယ်ရောက်ပြီးသူများ အနေဖြင့် တလင်တမယား စနစ်ဖြင့်သာ အိမ်ထောင်ပြုရမည်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းချက် အရကလေး နှစ်ဦးသာ မွေးဖွားခွင့်ရှိကြောင်း ဦးဝင်းမြိုင်က ရှင်းပြသည်။

ဤအမိန့်ကို ယခင်ကာလများက အကောင်အထည်ဖော်ရာ၌ သက်ဆိုင်ရာ တဝန်ရှိသူများဘက်မှ အားနည်း ချက်များကြောင့် အမိန့်မှာ လျော့ရဲပျောက်ကွယ်နေခဲ့ခြင်း ဖြစ်သည်ဟု မောင်တောမြို့ခံ အငြိမ်းစား ရဲဝန်ထမ်း တဦးက ဆိုသည်။

“ထုတ်ပြန်ထားတဲ့ ဒေသန္တရ အမိန့်ကို အကောင်အထည်ဖော်ရမယ့် တာဝန်ရှိသူတွေက ဥပဒေနဲ့အညီ လိုက်နာ ဆောင်ရွက်တာမရှိဘူး။ တချို့က ကိုယ်ကျိုးအတွက်ပဲ အသုံးချခဲ့ကြတယ်။ ဒါကြောင့် တရားမ၀င် Blacklist (စာရင်းမဲ) စာရင်းသွင်းခံရသူ ကလေးငယ် အရေအတွက် အဆမတန် များပြားလာခဲ့ရတာဖြစ်တယ်” ဟု အဆိုပါ အငြိမ်းစား ရဲဝန်ထမ်းက မှတ်ချက်ပေးသည်။

ထိုကလေးငယ်များမှာ သက်ဆိုင်ရာမှ ခွင့်ပြုချက်မရှိဘဲ တရားမဝင် အိမ်ထောင်ပြုသော မိဖ နှစ်ပါးမှ မွေးဖွားလာသူများ ဖြစ်ကြသည်။

“ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားမှာပါ။ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ အခု စတင်လုပ်ကိုင်နေပါပြီ။ ဒီအမိန့်ကို ဖော်ဆောင်မှာက သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ကျန်းမာရေးဌာနနဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့တွေ ဖြစ်ပါတယ်။ ဥပဒေ ချိုးဖောက်သူတွေကိုတော့ လဝက ဥပဒေနဲ့ အရေးယူသွားမှာ ဖြစ်တယ်” ဟု ဦးဝင်းမြိုင် က ဆက်လက်ပြောဆိုသည်။

မောင်တောဒေသသို့ သွားရောက်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းတဦးကလည်း “ကျမတို့ တာဝန်အရ မောင်တောမှာ သားဆက်ခြား ပညာပေးဖို့ သွားတဲ့အခါ မူဆလင် အမျိုးသမီးတွေက နားလည်သဘောပေါက်
ကြောင်း ပြောကြပါတယ်။ သားဆက်ခြား ဆေးထိုးဖို့လည်း သဘောတူကြပါတယ်။ တကယ်တမ်း ဆေးထိုးပေးဖို့ ဆေးရုံခေါ်တဲ့အခါ တဦးမှ ပေါ်မလာကြဘူး” ဟု မဇ္ဈိမကို ပြောပြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့