Wednesday, May 22, 2013

ခရက်ဒစ်ကဒ်ဖြင့် ပန်းချီကားများ ဝယ်နိုင်ရေး စီဘီဘဏ် ဝန်ဆောင်မှုပေးမည်

ပန်းမြတ်ဇော်
မေလ ၂၁ ရက် ၂၀၁၃ ခုနှစ်

ပန်းချီကားနှင့် လက်ဝတ်ရတနာများ အပါအဝင် အခြားသောပစ္စည်းများကိုနိုင်ငံခြားသားများအနေဖြင့် Credit Card ဖြင့်ဝယ်ယူနိုင်ရေးအတွက် ဝန်ဆောင်မှုပေးတော့မည်ဖြစ်ကြောင်း စီဘီဘဏ်မှ သတင်းရရှိသည်။

အဆိုပါ ဝန်ဆောင်မှု အတွက် JCP ၊ CPU ၊ Visa နှင့်Master စသည့် ကဒ်လေးမျိုး ကိုင်ဆောင်သူ များ အနေဖြင့် ၀ယ်ယူနိုင်မည် ဖြစ်ကာ ယင်းစနစ်ဖြင့် ရောင်းချရန် ဆက်သွယ် လာသော ဆိုင်များတွင် point of Sale (ဈေးကွက် နေရာတွင် ထားရှိသော ငွေသွင်း၊ ငွေထုတ်စက်) စက်များ ထားရှိ ဆောင်ရွက်မည် ဖြစ်ကြောင်း စီဘီဘဏ် မန်းနေးဂျင်း ဒါရိုက်တာဦးဖေမြင့်က မဇ္ဈိမသို့ ပြောကြားသည်။

၎င်းက “ မြန်မာပြည်မှာလဲ အဲဒီကဒ် လေးမျိုးနဲ့ ဝယ်ယူလို့ရအောင် point of say စက်တွေ ချပေးထားတယ်။ အဲဒီစက် တပ်ဆင်ချင်တယ် ဆိုရင် ဒေါ်လာ ၂၅၀ ကျမယ်။ အဓိက ချပေးထားတဲ့ နေရာတွေက လက်ဝတ် ရတနာဆိုင်တွေ ဟိုတယ်တွေဖြစ်ပြီး ပန်းချီ အရောင်းပြခန်းတွေက အဲဒီစက်ကို တပ်ဆင်ချင်တယ် ဆိုရင် CB bank က လုပ်ပေးဖို့ အဆင်သင့်ပါပဲ ” ဟုဆိုသည်။

ထိုကဲ့သို့ Credit Card ဝန်ဆောင်မှုများနှင့် စပ်လျဉ်းကာ ၎င်းတို့အနေဖြင့်လည်း ချိတ်ဆက်လျှက် ရှိကြောင်း၊ နိုင်ငံခြားသားများက ပန်းချီကားများကို စိတ်ဝင်စားသော် လည်း ခရက်ဒစ်ကဒ်ဖြင့် ၀ယ်လို့မရ သဖြင့် အရောင်းအ၀ယ်များ မဖြစ်ခဲ့ကြကြောင်း၊ ထို့ကြောင့် ပန်းချီကား တန်ဖိုးကို ပေးချေနိုင်သည့် ခရက်ဒစ်ကဒ် စနစ်ရှိသင့်သည်ဟု Gallery 65 ပြခန်းမှ ဦးမင်းလွင် က သူ့အမြင်ကို ပြောကြားသည်။

၎င်းက “ပန်းချီ ပြခန်းတွေ အတွက် ကတော့ အကျိုး ရှိသွားတာပေါ့။ ခရက်တစ်ကဒ် လက်မခံနိုင်တဲ့ အတွက် ခဏခဏ ငြင်းရတယ်။ အရောင်းအ၀ယ် မဖြစ်ဘူးပေါ့။ ဒီလို ရှိလာ မယ်ဆိုရင် အရောင်းအ၀ယ်တွေ ပိုဖြစ်လာနိုင်မယ်” ဟု ဆိုသည်။

ပန်းချီဆရာ ကိုအေးကိုက “ခရက်ဒစ်ကဒ် နဲ့ ဆိုရင် အရောင်းအ၀ယ် ပိုကောင်း လာမှာပါ။ တခါတလေကျ ကျွန်တော်တို့ ပန်းချီကားတွေက ဈေးကြီးတဲ့အတွက် ဒေါ်လာနှစ်ထောင် ၊ ငါးထောင် ရှိတဲ့အတွက်
နိုင်ငံခြားသားတွေက သူတို့ လာတဲ့အခါ များများ သယ်လာလေ့ မရှိတော့ သူတို့ ၀ယ်လို့ မရဘူး။” ဟု ပြောကြားသည်။

Credit Card စနစ် ဝန်ဆောင်မှုအတွက် စီဘီဘဏ် အနေဖြင့် ၃ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအတွင်း ဝန်ဆောင်မှု ယူမည်ဖြစ်ကြောင်း ဦးဖေမြင့် က ပြောကြားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့