Thursday, May 23, 2013

ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ဆေးဝါးဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်

မေဦး
မေလ ၂၂ ရက် ၂၀၁၃ ခုနှစ်

ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရှိ ဆေးဝါးဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဇော်မိုးခိုင် ကပြောသည်။

၎င်းက “ပြည်တွင်းဆေးဝါးရဲ့ ၉၀ ရာခိုင်နှုန်းကျော်က နိုင်ငံခြားက Import လုပ်နေရတာဖြစ်ပါတယ်။ ဒေါ်လာဈေးတက်တဲ့အခါကျတော့ ဆေးဝါးဈေးတွေက ဒေါ်လာဈေးတက်တာလောက်နီးနီး အချိုးကျလိုက် တက်နေတဲ့သဘောရှိတယ်။ ဒေါ်လာဈေးက ဆက်ပြီးတက်နေမယ်ဆိုရင် စားသုံးသူတွေအတွက်ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး” ဟု ဆိုသည်။

ထိုသို့မြင့်တက်ရာတွင် ယခင်က ပုံမှန်အားဖြင့် ၅ရာခိုင်နှုန်း အထိသာ ဈေးနှုန်းမြင့်တက်လေ့ ရှိသော်လည်း လက်ရှိတွင် ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအကြား ဆေးဝါးဈေးနှုန်းများ မြင့်တက်နေကြောင်း ၎င်းကပြောသည်။

ပြည်တွင်းရှိ ဆေးဝါးများမှာ ပြည်ပမှ တင်သွင်းမှုများကိုသာ မှီခိုနေရ ၍ ဆေးဝါး ဈေးနှုန်းတက်နေခြင်းသည် စားသုံးသူများအတွက် နစ်နာမှုများ ဖြစ်ပေါ်နေကြောင်း ဦးဇော်မိုးခိုင်က ဆက်လက် ပြောကြားသည်။

ထိုသို့ဆေးဝါးဈေးကွက်အတွင်း ဈေးနှုန်းများတက်နေခြင်းသည် လက်ကျန်ဆေးဝါး မရှိသည့် ကုမ္မဏီ အချို့မှ တက်နေခြင်းဖြစ်ပြီး လက်ကျန်ဆေးဝါးရှိနေသည့် ကုမ္မဏီများမှာမူ ဈေးတက်ခြင်း မပြုသေးကြောင်း ပြည်ပမှ ဆေးဝါးတင်သွင်းနေသည့် ဆေးကုမ္မဏီ ပိုင်ရှင် တစ်ဦးကပြောသည်။

၎င်းက “ဆေးဈေးနှုန်းတက်တာကတော့ အသစ်ထပ်ဝယ်မယ့်အပေါ်မှာ မူတည်ပြီး တွက်ချက်ရမယ်။ လက်ကျန်ရှိနေတဲ့သူတွေကတော့ ဈေးချက်ချင်းမတက်သေးဘူး။ တောင့်ခံနေနိုင်တယ်။ဆေးဈေးနှုန်းက ရုတ်တရက်ကြီး အရမ်းတက်မယ်လို့တော့ မထင်သေးပါဘူး” ဟု ပြောသည်။

ထိုသို့ ဆေးဝါးဈေးနှုန်းများ မြင့်တက်နေသော်လည်း ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှု မရှိပဲ အရောင်းအ၀ယ်အခြေအနေမှာ ပုံမှန်သာရှိနေသည်။

“မြန်မာပြည်မှာ တင်သွင်းတဲ့ဆေးဝါးက ထောင်ကျော်ရှိနေတယ်ဆိုတော့ ပြတ်လည်း တစ်ခုနှစ်ခု လောက်ပါပဲ။ ၀.၂ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်” ဟု မင်္ဂလာဈေးရှိ ဆေးဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။

ပြည်တွင်း၌ ဆေးဝါးပြတ်လပ်မှုမရှိစေရန် နှင့် ဆေးဈေးနှုန်းတည်ငြိမ်စေရန် ဆေးဝါးထုတ်လုပ်သည့် စက်ရုံများကို တည်ထောင်လုပ်ကိုင်ခွင့်ပြုထားသော်လည်း နည်းပညာ လိုအပ်ချက်များရှိနေ၍ ဆေးဝါး စက်ရုံများ ပေါ်ထွက်လာရန် ကြန့်ကြာ နေဦးမည် ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့