Wednesday, May 22, 2013

Mobile Team များဖြင့် ဖမ်းဆီးနေသော်လည်း မှောင်ခိုတင်သွင်းမှု တားနိုင်ခြင်းမရှိသေး

မေဦး
မေလ ၂၁ ရက် ၂၀၁၃ ခုနှစ်

မှောင်ခိုတင်သွင်းနေမှုများအား တားဆီးနိုင်ရန် Mobile Team များဖြင့် စစ်ဆေးနေသော်လည်း ညအချိန် မှောင်ခို သွားလာနေမှုများကိုမူ တားဆီးနိုင်ခြင်း မရှိသေးကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊
ဒေသတွင်း ကုန်သွယ်မှုဌာနခွဲမှ အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။

ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးက “Mobile Team မှာ ဖြစ်နေတဲ့ အခက်အခဲကတော့ ညပိုင်းကို မစစ်ဆေးနိုင်တဲ့အတွက် ညအချိန် မတော် သွားတာတွေကိုတော့ မတားဆီးနိုင်ဘူး။ အဲဒီအတွက် မှောင်ခိုတင်သွင်းတာတွေက ရှိနေဆဲဖြစ်နေတယ်” ဟု ဆိုသည်။

Mobile Team များအနေဖြင့် ညအချိန်တွင်သွားလာရန် အခက်အခဲများရှိနေ၍ မှောင်ခိုတင်သွင်း သူများသည် Mobile Team များ မရှိသည့် ညအချိန်များတွင် ပိုမို၍ သွားလာမှု ပြုနေကြောင်း မူဆယ်-မန္တလေး လမ်းပိုင်း တွင် တာဝန်ယူ ဆောင်ရွက်နေသည့် Mobile Team မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ တရားမဝင် စားသောက်ကုန်များ တားဆီးရေးနှင့် စားသုံးသူ ကာကွယ်ရေးအတွက် Mobile Team များဖြင့် စစ်ဆေးလျှက်ရှိရာ ယခုနှစ် မေလထိ မှောင်ခိုတင်သွင်းသည့် အမှုတွဲပေါင်း ၁၅၈၀ ဖမ်းဆီးရမိပြီး ခန့်မှန်းတန်ဖိုး အနေဖြင့် ကျပ်သန်းပေါင်း ၄၄၄၉ ဒသမ ၆၄၅ သန်း ခန့်ရှိကြောင်း ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲ၏ စာရင်းဇယားများအရ သိရသည်။

အဆိုပါ ဖမ်းဆီးမှုတွင် အဓိကအနေဖြင့် ကားအပိုပစ္စည်းများကို အများဆုံးဖမ်းဆီးရမိပြီး ဆိုင်ကယ်အပိုပစ္စည်း၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ ဖုန်းအပိုပစ္စည်းနှင့် ဆေးဝါးများကို လဲဖမ်းဆီးရ မိကြောင်းသိရသည်။

လက်ရှိတွင် မူဆယ်-မန္တလေး လမ်းပိုင်းနှင့် မြ၀တီ-ရန်ကုန် လမ်းပိုင်းများတွင် Mobile Team များဖြင့် တရားမ၀င်တင်သွင်း နေမှုများကို တားဆီးနေပြီး နောက်ပိုင်းတွင် ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလိုင်း များတွင်ပါ Mobile Team များဖြင့်စစ်ဆေးရန် နိုင်ငံတော်မှ ညွှန်ကြားထားပြီး ဖြစ်ကြောင်း ကူးသန်းရောင်း
ဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဦးဟန် ကပြောသည်။

၎င်းက “ မူဆယ်-မန္တလေးနဲ့ မြ၀တီ-ရန်ကုန်က ကုန်သွယ်မှု လမ်းကြောင်းမှာ အကြီးဆုံး လမ်းကြောင်းဖြစ် လို့စပြီး လုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ တနိုင်ငံလုံးမှာရှိတဲ့ လမ်းကြောင်း အားလုံး နောက်ဆုံး
ပြောရရင် ရေလမ်း၊ ကုန်လမ်း၊ လေဆိပ်ပါမကျန် လုပ်မှာ ဖြစ်ပါတယ် ” ဟု ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှ စတင်ကာ စားသုံးသူ ကာကွယ်ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးရေး အတွက် Mobile Team အဖွဲ့ကို မူဆယ်-မန္တလေးလမ်းကြောင်းနှင့် မြ၀တီ-ရန်ကုန် လမ်းကြောင်း တို့ကို စေလွှတ်ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့