အမျိုးသားးဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်
၁၃၆၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၆) ရက်
ကြေညာချက်အမှတ် - ၈/ ၀၂/ ၀၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီထွန်းကားသည့် ပြည်ထောင်စုတရပ် ပေါ်ထွန်းရေးအတွက် ခိုင်မာသော သန္နိဌာန်ချမှတ်ကာကြိုးပမ်းနေပေသည်။ ယင်းသည် လွတ်လပ်ရေးဗိသုကာ ကြီး ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့သော တိုင်းသူပြည်သားအားလုံး၏ လွတ်လပ်၍ သာယာဝပြောကာ လူ့ဂုဏ် သိက္ခာရှိသည့်ဘ၀သစ်ကို အကောင်အထည်ဖော်ရန်ဖြစ်ပေသည်။
၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က လွတ်လပ်ရေးဗိသုကာကြီး၏ သမီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပင်လုံကျောက်တိုင်တွင် ၎င်းဖခင်ရည်မှန်းခဲ့သော စစ်မှန်သည့် ပြည်ထောင်စုကြီးပေါ်ပေါက်လာသည်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဆုတ်မနစ်ကြိုးပမ်းသွားမည်ဟု သန္နိဌာန်ပြုခဲ့သည်။ ထိုပင်လုံသန္နိဌာန်တွင် တိုင်းရင်းသားသွေးချင်းညီအစ်ကိုခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များအားလုံး ပင်လုံညီလာခံနှင့် အလားတူသော ဒုတိယ ပင်လုံညီလာခံ တခုတွင် တွေ့ဆုံကြကာ စိတ်ရင်းစေတနာအမှန် (open mind) ဖြင့် ဆွေးနွေးကြရန်ဖြစ်ပေသည်။ အနာဂတ် ပြည်ထောင်စုသစ်၏ အခြေခံအုတ်မြစ်တို့ကို ချမှတ်ကြရမည်ဟု ဖော်ပြခဲ့ပေသည်။
တစ်အူထုံ့ဆင်းပမာ ရာသက်ပန် ဥမကွဲသိုက်မပျက် ၀ံသာနုရက္ခိတ တရားမြဲမြံစွာဖြင့် လက်တွဲနေထိုင်သွားကြရ မည်ဖြစ်ပေသည်။ ပြည်သူပြည်သားများအကြား ပြဿနာမှန်သမျှကို လက်နက်အင်အားမသုံးဘဲ တွေ့ဆုံဆွေးနွေး ကြခြင်းဖြင့်သာ ပြောလည်စေရမည်ဟု အတိအလင်း သဘောထားဖော်ပြခဲ့ခြင်းဖြစ်ပေသည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ထိုအချိန်မှစတင်ကာ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် မွန်မြတ်သောစိတ်ဓာတ် ဖြင့် အနစ်နာခံကာ ဇွဲနပဲဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။
နိုင်ငံတခု၏ နိုင်ငံရေးဟူသည် ထိုနိုင်ငံရှိ လူမျိုးများ၏ သမိုင်းရိုးရာဓလေ့၊ ဘာသာ၊ ထုံးတမ်းစဉ်လာများ၏ ဘောင် အတွင်း၌သာ ဖြစ်လေ့ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆင်ခြင်တုံတရားလက်ကိုင်ထားကာ တွေ့ဆုံ ဆွေးနွေးအဖြေရှာရေးဟူသည် ယနေ့ကမ္ဘာတခွင် တွင်ကျယ်စွာကျင့်သုံးလျက် အောင်မြင်နေသည်သာမက မြန်မာ့သမိုင်း၏ လိုအပ်ချက်နှင့်လည်း ဆီလျော်ကိုက်ညီလှပေသည်။ မဝေးသေးသည့် မြန်မာ့ဖြစ်ရပ်သမိုင်းများက အထင်အရှား သာဓကဆောင်လျက်ရှိပေသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ပြီးခေတ်တလျောက် အချင်းချင်းသံသယများက လူမျိုးစွဲ၊ အယူစွဲ၊ ၀ါဒစွဲများဖြင့် အစိတ် စိတ်ပြိုကွဲ အပြိုင်အဆိုင်ကြဲခဲ့ကြသည့် ပဓာနအကျဆုံးသော အကြောင်းအရင်းမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အမှန်တရားကို ရင်မဆိုင်ရဲသည့် သူရဲဘောနည်းသူ နိုင်ငံရေးလူသတ်သမားတစုက လုပ်ကြံသတ်ဖြတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ထိုအတွက် နိုင်ငံတွင် ခေါင်းဆောင်မှုဆုံးရှုံးရခြင်း၊ ခေါင်းဆောင်မှုဟာကွက် ဖြစ်ခြင်းတို့ကြုံရလေတော့သည်။
တိုင်းတပါးအုပ်စိုးသူတို့ကို သတ္တိ၊ ဗျတ္တိ အပြည့်အ၀ဖြင့် တိုက်ထုတ်ခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ကိုယ်တိုင် က သွေးချင်းများအကြား အရေးအရာများကို ချဉ်းကပ်ခဲ့ရာတွင် သခင်အောင်ဆန်းအဖြစ်ခံယူကာ ရိုးသားဖြူစင်မှု ကိုခံယူရင်း တည်ကြည်စိတ်ရင်း စေတနာအမှန် (open mind) ဖြင့် စိတ်ရှည်သည်းခံကာ ဖြေရှင်းပြသခဲ့ပေသည်။ ခေတ်ပြိုင်ခေါင်းဆောင်များက ထိုစံနမူနာကောင်းကို ပစ်ပယ်ကြကာ အချင်းချင်းပြဿနာကို လက်နက်အင်အား သုံးကာ ဖြေရှင်းခဲ့ကြသောကြောင့် အင်အားသည်သာ အမှန်တရားဟုထင်ကာ ပြဿနာများ ကြီးသထက်ကြီး ထွားလာခဲ့ပေသည်။ ထိုမှတဆင့် နိုင်ငံတွင် အာဏာရှင်စနစ်ပေါ်ပေါက်လာကာ တိုင်းရင်းသားပြည်သူတရပ်လုံး ဆင်းရဲမွဲတေဒုက္ခပင်လယ်ဝေခဲ့ကြရလေသည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘ၀ဖြင့် အပစ်ပယ်ခံရကာ လူ့ဂုဏ်သိက္ခာ မဲ့ဘ၀ ရောက်ကြရလေတော့သည်။
ယင်းကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လူ့ဂုဏ်သိက္ခာပြည့်ဝသည့် နိုင်ငံဘ၀ပြန်လည်ရရှိရေးအတွက် ပြဿနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအတူလက်တွဲဖြေရှင်းနိုင်ရေးကို ကြိုးပမ်းနေစဉ်မှာပင် တိုင်းရင်းသား များအကြား လက်နက်အားကိုးလုပ်ကြံသတ်ဖြတ်မှုတခု ကြုံရပြန်လေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ထိုအတွက် များစွာတုန်လှုပ်အံ့သြ၀မ်းနည်းရပေသည်။ နိုင်ငံတွင် ဒီမိုကရေစီပြောင်းလဲရေးအတွက် အတိမ်းအ စောင်းမခံနိုင်လောက်အောင် အရေးကြီးသည့်အချိန်တွင် ပြဿနာကို ပိုမိုဆိုးဝါးစေမည့် လက်နက်အင်အားသုံး အကြမ်းဖက်ဖြေရှင်းခြင်းမှန်သမျှကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာရှုတ်ချလိုက်သည်။ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းကြရသည်ချည်းဖြစ်ပေသည်။ ၎င်းမှာ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းပင်ဖြစ်သည်။
၂၅ - ၂ - ၀၈ ရက်နေ့တွင်ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏
အစည်းအဝေးဆုံးဖြတ်ချက်အရ။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့
Read More...
Collapse...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် - ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်
၁၃၆၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၄) ရက်
ကြေညာချက်အမှတ် - ၇/ ၀၂/ ၀၈
အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံသားမိဘနှစ်ပါးဖြစ် ကြသည့် တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီးဖြစ်ပြီး ကိုလိုနီ လက်အောက်နှင့် ဖက်ဆစ်လက်အောက်တို့မှ တိုင်းပြည်လွတ်လပ်ရေးရရှိရန် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ကြိုးပမ်းအားထုတ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့မှ မွေးဖွားလာသည့် မွေးရာပါနိုင်ငံသားတဦး ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်းကို သတင်းဌာနများမှတဆင့်ကြားသိရပါသည်။ ဤသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသေးဘဲ ယင်းရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေလည်းမရှိသေးဘဲ ပြောပိုင်ခွင့်မရှိသည့်ပုဂ္ဂိုလ်တဦးက ပြောဆို ခြင်းဖြစ်သောကြောင့် လုံးဝတရားမ၀င်ပါ။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်များတွင် မဖြစ်မနေပါဝင်ရမည့် ပုဂ္ဂိုလ်တဦးဖြစ်ပါသည်။
ယင်းပြောကြားချက်သည် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းနှင့် နိုင်ငံရေးအရထိုးနှက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အား ရွေးကောက်ပွဲဝင်ခွင့်မရအောင် ကြိုတင်ဆုံးဖြတ်ခြင်းမျိုးဖြစ်နေပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် - ၂ တွင် ပါရှိသော -
”xxx လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာ စကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့်ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေးယူဆချက် သို့တည်းမဟုတ် အခြား ယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့် ဖြစ်စေ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြားအဆင့်အတန်းအားဖြင့်ဖြစ်စေ ခွဲခြား ခြင်း မရှိစေရ။”
ဆိုသည့်အချက်နှင့် အပိုဒ် - ၂၁ တွင်ပါရှိသော -
”လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များ မှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။”
ဆိုသည့်အချက်တို့ကို ချိုးဖောက်ခြင်းဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ တိုင်းပြည်အကျိုးအတွက်စကားပြောဆိုနေ သည့်အချိန်အခါတွင် ယခုကဲ့သို့ မပြောသင့်မပြောထိုက်သည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးတို့ကို ထိခိုက်စေကြောင်း ကြေညာလိုက်သည်။
၂၅ - ၂ - ၀၈ နေ့တွင်ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏
အစည်းအဝေးဆုံးဖြတ်ချက်အရ
ရန်ကုန်မြို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
Read More...
Collapse...

ချစ်သမီးသို့
ရေဆန်
သမီးရေ
ဂန္တ၀င်ခရီးမှာ
နေ့ခင်းကြောင်တောင်
နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ
မသိပါ၍
ရပ်နေသူများလည်း ရှိပါသည်။
ညဥ့်နက် သန်းခေါင်
လမ်းစမှောင်လည်း
တောင်မြောက်သေချာ
သိနေပါ၍
လိုရာသွားနေသူလည်း ရှိပါသည်။
လေပြင်းအတိုက်
လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည်
ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူတွေလည်း ရှိပါသည်။
မှုန်တိုင်းကထန်
လှိုင်းကထန်လည်း
ရေဆန်လေကြမ်း
ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်။
သမီးရေ
စေတနာနှင့် အသိ
သတိနှင့် သီလ
ဝိရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ
သတ္တိနှင့် စွန့်လွတ်မှု
အရင်းပြု ခရီးနှင်
ဂန္တ၀င်ရက်မြတ်
ရဲရဲဖြတ်လော့သမီး
နှစ် (၅၀) ပြည့်
ကရင့်တော်လှန်ရေးအထူးထုတ်
သနူးထူးဂျာနယ်၊
၁၉၉၉ ခုနှစ်၊
ဇန်န၀ါရီလ (၃၁)ရက်။
Read More...
Collapse...
ပဒိုမန်းရှာ လားဖန်း
အထွေထွေ အတွင်းရေးမှူး
ကရင်အမျိုးသား အစည်းအရုံး
ကေ အဲန် ယူ
ကိုယ်ရေးအကျဉ်းချုပ်
ပဒိုမန်းရှာလားဖန်းအား ၁၉၄၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ဧရာဝတီတိုင်း ပန်းတနော် မြို့နယ်၊ တောကျောင်းကျေးရွာနေ အဖ မန်းဘသော်နှင့် အမိ ဂါ့နမ့်တင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ (၂) ယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။ အမည်အရင်း မန်းချစ်ရွှေ ဖြစ်ပြီး တော်လှန်ရေးအမည်မှာမန်းရှာလားဖန်းဖြစ်သည်။
၁၉၅၉-၆၀ ခုနှစ်တွင် ပန်းတနော်မြို့နယ်၊ ယင်းတိုက်ကုန်း အလယ်တန်းကျောင်းတွင် မူလတန်း နှင့် အလယ်တန်းပညာကို သင်ယူခဲ့ပြီး ပန်းတနော်အထက်တန်းကျောင်းတွင် (၈) တန်း အောင်မြင်ခဲ့ကာ ရန်ကုန်မြို့ တွင် အထက်တန်းအောင်မြင်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့၌ သက္ကသိုလ်ပညာကို သင်ကြားရင်း ၁၉၆၂ ခုနှစ်၊ ဆဲဗင်းဇူလိုင် အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၆၆ ခုနှစ်၌ တက္ကသိုလ်ဝိဇ္ဇာတန်းကို သမိုင်းအဓိက ဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။
၁၉၆၃ ခုနှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) နှင့် ဆက်သွယ်၍ ၁၉၆၆ ခုနှစ်အထိ ကေအဲန်ယူ မြေအောက်လှုပ်ရှားမှုတာဝန်များကို ဆောင်ရွက်ခဲ့သည်။
၁၉၆၇ ခုနှစ်တွင် ပဲခူးရိုးမ ကရင်တော်လှန်ရေးနယ်မြေထဲသို့ ၀င်ရောက်လာခဲ့ပြီး ကရင်အမျိုး သားအစည်းအရုံး၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၇၅ ခုနှစ်တွင် ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၏ တွဲဖက်အတွင်းရေး မှူးအဖြစ် တာဝန်ပေးခြင်းခံရပြီး ၁၉၈၄ ခုနှစ် အထိတာဝန်ယူခဲ့သည်။
၁၉၇၆ ခုနှစ်တွင် ကရင်တော်လှန်ရေးရဲမေ နမ့်ကျင်ရွှေနှင့် ကေအဲန်ယူ ညောင်လေးပင်ခရိုင်တွင် လက်ထပ်ခဲ့ပြီး၊ စောစေးစေး၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း၊ စလုံ့ဖန်း သားသမီး (၄)ဦးတို့ ထွန်းကားခဲ့သည်။
၁၉၈၄ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ဗဟိုသဘာပတိအဖွဲ့ဝင်တဦးအဖြစ် တာဝန်ယူခဲ့ပြီး၊ ၁၉၈၄ ခုနှစ် ကရင်နီနယ်စပ်မှ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်စပ်အထိ မြောက်ပိုင်း ခရီးရှည် စည်းရုံးရေးခရီးစဉ်တွင် KNPP, KNU, ALP, PPLO, PSLP, NMSP, KIO, SSPP အဖွဲ့များမှ တိုင်းရင်း သားခေါင်းဆောင်ကြီးများနှင့်အတူ ဒုတိယစစ်ရေးခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့သည်။ ထိုခရီးစဉ်တွင် (NDF) ၏ တိုင်းရင်းသား လူမျိုးများတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး။ စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူများအား တက်တက်ကြွကြွ ဆွေးနွေးဆောင်ရွက်ခဲ့သူတဦးဖြစ်သည်။
၁၉၈၄ ခုနှစ်တွင် ကေအဲန်ယူ ဗဟိုကော်မတီ အဖွဲ့ဝင်တဦးဖြစ်လာပြီး ၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်ကြီး စောဗိုလ်မြ ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးမှ တော်လှန်ရေးနယ်မြေအတွင်းသို့ ရောက်ရှိလာသည့် ကျောင်းသားများ စုစည်းရေး၊ ညီညွတ်ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက်ပေးခဲ့သူတဦးဖြစ် သည်။
၁၉၈၉ ခုနှစ် စက်တင်ဘာ(၂၂)ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB) ကို စတင်ဖွဲ့စည်းရာတွင်ပါဝင်ခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး (၃) အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ကွယ်လွန်ချိန်အထိလည်း (NCUB) ၏ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန် ယူခဲ့သည်။
၁၉၉၅ ခုနှစ် (၁၁) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ် ရွေးကောက် တင်မြောက်ခြင်းခံခဲ့ရသည်။
၁၉၉၅ ခုနှစ် ဒီဇင်ဘာလမှ ၁၉၉၆ ခုနှစ် နှစ်ကုန်အထိ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) နှင့် န၀တ တို့ တွေ့ဆုံဆွေးနွေးပွဲ (၄) ကြိမ်ပြုလုပ်ခဲ့ရာ ၁၉၉၆ ခုနှစ် ဖေဖေါ်ဝါရီလ မော်လမြိုင်မြို့တွင်ပြုလုပ်သည့် ဒုတိယ အကြိမ်ဆွေးနွေးပွဲတွင် အဖွဲ့ခေါင်းဆောင်။ ၁၉၉၆ ခုနှစ် ဇွန်လ ဗိုလ်ချုပ်ကြီးတာမလာဘောဦးဆောင်သည့် မော်လမြိုင်မြို့တွင်ပြုလုပ်သည့် တတိယ အကြိမ်ဆွေးနွေးပွဲတွင် ဒု-အဖွဲ့ခေါင်းဆောင်။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ဗိုလ်ချုပ်ကြီးတာမလာ ဘောဦးဆောင်သည့် စတုတ္ထအကြိမ်ဆွေးနွေးပွဲတွင် ဒု-အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက် ခဲ့သည်။
၂၀၀၀ ပြည့်နှစ် (၁၂) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် ကေအဲန်ယူ၏ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ် (၁၃) ကြိမ်မြောက် ကွန်ဂရက်တွင်လည်း အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံအရွေးချယ်ခံခဲ့ရသည်။
ပဒိုမန်းရှာလားဖန်းသည် စာရေးစာဖတ် ၀ါသနာထုံပြီး ကေအဲန်ယူ (ဗဟို) မှထုတ်ဝေသည့် သနူးထူးဂျာနယ်နှင့် လွတ်မြောက်နယ်မြေမှထုတ်ဝေသည့် စာစောင်ဂျာနယ်များတွင်လည်း “ရေဆန်”၊ “တော်လှန်သောရဲဘော် တဦး”၊ “ဇိုယာဖန်း” စသည့် ကလောင်အမည်များဖြင့် တော်လှန်ရေးခေါင်းဆောင်များ၊ ရဲဘော်များ၏ အတ္ထုပ္ပတ္တိအကျဉ်းများ၊ တော်လှန်ရေးနှင့် အတွေးအခေါ်ဆိုင်ရာဆောင်းပါးများ၊ ကဗျာများကို ရေးသားခဲ့သည်။
၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ ညနေ (၄) နာရီ (၄၆) မိနစ် အချိန်တွင် မသမာသူ လူတစု၏ လုပ်ကြံမှု ကြောင့် ကျဆုံးခဲ့ရသည်။
ခေါင်းဆောင်ဆိုတာ
အသိအမှတ်ပြုလောက်တဲ့
သမိုင်းဖြတ်သန်းမှု ရှိရမယ်။
ပဒိုမန်းရှာလာဖန်း
A Leader
Must Have Gone Through
A Historic Time In Life.
Mahn Sha Lar Phan
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88