Friday, April 29, 2011

စက်ရုံ စီးနင်းသော အလုပ်သမားများ အလုပ်ပြန်ဆင်း

သန်းထိုက်ဦး
29 April 2011

ကြက်သား စက်ရုံ ကုမ္ပဏီမှ လုံခြုံရေး အစောင့်အကျပ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သော မြန်မာ အလုပ်သမားများတွင် ထိခိုက် ဒဏ်ရာရရှိသူတဦးကို နစ်နာကြေးငွေ ပေးမည် ဟူသော အလုပ်ရှင်၏သဘောတူညီမှုဖြင့် ဆန္ဒပြမှုကို ရပ်ဆိုင်းလိုက်ပြီး ယနေ့ အလုပ်ပုံမှန် ပြန်ဆင်းနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ဖဲ့ချဘွန်း (Phechabun) ခရိုင် Bueng Samphan မြို့နယ် တွင်ရှိသော Saha Farms ကြက်သား စက်ရုံ ကုမ္ပဏီမှ မြန်မာ အလုပ်သမားများ အဆောင်အနီးတွင် ဂစ်တာတီးနေစဉ် ထိုင်းလုံခြုံရေး အစောင့်အကျပ်များနှင့် ခိုက်ရန်ဖြစ် ပွားခဲ့ပြီး ယခုတပတ် ဗုဒ္ဓဟူးနေ့က စတင်၍ အလုပ်သမား ၁၀၀၀ ခန့် သပိတ်မှောက် ခဲ့ကြခြင်း ဖြစ်သည်။

လုံခြုံရေး အစောင့်အကျပ်များက ၀ိုင်းရိုက်ခဲ့သော အသက် ၂၀ အရွယ်ရှိ ကိုမင်းမင်း ဆိုသူကို အလုပ်ရှင်က နစ်နာကြေး ဘတ် ငွေ ၂၀၀၀၀ ပေးမည်ဟု သဘောတူညီမှုရရှိ ကာ ဆန္ဒပြမှုများကို ရပ်ဆိုင်းပြီး အလုပ်ပြန်ဆင်းနေပြီ ဖြစ်ကြောင်း ၎င်း စက်ရုံမှ အလုပ်သမား ကိုနိုင်က ဧရာဝတီသို့ ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် နေ့က မြန်မာအလုပ်သမားများက ဓားစာခံအဖြစ် ဖမ်းဆီးထားသော လုံခြုံရေး အစောင့်အကျပ် တဦးကို လည်း ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းက ဆိုသည်။

အလုပ်သမားများက ကုမ္ပဏီ လုံခြုံရေး အစောင့်အကျပ်များ ပိုင်သော ကားနှင့် ဆိုင်ကယ် တို့ကို ဖျက်စီးမှုနှင့် ပတ်သက်ပြီး အလုပ်ပိုင်ရှင်က ဖြေရှင်းပေးခဲ့ကြောင်း၊ အလုပ်သမားများ ခိုက်ရန်ဖြစ်ပွားသောနေ့တွင် ဓာတ်ပုံလာရိုက်သည့် နယ်မြေခံ ရဲ ၅ ဦးထဲမှ တဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သို့သော် ဖမ်းဆီးခဲ့သည့် ရဲကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပြီး ၎င်း၏ ပစ္စတိုသေနတ်၊ စကားပြောစက်နှင့် ကင်မရာ အပါအ ၀င် ဖုန်းများ ပျောက်ဆုံးခဲ့ကြောင်း အလုပ်သမား ကိုနိုင် က ရှင်းပြသည်။

“ဖုန်းနဲ့ ကင်မရာတို့ကို သူဘာမှ မပြောဘူး၊ အဓိက သူလိုချင်တာက သေနတ်ကိုပေါ့နော်၊ ကျနော်တို့လည်း ပြန်ရှာသေးတယ်၊ ဒါပေမယ့် မတွေ့ဘူး”ဟု ဆိုသည်။ သေနတ်ကို ယူသွားသူများက ပြဿနာတက်မည်ကို စိုးရိမ်သောကြောင့် ရဲကို ပြန်မပေးရဲ ခြင်း ဖြစ်နိုင် ကြောင်း ကိုနိုင်က ဆက်လက်ပြောဆိုသည်။

အလုပ်သမားများ စက်ရုံကို မစီးနင်းချိန်ကာလ အထိ ပြဿနာ အဖြေရှာ၍ရသည့် စက်ရုံ ပဋိပက္ခတခုသာဖြစ်သည်ဟု ဖဲ့ချဘွန်း ခရိုင် ၀န်ကြီး Kongekwilas Rujiwatthanaphongကို ကိုးကား၍ ယနေ့ The Nation သတင်းစာ၌ ဖော်ပြ ထားသည်။

စက်ရုံအနီးအနား၌ နေထိုင်သည့် ထိုင်း အမျိုးသမီးတဦးကလည်း“မြန်မာ အလုပ် သမားတွေကို လူလို မဆက်ဆံပါဘူး”ဟုပြော ဆိုကြောင်း The Nation တွင် ပါရှိသည်။

မြန်မာ အလုပ်သမားများသည် ကုမ္ပဏီလုံခြုံရေး အစောင့်အကျပ်များ၏ မတရား နှိပ်စက် မှုများကိုလည်း မကြာခဏခံရကြောင်း ၎င်းက ဆိုသည်။

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း(HRDF) က ညွှန်ကြားရေးမှူး အန်ဒီဟောလ် ကလည်း အလုပ်သမားများသည် ယာယီ နိုင်ငံကူးလက်မှတ် ရရန်အတွက် ကြိုးပမ်းနေ ကြောင်း၊ အလုပ်သမားများ အနေဖြင့် အလုပ်သမားအခွင့် အရေးကို အပြည့်အ၀ မရရှိသော ကြောင့် မကျေနပ်မှုများ တနေ့တခြား ကြီးထွားလာကြောင်း ပြောသည်။

ယင်း အခင်းဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍ အဖြစ်မှန်ကို သေချာသိရှိနိုင်ရန် အာဏာပိုင်များက စုံစမ်း ဖော်ထုတ်ရမည် ဖြစ် ကြောင်းလည်း ၎င်းက ဆိုသည်။

အလုပ်သမားများ အဆိုအရ ဓားစာခံ အဖြစ် အဖမ်းခံရသော ရဲကို အလုပ်သမားများက ရိုက်နက်ခဲ့သည့်အတွက် အလုပ်ပိုင်ရှင် ကထိုက်တန်သော နစ်နာကြေးပေးမည် ဖြစ်ကြောင်း ပြောသည်။ အတည်မပြုနိုင်သော သတင်းများ အရ ဘတ်ငွေ ၅၀၀၀၀ ပေးမည် ဟု ကြားသိရသည်။

ယင်း အလုပ်ရုံတွင် အလုပ်လုပ်နေသူများသည် မြန်မာနှင့် ကရင်တိုင်းရင်းသားများ ဖြစ်ကြပြီး တရားဝင် အလုပ်လုပ်သမား လက်မှတ် မရှိသူ အများစုဖြစ်ကြောင်း သိရသည်။

အခင်ဖြစ်ပွားခဲ့သည့် နေ့က လုံခြုံ ရေးတင်းကျပ်ထားသော်လည်း အင်အားသုံး ဖြိုခွင်းခဲ့သည့် သတင်းများ ထွက်ပေါ်လာခြင်း မရှိပေ။ ယမန်နေ့ ညနေကလည်း စက်ရုံအနီး တွင် လုံခြုံရေး တင်းကျပ်ထားသော ရဲနှင့် လူဝင်မှု ကြီးကြပ်ရေး(လ၀က) တို့က ပြန်ရုပ်သိမ်းသွားပြီး ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမား လက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ခွင့် ပေးထားသူ မြန်မာနိုင်ငံသား တသန်းသုံး သိန်းခန့်ရှိ ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ထိုင်းတွင် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူနှင့် တရားမ၀င် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၂ သန်းခွဲမှ ၄ သန်း အတွင်း ရှိနိုင်သည်ဟု ခန့်မှန်း ပြောဆိုသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့