Friday, April 29, 2011

တော်ဝင်မင်္ဂလာမောင်နှံ လူထုကို နန်းတော်လသာဆောင်မှ နုတ်ဆက်

29 ဧပြီ 2011
ဗြိတိန်နိုင်ငံမှာ တော်ဝင်မင်္ဂလာ မောင်နှံအသစ်ဖြစ်ကြတဲ့ ကိန်းဘရစ်ဂ်ျ မြို့စားနဲ့ မြို့စား ကတော် မင်းသား ၀ီလျံနဲ့ ကက်သရင်း မစ်ဒဲလ်တန် တို့ဟာ ဘက်ကင်ဟမ် နန်းတော် လေသာဆောင်မှာ ပရိသတ်ထောင်ပေါင်း များစွာရဲ့ တောင်းဆိုမှုအရ မင်္ဂလာအနန်း တွေပေးပြီး နုတ်ဆက်ကြတာကို ပရိသတ်ကြီးက သောင်းသောင်းဖျဖျ အော်ဟစ်အားပေး ကြပါတယ်။ နန်းတော်ရှေ့လမ်းစုံအ၀ိုင်းမှာ လူအုပ်ကြီးက စောင့်မျှော်နေပြီး တော်ဝင်စုံတွဲ လေသာဆောင်ရှေ့ထွက် နုတ်ဆက်တာနဲ့ လူအုပ်ကြီးက ၀မ်းပန်းတသာ ကောင်းချီးပေး နုတ်ဆက်ကြတာပါ။

ခင်ပွန်းသည်နဲ့အတူ လူအုပ်ကြီးကို နုတ်ဆက်ဖို့ထွက်လာတဲ့ ကက်သရင်းက လက်ပြ ဝှေ့ယမ်း နုတ်ဆက်ကြတဲ့ လူအုပ်ကိုတွေ့တဲ့အခါ အံ့အားတသင့် ဝေါင်း (Wow) ဆိုတဲ့ အာမေဋိတ်စကား ဆိုခဲ့ပါတယ်။

တော်ဝင်မောင်နှံဟာ လွတ်လပ်ပျော်ရွှင်နေပုံရပြီး ပရိသတ်က သူတို့ရဲ့အနန်းကို ၀မ်းသာ အားရ အားပေးနုတ်ဆက်တဲ့အခါ ဆက်ပြီးတော့ အနန်းရှည် ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ မကြာခင်မှာပဲ လေသာဆောင်ကို ဘုရင်မကြီး အယ်လိဇဘက်၊ မင်းသားကြီး ဖိလစ်၊ အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ ကြင်ယာ ကမဲလ်လာ၊ ကက်သရင်း ရဲ့မိဘတွေနဲ့ တော်ဝင်မိသားစုဝင်တွေ ထွက်လာပြီးတော့ တော်ဝင်မောင်နှံနဲ့အတူ ပရိသတ်ကို နုတ်ဆက်ကြပါတယ်။

တော်ဝင်လေတပ်နဲ့ Britain Memorial လေကြောင်းတို့ကလည်း ဝေဟင်မှာ ပြန်ဝဲ ပြီးတော့ ဂုဏ်ပြုခဲ့ကြပါတယ်။ မင်္ဂလာမောင်နှံဟာ မိသားစုဝင်တွေ ထွက်ခွာသွားပြီးတဲ့ အထိ လေသာဆောင်ကနေ မထွက်ခင် နောက်ဆုံးမိနစ်အထိ ပရိသတ်ကြီးကို လက်ဝှေ့ယမ်း နုတ်ဆက်ခဲ့ကြတဲ့ ကြည်နူးစရာ မြင်ကွင်းကို တွေ့မြင်ကြရပါတယ်။

Ref;VOA

0 comments:

အပေါ်သို့