Friday, April 29, 2011

ဈေးစည်ပင်ကြောင့် သီရိမင်္ဂလာဈေးသစ် ဆိုင်ခန်းရှင်များ အခက်ကြုံ

ယုယမိုး
28 April 2011

ရန်ကုန် သီရိမင်္ဂလာဈေးကြီး၏ ဈေးသူဈေးသားများ၊ ဆိုင်ခန်း ပိုင်ရှင်များသည် ဈေးများ ဌာန စည်ပင်သာယာရေး ကော်မတီ၏ မတရား အခွန်ကောက်ခံမှု၊ အဂတိလိုက်စား မှု များကြောင့် အခက်အခဲများ ရင်ဆိုင်နေရသည်ဟု သိရသည်။

ရန်ကုန်မြို့၏ အကြီးဆုံး ကုန်စိမ်းဈေး ကြီးဖြစ်သည့် သီရိမင်္ဂလာ ဈေးကြီးကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ ကတည်းက ရန်ကုန်တိုင်း လှိုင်မြို့ နယ်သို့ ပြောင်းရွှေ့ ဖွင့်လှစ် ခဲ့ သော်လည်း ဆောက်လုပ်ရေး လုပ်ငန်း များမှာ ယခုအထိ မပြီးစီး သေး ကြောင်း၊ ဆောက်လုပ်ရေး ကုန်ကျ စရိတ် များကိုလည်း ဈေးဟောင်းမှ ပြောင်းရွှေ့ရောင်းချလာသူ ဈေးသူဈေးသား များထံမှ ကောက်ခံ နေကြောင်း၊ ထို့အပြင် ဈေးစည်ပင်သာယာရေးမှ တာဝန်ယူ ကုန်ကျခံရမည့် ဈေးလုံခြုံရေး လမ်း လျှပ်စစ်မီတာခ များအား ဆိုင်ခန်း အကျယ်အ၀န်းကို လိုက်ကာ ပေးဆောင်ရမည်ဟု ဈေးစည်ပင်မှ ထုတ်ပြန်လိုက်ကြောင်း သီရိမင်္ဂလာဈေးတွင် ကုန်စိမ်းများ ရောင်းချနေသည့် ဦးချိုကြီးက ပြောသည်။

“ကျနော်တို့ ဈေးသစ်ကို မပြောင်းခင်ကတော့ ဈေးစည်ပင်သာယာရေး ဌာနမှူး ဦးတင်ကိုကို ကိုယ်တိုင်က တည်ဆောက် ရေးတွေ အားလုံးပြီးမှ ပြောင်းရမယ်၊ ဆိုင်ခန်းတွေကို အတိအကျ ပြန်နေရာ ချထားပေးမယ်၊ ဘာအခွန်အခမှ ထပ် မတောင်းဘူးလို့ မနှစ်က မတ်လမှာ အသေအချာ ပြောခဲ့ပါတယ်။ အခုတော့ ဆိုင်ခန်း ဆောက်လုပ်ရေးတွေ မပြီးသေးခင် ဈေးပြောင်းပေးရတဲ့အပြင်၊ ဆောက်လုပ်ဆဲ ဆိုင်ခန်းတွေရဲ့ ကုန်ကျစရိတ် တွေပါ ပေးရတယ်” ဟု သူက ဆိုသည်။

ယခုလ ၂၃ ရက်နေ့ကလည်း ဈေးလုံခြုံရေး လျှပ်စစ်မီးဖိုးများကို ကောက်ခံသွားကြောင်း၊ အစိုးရ ယူနစ်အတိုင်း ကောက်ခံပါက တဈေးလုံးအတွက် ကျပ် ၈ သောင်း ၀န်းကျင်သာ ကုန်ကျမည် ဖြစ်သော်လည်း ထိုစနစ်ဖြင့် ကောက်ခံခြင်း မဟုတ်ဘဲ ဆိုင်ခန်း အကျယ်အ၀န်းပေါ် မူတည်ပြီး ကောက်ခံသဖြင့် နစ်နာကြောင်း ၎င်းက ဆက်ပြောသည်။

“ဆိုင်ခန်းကျဉ်းရင် တခန်းကို ကျပ် ၅၀၀ နှုန်း၊ ကျယ်ရင် ၁၀၀၀ နှုန်းပေးရတယ်။ ဧပြီတလတည်းရဲ့မီးဖိုးမဟုတ်ဘဲ ၄ လစာ မီးဖိုး ဆိုပြီး Back Date နဲ့ ပေးရမှာပါ” ဟု ဦးချိုကြီးက ဆိုသည်။

သီရိမင်္ဂလာဈေးသစ်တွင် ဆိုင်ခန်းစုစုပေါင်း ၂၀၀၀ ကျော် ရှိသဖြင့် လုံခြုံရေး မီတာခမှာ တဈေးလုံးအတွက် ကျပ် သိန်း ၁၀ ဂဏန်းချီ ပေးဆောင်နေရသည်ဟု သူက ပြောသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဧရာဝတီက ဈေးဌာနမှူး ဦးတင်ကိုကို အား ဆက်သွယ် မေးမြန်းရာ ဖြေဆိုခြင်း မရှိပေ။

ဆိုင်ခန်းပိုင်ရှင်များသည် ဈေးစည်ပင်မှ သတ်မှတ်ပေးသော နေရာများတွင်သာ ရောင်းချ ရပြီး နေရာကောင်းသည့် ဆိုင်ခန်းများ အား ဈေးစည်ပင်က လေလံတင် ရောင်းစားထား မှုများလည်း ရှိကြောင်း သိရသည်။

“ကျမတို့ ဆိုင်ခန်းတွေဆို ဈေးဝင်ပေါက်နဲ့ နီးတဲ့နေရာမျိုး မဟုတ်ဘဲ ချောင်ကျတဲ့ အနောက်ဘက် နားလောက်ကို ပေးထားတယ်။ ဆိုင်ခန်းပိုင်ရှင် တော်တော်များများလည်း ကျမလိုပဲ။ ဆိုင်ခန်းနေရာ ကောင်းတွေကိုတော့ ဈေးစည်ပင်က လေလံတင် ရောင်းစားဖို့ သိမ်းထားတယ်။ ဇန်န၀ါရီ လတုန်းကတောင် ဆိုင်ခန်းတချို့လေလံတင်သေးတယ်” ဟု ငှက်ပျောသီး ပွဲရုံပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။

ဈေးသစ်တွင် ယခင် ဈေးဟောင်းကဲ့သို့ အရောင်းအ၀ယ် မကောင်းကြောင်း၊ ဈေးသစ်သို့ ပြောင်းရွှေ့ လာသည်မှာ ၄ လခန့် ရှိပြီဖြစ်သော်လည်း ပုံမှန် မဖြစ်သေးဘဲ ယခင် ၀ယ် နေကြ ဖောက်သည်များမှာ ဆိုင်ခန်းနေရာများကို မမှတ်မိသဖြင့် နီးစပ်ရာ ဆိုင်များ တွင်သာ ဝယ်ယူကြသောကြောင့် နစ်နာရကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ သူက “ကုန်တင်ကုန်ချ အလုပ်သမား စရိတ်များလည်း ယရင်ထက် ၂ ဆပို ပေးနေရတယ်။ အခုလို လမ်းမီး မီတာခတွေကို ကျမတို့ ဈေးသူဈေးသားတွေကပဲ အကုန်အကျ ခံရမယ်ဆိုတော့ အခက်အခဲ တွေ့နေကြပါတယ်” ဟု ပြောသည်။

သီရိမင်္ဂလာ ဈေးသူဈေးသားများသည် ယခင် ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်က ယာဉ်ကျောပိတ်ဆို့သည် ဆိုသည့် အကြောင်းပြချက်ဖြင့် အဓမ္မ ပြောင်းရွှေ့ ခိုင်းမှုကြောင့် ကြည့်မြင်တိုင်မြို့နယ် ဈေးဟောင်းနေရာမှ ယခုလှိုင်မြို့နယ် ပိတောက်ချောင်း အနီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့