Tuesday, August 23, 2011

သောင်းကျန်းမှုအဖြစ် မြင်က နိုင်ငံရေး ဆွေးနွေးမှု ခက်မည်ဟု KIO သတိပေး

ဖနိဒါ
သြဂုတ်လ ၂၂ ရက် ၂၀၁၁ ခုနှစ်

မြန်မာအစိုးရ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်နေသည့် တိုက်ပွဲများကို သောင်းကျန်းမှု ပြဿနာအဖြစ် ရှုမြင် ပါက စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှု ရနိုင်ရန်ခက်မည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ပြောဆိုလိုက်သည်။

"ကေအိုင်အိုအား သောင်းကြမ်းသူ(အဖွဲ့) အနေဖြင့်သာ သတ်မှတ်ပြီး ကေအိုင်အိုမှ တောင်းဆိုချက်များကို လည်း သောင်းကြမ်း သူ ပြဿနာအဖြစ်သာ ရှုမြင်ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိပါသည်” ဟုဆိုကာ “ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ဆောင်ရွက်ရန်ဟု ခေါင်းစဉ်တပ် ပြောကြားသော်လည်း လုပ်ငန်းစဉ်များသည် လက်နက်ချရေး မူသာဖြစ်ပါသည်”ဟု မဇ္ဈိမက လက်ခံရရှိထားသော စာမိတ္တူတွင် ပါရှိသည်။


သြဂုတ်လ ၁၉ ရက်နေ့ အစိုးရဘက်မှ ယာယီ အပစ်ခတ် ရပ်ဆိုင်းပြီးနောက် နိုင်ငံရေး ဆွေးနွေးရန် ကချင်ပြည်နယ် ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေး အဖွဲ့ ကိုယ်စား လှယ်များမှ တဆင့် ကမ်းလှမ်းသော စာတစောင်ကို KIO သို့ ပေးပို့ခဲ့သည့်အပေါ် KIO မှ တနင်္လာနေ့တွင် အီးမေးမှ တဆင့် ပြန်ကြားလိုက်ခြင်းဖြစ်သည်။

ထို့အပြင် သမ္မတဦးသိန်းစိန်က ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်တွင်းမှ ဆွေးနွေးရန် ကမ်းလှမ်းမှု များလုပ်ခဲ့သည့် အပေါ် တပါတည်း တုံ့ပြန်လိုက်ခြင်းလည်းဖြစ် သည်။

“လက်နက်ကိုင် အင်အားစုတွေ၊ အထူးသဖြင့် ကျနော်တို့ ကေအိုင်အိုကို အဖျက်သမား လုပ်နေတယ်လို့ သူတို့ အစိုးရက အဲဒီလို သတ်မှတ်တာကို ကန့်ကွက်တဲ့ သဘောပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ ကျနော်တို့ လိုလားချက်တွေ တောင်းဆိုပေမဲ့ လက်ခံတာမျိုး မရှိခဲ့ဘူး။ ဒါကြောင့် ကျနော်တို့ လက်မခံနိုင်တာကို အတိအလင်း ထုတ်ဖော် ပြောဆိုတာပါ”ဟု KIO တွဲဘက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

ထို့ပြင် သတင်းစာရှင်းလင်းပွဲတွင် ကေအိုင်အိုနှင့် ပတ်သက်သော မဟုတ်မမှန်သည့် အချက်အလက်များ ထည့်သွင်းဖော်ပြ ထားသည်ကို တွေ့ရှိရသဖြင့် ဝါဒဖြန့်မှုများကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ကာ KIO ကို ချေမှုန်းနိုင်ရန် ဖြစ်သည် ဟု KIO က သုံးသပ်သည်။

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် ခရန်ထီဒမ်းကျေးရွာရှိ နေအိမ် ၂၂ လုံးကို ယခုလ ၁၃ ရက်နေ့က မီးရှို့ဖျက်ဆီး
ပြီး ၁၉ ရက်နေ့တွင် နေအိမ် ၁ဝ လုံးနှင့် အခြေခံမူလတန်း ကျောင်းတကျောင်းတို့ကို KIA အဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့ သည်ဟု တနင်္လာနေ့ထုတ် အစိုးရအာဘော် သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် သြဂုတ်လ ၂ဝ ရက်နေ့ ညနေ ၄ နာရီတွင် ဗုံး ၉လုံး ပေါက်ကွဲမှုကြောင့် မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာရှိ မလိချောင်းကြိုးတံတား ပျက်စီးခဲ့သည်မှာ အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟု ထပ်မံဖော်ပြထားသည်။

စွပ်စွဲချက်များအပေါ် KIO က ပယ်ချလိုက်ပြီး အစိုးရဘက်မှ လုပ်ကြံ ပြောဆိုခြင်းသာဖြစ်သည်ဟု ဦးလနန်ကပြောသည်။

“အပစ်အခတ်ရပ်ရေး ဆွေးနွေးမှုက ဝေးနေတုန်းပဲလို့ ပြောလို့ရမယ်။ အပစ်အခတ် ရပ်ဆိုင်းတာဟာ ငြိမ်းချမ်းရေးရပြီ၊ ဥပဒေ ဘောင်အတွင်း ရောက်ပြီ။ နိုင်ငံရေး လှုပ်ရှားကြပါဆိုတဲ့ ပုံစံဖြစ်လာတဲ့ အတွက်ကြောင့်မလို့ အပစ်အခတ် ရပ်ဆိုင်းရေး ကိုတော့ တော်တော်လည်း ပြန်ညှိရမယ့် အဆင့်ရောက်နေပြီ”ဟု ဦးလနန်က ပြောသည်။

KIO တုံ့ပြန်စာကို ပြည်နယ် ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့ထံ လိပ်မူပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရများသို့ မိတ္တူပေးပို့လိုက်သည်ဟု သိရသည်။

ထိုစဉ်တွင် နှစ်ဘက် တိုက်ပွဲများကြောင့် မန်စီမြို့နယ် ဂေါအူကျေးရွာတွင် အခြေချထားသည့် ခလရ ၇၄ တပ်ဖွဲ့များက ယခုလ ၂ဝ ရက်နေ့ ည ၈ နာရီချိန်တွင် လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် အမြောက်ကျည်ဆံမှာ ကျောင်းဆရာမ မိုင်းအောင်၏ နေအိမ်တွင် ကျခဲ့သဖြင့် စာသင်ကြားနေသော အသက် ၆ နှစ်အရွယ် ကျောင်းသူ ဖေါင်လာထု ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု KIO ဘက်က ပြန် လှန်ထုတ်ပြန်သည်။

ဆရာမ မိုင်းအောင် အပါအဝင် ကျောင်းသူ ၄ ဦး တို့ ဒဏ်ရာရသဖြင့် လက်ရှိ နမ်လင်းပါကျေးရွာရှိ KIO ဆေးခန်း တွင် ကုသမှု ခံယူနေသည်ဟု ဆိုသည်။

Ref: Mizzima

0 comments:

အပေါ်သို့