Friday, February 24, 2012

အုန်းဖျံ ဒုက္ခသည် စခန်းမီး လူလေးထောင်ကျော် အိုးအိမ်မဲ့ဖြစ်ကုန်

ကျော်ခ
ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ်

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရာ့မြို့နယ်အတွင်း မြန်မာဒုက္ခသည်များ ခိုလှုံနေထိုင်သော အုန်းဖျံ ဒုက္ခသည်စခန်းတွင် ရပ်ကွက် ၆ ခုကို ကြာသပတေးနေ့က နှစ်နာရီကျော်ကြာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ပြီးနောက် လူဦးရေ လေးထောင်ကျော် အိုးအိမ်မဲ့ ဖြစ်သွားရသည်။

ရပ်ကွက်ပေါင်း ၁၆ ရပ်ကွက်ရှိသော အဆိုပါ ဒုက္ခသည်စခန်းထဲရှိ အမှတ် ၉ ရပ်ကွက်မှ မုန့်ကြော်နေသည့် မီးဖိုမှ တဆင့် မွန်းတည့်ချိန်မှ မွန်းလွဲ နှစ်နာရီခွဲချိန်ထိ အပြင်းအထန် လောင်ကျွမ်းခဲ့ပြီး စခန်းတွင်းရှိ ဇုန် A ရပ်ကွက် ၆၊ ၇ နှင့် ဇုန် B ရပ်ကွက် ၆၊ ၇၊ ၈ တို့မှ အိမ်ခြေ ၅၆၆ လုံး မီးထဲပါသွားပြီး လူဦးရေ ၄၄၁၀ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု စခန်း ဥက္ကဋ္ဌ စောဝါးထီး က မဇ္ဈိမကို ပြောသည်။

“ဒီမှာ ဒီလောက်ကြီးကြီးကျယ်ကျယ် လောင်တာမျိုး တခါမှ မလောင်ဖူးဘူးဗျာ” ဟု ပြောသည်။

ဖုတ်ဖရာ့မြို့မှ မီးသတ်ကားများသည် မွန်းလွဲ နှစ်နာရီခွဲမှ ရောက်ရှိလာကြရာ မီးညွှန့်ကျိုးခဲ့ကြောင်း သိရသည်။ အုန်းဖျံ ဒုက္ခသည် စခန်းသည် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့နှင့် ကီလိုမီတာ ၈၀ ကျော် ကွာဝေးသည်။

မီးလောင်နေမှုကို မူလက စခန်းသူ၊ စခန်းသားများဖြင့် ငြှိမ်းသတ်နေကြပြီး မီး မကူးစက်မီ ကြိုတင်တားဆီးရန်အတွက် အိမ်အလုံး ရေ ၅၁၅ လုံးကိုလည်း ဖြိုဖျက်ပစ်ခဲ့ရကြောင်း သိရသည်။ မီးလောင်နေစဉ် အမျိုးသမီးများ၊ ကလေးငယ် များနှင့် သက်ကြီးရွယ်အိုများက အိုးအိမ်များ စွန့်ကာ အသက်လု ပြေးခဲ့ကြရသည်။

“မြင်နေရတာ တကယ့် ငရဲပါပဲဗျာ။ အမှိုက်ပုံကို မီးရှို့တော့ အောက်က ပုရွက်ဆိတ်တွေ ထွက်ပြေးကြသလိုပဲဗျာ။ မီးနဲ့လွတ်တဲ့ ကွင်းတွေ၊ ဘေးလွတ်ရာတွေကို ပြေးကြတာ။ လေကလည်းတိုက် နေကလည်းပူဆိုတော့။ မီးက အရမ်းမြန်တယ်။ ကျုပ်တို့လည်း ဘာမှ ယူမ လာ ခဲ့နိုင်ဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ပဲ ပြေးရတာ” ဟု အမှတ် ၉ ရပ်ကွက်တွင်နေထိုင် သူ ဒုက္ခသည် တဦးက မဇ္ဈိမကို ပြောသည်။

ဒုက္ခသည် စခန်းတွင်းရှိ အိမ်များသည် သစ်၊ ဝါးနှင့် မြက်သက်ကယ် အမိုးများဖြင့် ဆောက်လုပ်ထားသည့် အိမ်များ ဖြစ်သဖြင့် မီးလောင်အား ပိုမိုအားကောင်းစေခဲ့သည်ဟု ဒုက္ခသည်တွေက ပြောသည်။

“မီးလောင်တာ တွေ့တာနဲ့ အိမ်ခန်းထဲမှာ အဝတ်အထည်တွေနဲ့ အစားအသောက်တွေ သယ်ဖို့ လုပ်တယ်။ ခဏပဲ မီးခိုးလုံးတွေ အိမ်ထဲ ကိုဝင်လာတာနဲ့ မိန်းမနဲ့ ကလေးတွေကို ဆွဲပြီး ဘေးလွတ်ရာ ပြေးရတာပဲ။ ဘာမှကို ယူချိန် မရလိုက်ဘူး” ဟု ရပ်ကွက် ၇ တွင်နေထိုင်သူ တဦးက မဇ္ဈိမကို ပြောသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည် ရပ်ကွက် ၅ ခုတွင် မွတ်စလင် ဘာသာဝင်များ အများဆုံး နေထိုင်ပြီး မီးစွဲလောင်ခဲ့သည့် အိမ် ၅၆၆ လုံး အနက် ၈ လုံးမှာ ကရင်နှင့် အခြား တိုင်းရင်းသား အိမ်များဖြစ်ကြောင်း စခန်းဥက္ကဋ္ဌက ပြောသည်။ မီးလောင်စဉ်၌ အိမ်များအပြင် ဗလီ နှစ်ခု၊ မူကြိုကျောင်း နှစ်ကျောင်းနှင့် မွတ်ဆလင် အမျိုးသမီးများအသင်းရုံးတို့ ဆုံးရှုံးခဲ့ရသည်။

မီးဘေးသင့် ဒုက္ခသည်များကို စခန်းတွင်းရှိ ရပ်ကွက်များမှ အခြားဒုက္ခသည်များ၏ အိမ်များ၊ ဗလီနှင့် နေရာလွတ်များ တွင် ခေတ္တ ခိုလှုံထားစေပြီး အစားအသောက်၊ အဝတ်အထည်၊ စောင်နှင့် ဖျာအချို့ကို Thailand Burma Border Consortium (TBBC)နှင့် မဲဆောက်အခြေစိုက် မြန်မာ NGO အဖွဲ့စည်းအချို့က လာရောက် ပို့ဆောင်ပေးကြသည်ဟု သိရသည်။

အုန်းဖျံစခန်းတွင် မြန်မာဒုက္ခသည် ၁၆,၀၀၀ ကျော် ရှိသည်ဟု ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ အကူအညီပေးရေး အဖွဲ့ TBBC ၏ ၂၀၁၁ ခုနှစ် မေလ စာရင်းအရ သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့