Tuesday, February 21, 2012

၈၈ မျိုးဆက်များ၏ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲ ပြုလုပ်

February 20, 2012
အေး​နိုင်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ဟသာင်္တမြို့ကို ဒီနေ့ရောက်ရှိရာမှာ လမ်းတလျှောက် လူရာထောင်ချီ ကြိုဆိုကြပြီး မြို့ခံ ဒီမိုကရေစီ လိုလားသူတွေနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲတခုကို ပြုလုပ်ပါတယ်။

မြို့ခံ ဒီမိုကရေစီလိုလားသူတွေရဲ့ ဖိတ်ကြားချက်အရ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားတွေဟာ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက် ဆွေးနွေး ပွဲကို တက်ရောက် ဆွေးနွေးခဲ့တာပါ။


မွန်းလွဲ ၁ နာရီက ဟင်္သာတမြို့နယ် ဦးအောင်မြတ်ကျော် ပြည်လုံးချမ်းသာ ခန်းမမှာ မြို့ခံလူထုနဲ့ တွေ့ဆုံရာ လူငါးထောင်ကျော်ဆန့်တဲ့ ခန်းမတခုလုံး ပြည့်လျှံသွားရုံတင်မကဘဲ အပြင်မှာလည်း လူတွေ စောင့်ဆိုင်း နားထောင်နေကြတယ်လို့ အခမ်းအနား စီစဉ်သူတွေက ပြောပါတယ်။

ဒီပွဲမှာ ကိုမင်းကိုနိုင်က “ဒီလို ကျက်သရေ မင်္ဂလာရှိတဲ့ ခန်းမကြီးထဲမှာ၊ မီးရောင်စုံအောက်မှာ၊ ဒီကင်မရာ မီးရောင်တွေ တဖျပ်ဖျပ်ရှေ့မှာ မတ်တပ်ရပ်ပြီးတော့ ပြောနိုင်တယ်ဆိုတာ တကယ်လို့ ကျနော်တို့က အဖူးအပွင့်တွေဆိုရင် ကျနော်တို့မှာ ပင်စည်ရှိပါတယ်။ ရေသောက် မြစ်တွေ ရှိပါတယ်။ ဘယ်ပန်းမှ အမြစ်မရှိဘဲ ပွင့်လို့မရပါဘူး။ အဲဒီတော့ နောက်ဆုံး ဂုဏ်ပြုခံနေရတဲ့ ဘ၀။ ပန်းတွေနဲ့ ဝေနေတဲ့ ဒီ ပုဂ္ဂိုလ်တွေရဲ့ တကယ့် အရင်းအမြစ်ကို ကြည့်လိုက်ရင် ပြည်သူလူထုပါ။ ပြည်သူလူထု မရှိဘဲနဲ့ ဘယ်အောင်ပွဲမှလည်း မရှိဘူး။ ပြည် သူလူထု လက်မခံရင်လည်း ဘယ်အာဏာရှင်မှ ကြာကြာမခံဘူးဆိုတာ သမိုင်းမှာ သက်သေများစွာ ပြခဲ့ပါပြီ” လို့ ပြောပါတယ်။

ကိုမင်းကိုနိုင် မိန့်ခွန်းအပြီးမှာ ကိုကိုကြီးနဲ့ ရှစ်ဆယ့်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်း မိန့်ခွန်းတွေ ပြေကြားခဲ့ကြသလို ပြည်သူတွေကလည်း ပြန်လည်ဆေးနွေးခဲ့ကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲအနှစ်ချုပ်ကို ကိုယ်တိုင်ဆွေးနွေးခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးက ခုလို ရှင်းပြပါတယ်။

“အဓိကကတော့ ပွင့်ပွင့်လင်းလင်း နေခွင့်၊ ပြောခွင့်၊ ဖော်ထုတ်ခွင့် မရတဲ့ အပိတ်လူ့အဖွဲ့အစည်းကြောင့်မို့လို့ ကျနော်တို့လူ့အဖွဲ့ အစည်း ဟာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရတယ်၊ နောက်ကျခဲ့ရတဲ့အခြေအနေတွေ။ နောက်တခါ အပိတ်လူ့အဖွဲ့အစည်းဆိုတာက ဟိုအထက် ကနေပြီးတော့ အောက်ခြေကို အမိန့်၊ အကြောက်တရားနဲ့ မောင်းနှင်တဲ့ လူ့အဖွဲ့အစည်း ဆိုတာဟာ လူသားရဲ့ ဂုဏ်သိက္ခာ ထိခိုက်တဲ့၊ လူသားမပီသတဲ့ ဘဝမျိုးကို ဖြတ်သန်းခဲ့ရတယ် ဆိုတာရယ်။ အဲဒီတော့ အခု ကျနော်တို့ ရည်ရွယ်နေတဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းဆိုတာ က အသိတရားနဲ့ မောင်းနှင်တဲ့ လူ့အဖွဲ့အစည်း။ အဲဒီဟာကသာ တကယ်ခိုင်ခန့်တဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ ညီညွတ်မှု၊ ဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်နိုင်မယ်ဆိုတဲ့အကြောင်း၊ အဲဒီတော့ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ဒီ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို အား ကောင်းလာအောင် ဝိုင်းပြီး တည်ဆောက်ကြဖို့ တိုက်တွန်းဖြစ်တာပါ။”

ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုဌေးကြွယ်တို့ဟာ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီတောင်းဆိုတဲ့ သမိုင်းဝင် လူထုအုံကြွမှုကို အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပြီး ဒီနှစ်ဆန်းကမှ ပြန်လွတ်လာကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ပြီးရင် ဒီခရီးစဉ်ဟာ လူထုအများဆုံး လာရောက်အားပေးတဲ့ ခရီးစဉ်ဖြစ်တယ်လို့ မျက်မြင်တွေနဲ့ အကဲခတ်သူတွေက ပြောပါတယ်။

ဟင်္သာတကို အသွား လမ်းတလျှောက် ကြိုဆိုပုံကို ယာဉ်တန်းနဲ့ လိုက်ပါလာသူ မျက်မြင်တဦးက “ကျနော်က မြို့ကနေ သွားကြိုတာ။ ဇလွန်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ ကျုံပျော်မြို့နယ်က အန်အယ်လ်ဒီ လူငယ်တွေရော၊ ဒီမိုကရေစီကို မြတ်နိုးတဲ့သူတွေရော၊ ၈၈ အရေး တော်ပုံမှာ အားတက်သရော ပါဝင်ခဲ့တဲ့ လူကြီးတွေ၊ လူငယ်တွေ သွားကြိုတယ်။ ကားအစီးရေ ၂၀ ကျော်ပေါ့။ လောလောဆယ် ဗိုလ်မြတ်ထွန်းလမ်းပေါ်မှာပါ” လို့ ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေဟာ ပရဟိတဆောင်ရွက်တဲ့ ဘုန်းတော်ကြီး၊ လူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ ခရီးစဉ်မှာပါပြီး ညနေပိုင်း မှာ သရက်မြို့နဲ့ ဇလွန်ဘက်တွေကလည်း ၀င်ရောက်မယ်လို့ သိရပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့