Thursday, February 23, 2012

စီးပွားရေး ပိတ်ဆို့မှုသည် အဓိက ပြဿနာဟု အာဆီယံကို လုပ်ငန်းရှင်များပြော

ညီသစ်
ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၂ ခုနှစ်

စီးပွားရေး ဖွံ့ဖြိုးမှုများအတွက် နိုင်ငံတကာမှ ပိတ်ဆို့မှုမှာ အဓိကပြဿနာရပ် ဖြစ်နေ ကြောင်း မြန်မာ စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြ ပြောကြားလိုက်သည်။

အင်္ဂါနေ့က အာဆီယံ အတွင်းရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းစုချုပ် UMFCCI မှ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံက ပြေးလမ်းကနေ ပျံတက်တော့မယ့် လေယာဉ်တစီးနဲ့ တူပါတယ်။ အပေါ်ကို ပျံတက်ဖို့ အားယူနေချိန် မှာ ရှေ့မှာ ပြင်း ထန်တဲ့ လေတွေက ဆန့်ကျင် တိုက်ခတ်နေတယ်။ ဒါပေမယ့် မြန်မာက ရှေ့ကို ဆက်ပျံသန်းဖို့ပဲ ဆုံးဖြတ်ထားတယ်” ဟု UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က ပြောသည်။

၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက လက်ခံကျင်းပမည့် အာဆီယံ ထိပ်သီးညီလာခံသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုများ အတွက်လည်း အရေးပါသည့် ကိစ္စတခုဖြစ်ပြီး ယခုအချိန်သည် ပိတ်ဆို့မှုများ ဖယ်ရှားကာ ပြည်သူများ အနေနှင့် ကောင်းမွန်သည့် လူနေမှုဘဝများ ရရှိသင့်သည့် အချိန်ကာလဟု UMFCCI က ပြောသည်။

UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့သည်မှာ မြန်မာနိုင်ငံသို့ ဝင်ရောက် ရင်းနှီးမြှပ်နှံပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အလားအလာ အကောင်းဆုံး နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များသည် ယခုပိတ်ဆို့မှုများကြောင့် အခက် အခဲများစွာ ဖြစ်ပေါ်ရကြောင်း၊ မြန်မာနိုင်ငံမှ ၉၅ ရာခိုင်နှုန်းသော စီးပွားရေး လုပ်ငန်းများမှာ အလတ်စားနှင့် အသေးစား လုပ်ငန်းများ ဖြစ်ကာ နိုင်ငံတကာမှ ဘဏ္ဍာရေး၊ နည်းပညာ အကူအညီ များစွာ လိုအပ်နေကြောင်း ပြောဆိုခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့