Monday, February 20, 2012

လယ်ယာထွက်ကုန် လွတ်လပ်စွာ စိုက်ပျိုးရောင်းချနိုင်ရေး ဒေါ်စုပြော

မျိုးသန့်
ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၂ ခုနှစ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်သူ လယ်သမားများ အတွက် လယ်ယာထွက်ကုန်များကို လွတ် လပ်စွာ စိုက်ပျိုး ရောင်းချခွင့်ရရှိရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်းရုံးရေးခရီးစဉ်အတွင်း ဖျာပုံလူထုသို့ ပြောဆို သွား သည်။

ဧရာဝတီတိုင်းသို့ ဒုတိယအကြိမ် ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်ဖြစ်သည့် သောကြာနေ့ ဖျာပုံခရီးစဉ် အတွင်း လူထုပရိသတ် လေး သောင်းခန့်ကို မိန့်ခွန်း ပြောကြားရာတွင် စိုက်ပျိုးရေးအတွက် အထောက်အကူ ဖြစ်စေမည့် နည်းလမ်းများကို အကောင်အထည် ဖေါ်ပေး မည် ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောကြားသွားသည်။


"မလိုအပ်တဲ့ ကန့်သတ်မှုတွေ ချုပ်ချယ်မှုတွေကို ဖယ်ရှားပေးဖို့ လိုပါတယ်။ ဒါတွေကို လွတ်လွတ်လပ်လပ် စိုက်ပျိုးရောင်းချချင်တဲ့ တောင်သူလယ်သမားများ အားလုံး နားလည်မှာ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ အကန့်အသတ် အချုပ်အချယ်တွေကို ဖယ်ရှားပေးရုံနဲ့ မလုံလောက်သေးပါဘူး။ အထောက်အကူဖြစ်မယ့် စည်းမျဉ်း စည်းကမ်းတွေ၊ အထောက်အကူဖြစ်မယ့် လုပ်ငန်းတွေကိုလည်း အကောင် အထည် ဖေါ်ပေးရမှာ ဖြစ်ပါတယ်။ ဒီဟာတွေ အားလုံးဖြစ်ဖို့ ကျမတို့ ကြိုးစားပါမယ်" ဟု ပြောကြားသွားသည်။

ထို့အပြင် စစ်မှန်သည့် ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်နိုင်မည်ဆိုပါက ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ အထက်ပါအချက်များ အကောင်အထည် ပေါ်ရေးအတွက် ကူညီပေးရန်လည်း အသင့်ရှိနေသည်ဟုလည်း သူက ပြောကြားသွားသည်။

ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်လည်း ဝန်ကြီး ဦးမြင့်လှိုင်က တောင်သူလယ်သမား များ စိုက်ပျိုးလိုသည့် သီးနှံများကို စိုက်ပျိုးခွင့် ပေးမည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက် ရရှိရေး အတွက် အကူအညီပေးကာ လယ်သမားများ ဝင်ငွေတိုးတက်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

သို့သော် တဘက်တွင်လည်း ဒေသ ရာသီဥတုနှင့် ကိုက်ညီမှုမရှိသည့်အပြင် တောင်သူလယ်သမားများ မစိုက်ပျိုးလိုသည့် နွေစပါးကို ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စိုက်ပျိုးခိုင်းစေမှုများ ရှိနေကြောင်း ထိုနေ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စား လှယ် ဦးရဲထွန်းကထည့်သွင်း ဆွေးနွေးသွားသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုလ ၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း "ဒေသဝမ်းစာ ဖူလုံရေးအတွက် နွေစပါးနှင့်မိုးစပါးများကို အမိန့်ညွှန်ကြားချက်ဖြင့် စိုက်ပျိုးစေခြင်းသည် သက်ဆိုင်ရာဒေသ ရေမြေရာသီဥတုနှင့် မကိုက် ညီပါက အဘက်ဘက်မှ ဆုံးရှုံးမှုများ ရှိလာနိုင်ပါတယ်" ဟု ထောက်ပြ ပြောဆိုသွားခဲ့သည်။

"ယနေ့ တောင်သူ လယ်သမားများ၊ မွေးမြူရေးသမားများ၊ အခြေခံကုန်ထုတ်လုပ်သူများ ကြုံတွေ့နေရတဲ့ စပါးနှင့်သီးနှံများ ဈေးနိမ့်ကျ၍ အရှုံးပေါ်နေမှု၊ ငါးမွေးမြူထုတ်လုပ်သူများ အရှုံးပေါ်နေမှုများ ရှိပါတယ်" ဟု ဦးရွှေမန်း က ဝန်ခံပြောဆိုသွားခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့