Tuesday, February 21, 2012

ဆီးရီးယား အပစ်ရပ်ရေး ကြက်ခြေနီ ကြိုးပမ်း

20 ဖေဖော်ဝါရီ 2012

ဆီးရီးယားနိုင်ငံ ဟုမ်းစ် မြို့တ၀ိုက်မှာ အစိုးရစစ်တပ်တွေ သံချပ်ကာကားတွေ နေရာယူထားတာကြောင့် ထိုးစစ်ဆင် တိုက်ခိုက်မှု အသစ် တွေ လုပ်လိမ့်မယ် ဆိုပြီးတော့ စိုးရိမ်ထိတ်လန့်မှုတွေ ပိုတိုးလာချိန်မှာ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ဖြစ်တဲ့ ICRC က လူသားချင်း စာနာ တဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ ကြားဝင် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဂျနီဗာအခြေစိုက် ICRC အဖွဲ့ရဲ့ ပြောခွင့်ရအမျိုးသမီးက ဆီးရီးယား အစိုးရနဲ့ အတိုက်အခံအဖွဲ့ တွေကြား အပစ်အခတ် ရပ်စဲဖို့အတွက် မကြာခင်က စတင်ပြီး ညှိနှိုင်း ပြောဆိုနေပြီလို့ ပြောဆိုပါတယ်။

ICRC အနေနဲ့ လူသားချင်းစာနာတဲ့ အကူအညီ အထောက်အပံ့တွေ ပေးဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေ ညှိနှိုင်းဆွေးနွေး နေကြောင်း ပြောခွင့်ရသူ အမျိုးသမီး Carla Haddad က ပြောပါတယ်။

ICRC အဖွဲ့ဟာ ဆီးရီးယား နိုင်ငံအတွင်း ရောက်ရှိနေတဲ့ တခုတည်းသော နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်း ဖြစ်ပါတယ်။

ဆီးရီးယားအစိုးရက တင့်ကားတွေနဲ့ တပ်ဖွဲ့အင်အားအသစ်တွေ ဟုမ်းစ် မြို့ကို ပို့လွှတ်နေတဲ့ အချိန်မှာ အခုလို ကြေညာချက် ထွက် ပေါ်လာတာပါ။ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကိုလည်း မြို့အလယ်ကနေ ထွက်ပြေးတိမ်းရှောင် နေကြဖို့ နှိုးဆော်ထားပါတယ်။

Ref: ဗွီအိုအေ

0 comments:

အပေါ်သို့