Monday, May 16, 2011

မင်္ဂလာဆောင်သွားမည့်လှေ တိမ်းမှောက်၊ လူ ၅ ဦးသေဆုံး

ခင်ဦးသာ
16 May 2011

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ညိုကျေးရွာမှ ပေါက်တောမြို့ပေါ်၌ မင်္ဂလာ ဆောင်ရန် သွားသည့် သတို့သားလောင်း စီးလာသော စက်လှေသည် တောင်ညိုရွာ အထွက်၌ မေလ ၁၅ ရက်နေ့တွင် နစ်မြုပ်ခဲ့ရာ လူ ၅ ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံး နေကြောင်း ဒေသခံများက ပြောသည်။

ပျောက်ဆုံးနေသူများသည် မော်တော်ပိုင်ရှင်နှင့် ပဲ့ကိုင်တို့ ဖြစ်ကြောင်း၊ ရေနစ်မွန်းသွားသူ ၂ ဦးမှာ စစ်တွေမြို့ ဆေးရုံ၌ ဆေးဝါးကုသမှု ခံထားရကြောင်း တောင်ညိုရွာခံ အမျိုးသမီး တဦးက ဧရာဝတီကို ရှင်းပြသည်။

“နေ့ခင်း ၁၁ နာရီလောက်မှာမြုပ်တာပါ၊ သတို့သား ကိုစောဘထွန်းကတော့ ဘာမှ မဖြစ် ပါဘူး။ မင်္ဂလာလည်း ဆောင်ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စက်လှေပေါ်၌ လိုက်ပါလာသူ ၅၀ ခန့်ရှိပြီး သေဆုံးသွားသူများမှာ စစ်တွေမြို့မှ ကျူရှင်ဆရာ ဦးမိုက်ကယ်၏ အသက် ၈၇ နှစ်အရွယ် မိခင်၊ တောင်ညိုရွာမှ အသက် ၃၀ ခန့်အရွယ် မလှချေ၊ အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသား မောင်စောဟံ၊ ဦးထွန်းရီနှင့် သ၀င်ချောင်း ကျေးရွာမှ မသန်းရွှေရီတို့ ဖြစ်ကြောင်းသိရပြီး ၎င်းတို့အား ယနေ့ သင်္ဂြိုဟ် လိုက်သည်ဟု ဒေသခံများက ပြောသည်။

စက်လှေ နစ်မြုပ်သွားခြင်းသည် ရာသီဥတုဆိုးရွား၍ မဟုတ်ဘဲ တင်ဆောင်လာသော အလေးချိန်ကို မထိန်းနိုင် ရာမှ လှေတိမ်းစောင်း၍ နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း သိရ သည်။

ပျောက်ဆုံး နေသူများအား ပေါက်တောမြို့ပေါ်မှ ဒေသခံများနှင့် တောင်ညိုရွာသားများ စုပေါင်း၍ လိုက်လံ ရှာဖွေ နေဆဲဖြစ်ကြောင်း မြို့ခံ ဦးတက်ထွန်းအောင်က ပြောသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့