Monday, May 16, 2011

မစ္စတာကင်တားနား မြန်မာ့အရေးလှုပ်ရှားသူများနှင့် တွေ့မည်

လင်းသန့်
16 May 2011

ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများနှင့် တွေ့ရန် ယနေ့ ရောက်လာမည်ဟု သတင်းရရှိသည်။

မစ္စတာကင်တားနား အနေဖြင့် မြန်မာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အပါအ၀င် ထိုင်းနိုင်ငံ အခြေစိုက် လူ့ အခွင့်အရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံ ရန်ရှိပြီး လာမည့် မေလ ၁၉ ရက်နေ့ တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလုပ်ရုံ ဆွေးနွေးပွဲ တရပ် ပြုလုပ် ရန်အစီ အစဉ်ရှိကြောင်း သိရသည်။

“ထိုင်းနိုင်ငံကို ဒီနေ့ ရောက်လာမှာပါ။ မစ္စတာကင်တားနားနဲ့ အလုပ်ရုံ ဆွေးနွေးပွဲပုံစံမျိုး အဖွဲ့လိုက်ခွဲပြီး ဆွေးနွေး ကြမယ်” ဟု လူ့အခွင့်အရေး ပညာပေးရေး ဌာန - မြန်မာနိုင်ငံ (HREIB) ၏ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ဧရာဝတီ ကိုပြောသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေသည်ကို မည်ကဲ့သို့ တာဝန် ခံမှုရှိစေရန် လုပ်ဆောင် သင့်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စ၊ ပညာရေးဆိုင်ရာ အခွင့်အရေး၊ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးကိစ္စ စသည့် ခေါင်းစဉ် များနှင့်ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း ၎င်းကဆို သည်။

မစ္စတာကင်တားနားသည် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံသို့ သွားခဲ့ သောခရီးစဉ်နောက်ပိုင်း စစ်အစိုးရက ပြည်ဝင်ခွင့် ဗီဇာမပေးခဲ့ပေ။

မြန်မာအစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြည်ဝင်ခွင့် ဗီဇာတောင်းခံ ထားခဲ့သော်လည်း ယနေ့အချိန်ထိ တိကျရှင်းလင်းသော အကြောင်းပြန်ကြားမှု မရသေးဟုသိရသည်။

“မစ္စတာကင်တားနားဟာ သမာသမတ် အတော်ရှိတဲ့လူဖြစ်တယ်။ သူ့အရင် လူတွေတောင် ရေငုံနှုတ်ပိတ်နေတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုကိစ္စတွေကို သူကပြောတော့ အရင်အစိုးရ တုန်းကလည်းဗီဇာမပေးခဲ့ဘူး။ အခုအစိုးရ ကလည်း အရင်လူ တွေပဲဆိုတော့ ဗီဇာ ရဖို့ တောင်သိပ်မထင်ဘူး။ ဖြစ်သင့်တာက အစိုးရသစ်က ဗီဇာပေးပြီး အခြေ အနေ အမှန်က ဘာဆိုတာ သူ့ကိုသိစေသင့်တယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦး ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

မတ်လက ကျင်းပခဲ့သော ၁၆ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံတွင် မစ္စတာ ကင်တားနားက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက် ပြီး ယခင်ထက် ပိုမိုကျယ်ပြန့်သည့် အစီရင်ခံစာ တစောင်ကို တင် သွင်းခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဖြစ်နိုင်ချေရှိသည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများ ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ရန်လည်း တိုက်တွန်းနှိုးဆော် ထားသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စပ်လျဉ်းပြီး အစိုးရသစ်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော စုံစမ်းမှုများကို လုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံရေး အကျဉ်း သားများ လွှတ်ပေးခြင်းအပါအ၀င် ထင်သာမြင်သာရှိသည့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့လိုကြောင်း မြန်မာအစိုးရသစ်ကို တိုက်တွန်းပြောဆိုခဲ့သည်။

မြန်မာအစိုးရသစ်အနေဖြင့် အထက်ဖော်ပြပါတာဝန်များကိုပျက်ကွက်ခဲ့ပါက စုံစမ်းစစ်ဆေး ရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာမှ တာဝန်ယူရမည်ဖြစ်ကြောင်းလည်း သတိပေး ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည်လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှတ်တမ်းများတွင်အဆိုးရွားဆုံးနိုင်ငံစာရင်းတွင် ယခုထိရှိနေ သည့် အပေါ် အစိုးရသစ်အနေဖြင့် မှတ်တမ်းကောင်းများဖြစ် ထွန်းလာစေရေး လူ့အခွင့်အရေးလှုပ်ရှားသူများက အစဉ်အမြဲ ထောက်ပြနေကြ သည်။

မေလ ၂၀ ရက်နေ့တွင်လည်း ကုလသမဂ္ဂ၏ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် တဦးဖြစ်သူ ထိုင်းနိုင်ငံသား မစ္စတာ စန်ဖရာဆစ် ခွန်ဖရာဖန့်( Mr Sanphasit Koompraphant )နှင့် လည်း မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူများ နှင့်တွေ့ဆုံ ဆွေးနွေးရန်ရှိကြောင်းသိရသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့