Thursday, May 19, 2011

အမေရိကန်အဆင့်မြင့် အရာရှိနှင့် အစိုးရအဖွဲ့ဝင်များ တွေ့ဆုံ

ရန်ပိုင်
19 May 2011

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းသည် မြန်မာ အစိုးရ၏ ပြည်ထောင်စု နိုင်ငံခြားရေးရာ ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စု လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ တို့နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

ယင်းသို့ မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းနှင့် အစိုးရအဖွဲ့ဝင်များတွေ့ဆုံမှုအား “မြန်မာ- အမေရိ ကန် နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ရေးနှင့် အကျိုးတူ ကိစ္စရပ်များကို ဆွေးနွေးသည်” ဟု ယနေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားပြီး မည်သည့် အကြောင်းအရာ များ ဆွေးနွေးသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

ရန်ကုန် သံတမန် အသိုင်းအ၀ိုင်း ၏ အဆိုအရ မြန်မာအစိုးရ ၀န်ကြီးများနှင့် မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းသည် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စများနှင့် ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံ က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမည့် ကိစ္စများကိုလည်း ဆွေးနွေး လိမ့်မည်ဟု သိရသည်။

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ အစည်းအဝေး၌ လာမည် ၂၀၁၄ ခုနှစ် အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်နှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် မြန်မာအစိုးရသစ်၏ လျှောက်ထားမှုကို အာဆီယံ ၏ မိတ်ဖက်နိုင်ငံဖြစ်သည့် အမေရိကန်အစိုးရ က ကန့်ကွက်ခဲ့သည်။

ထိုကြောင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံကို လွှဲပြောင်းပေရေးအတွက် ဆုံးဖြတ် ချက်ကို ယခုနှစ်နှောင်းပိုင်းအထိ ရွှေ့ဆိုင်း ထားမည်ဟု ဆုံးဖြတ်ချခဲ့သည်။

ယခု အမေရိကန်အစိုးရ၏ အဆင်မြင့်အရာရှိတဦးနှင့် မြန်မာဝန်ကြီးများတွေ့ဆုံခြင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် တွင် ပထမဆုံး အကြိမ် ဖြစ်သည်။

မစ္စတာ ဂျိုးဇက် ၀ိုင်ယွန်းသည် ယနေ့တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှူဆောင် များနှင့်ဆွေးနွေးမည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်ကပြောသည်။

“လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေကို ဆွေးနွေးမယ်၊ အမေရိကန်အစိုးရက မြန်မာဒီမိုကရေစီအတွက် ထိတွေ့ဆက်ဆံ တာရော အရေးယူပိတ်ဆို့ မှုကိုပါ နှစ်လမ်း သွားကျင့်သုံးနေတယ်”ဟု ၎င်းကပြောပြသည်။

ထို့အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမည်ဟုလည်း သိရသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့