Monday, May 16, 2011

၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆု ဒေါ်ရှု ရွေးချယ်ခံရ

ရန်ပိုင်
16 May 2011

နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရသည့် သံဃာတော်များကို ထောင်ဝင်စာတွေ့ကာ အကူ အညီပေးခဲ့သည့် ရန်ကုန်မြို့နေ ဒေါ်ရှုအား ယခုနှစ် ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် ချီးမြှင့် လိုက်သည်။

အဆိုပါ ဆုကို မြန်မာနိုင်ငံအတွင်း လူထုအကျိုးပြု လုပ်ငန်းများ လုပ်ကိုင် နေသည့် စေတနာ့ဝန်ထမ်းများအား ရည်ရွယ် ချီးမြှင့်ခြင်း ဖြစ်ပြီး ယခုနှစ် အတွက် ဒေါ်ရှုနှင့်အတူ အလုပ်သမား၊ လယ်သမား အရေး ဆောင်ရွက်ပေး နေသည့် ရှေ့နေ ဦးဖိုးဖြူ အပါဝင် ၅ ဦးကို ဆန်ခါ တင် ရွေးချယ်ထားရာ ဒေါ်ရှုက ထောက်ခံမဲ ၄၃. ၉၁ ရာခိုင် နှုန်း ဖြင့်ဆုချီးမြှင့်ခြင်း ခံခဲ့ရကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် ဆုပေးအပ်ပွဲ ကျင်းပ ရေးကော်မတီ၏ ထုတ်ပြန် ချက်အရ သိရသည်။

ဆုရွေးချယ်ရာတွင် နိုင်ငံပေါင်း ၄၀ တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၂ ၅၀၂၂၈ ဦးက အင်တာနက်မှ တဆင့် မဲပေးခြင်းဖြစ်ပြီး အမေရိ ကန်ပြည်ထောင်စု Westwood College မှ ပရော်ဖက်ဆာ R. Hoo ခေါင်း ဆောင်သည့် အဖွဲ့က မဲများကို စိစစ်ကာ ဆုရရှိသူကို ထုတ်ပြန်ခြင်း ဖြစ်သည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ဆုအဖြစ် ငွေသား အမေရိကန်ဒေါ်လာ ၁ သောင်းနှင့် ပြည်သူ့ဂုဏ်ရည် ဆုတံဆိပ်ကို ချီးမြှင့်မည် ဖြစ်သည်။

ဒေါ်ရှုက အကျဉ်းကျခံ သံဃာတော်များအတွက် အစားအသောက်၊ ဆေးဝါး စသည်တို့အား ကူညီနေသည်မှာ ၃ နှစ်နှင့် ၇ လရှိပြီ ဖြစ်ပြီး ထိုသို့ ကူညီရခြင်းမှာ သံဃာများသည် ငယ်စဉ်ကတည်းက မိသားစုနှင့် ဝေးကွာခဲ့ရ၍ အကျဉ်းကျ ခံနေစဉ်တွင်လည်း မိသားစုက လာရောက်တွေ့ ဆုံရန် ခက်ခဲသည့်အတွက်ဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။

“ဆုရလို့အတိုင်းမသိ ၀မ်းသာမိပါတယ်။ မျှော်လည်း မမျှော်မှန်းပါဘူး၊ ထင်လည်း ထင်မထား ဘူး” ဟု ၎င်းက ဆို သည်။

ယခုအချိန်အထိ အင်းစိန်ထောင်အပါအ၀င် ကျိုင်းတုံ၊ ဗန်းမော်၊ မြိတ်၊ မြင်းခြံ၊ ကလေး၊ ပြည်၊ သာယာဝတီ အစရှိ သည့် ထောင်များ မှ နိုင်ငံရေး အကျဉ်းသား သံဃာတော် အပါး ၁၀၀ ကျော်ကို ဆွမ်းကွမ်း၊ ဝေယျာဝစ္စများ ထောက်ပံ့နေသည်ဟု ဒေါ်ရှုကပြောသည်။

အကျဉ်းကျ သံဃာများအနေဖြင့် ၎င်းတို့အား ထောင်တွင်း ဒုက္ခရောက်နေစဉ် အဟာရ ပြည့်ဝစေရန် စောင့် ရှောက်သည့် အတွက် အတိုင်းမသိ ၀မ်းသာကြကြောင်း၊ ရွှေဝါ ရောင်တော်လှန်ရေးအပြီး တရားရုံးတွင် အမှု ရင်ဆိုင်ရသည့် သံဃာအိုကြီးများကို တွေ့မြင် ရကတည်းက လှူဒါန်းချင်စိတ် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည် ဆုရှင် ဒေါ်ရှုက ဆက်လက်ရှင်းပြသည်။

အကျဉ်းကျ သံဃာတော်များက ၎င်းတို့၏ မွေးသမိခင်ပြီးလျှင် ဒေါ်ရှုကို ဒုတိယ မိခင်အဖြစ် သတ်မှတ်ကာ ဘိက္ခူမာတာဟု ခေါ်ဝေါ် သုံးစွဲကြကြောင်း သိရသည်။

ဒေါ်ရှုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တဦးဖြစ်ပြီး ယခုအချိန်အထိ နိုင်ငံရေးနှင့် အကျဉ်းကျ ခံနေရသည့် သံဃာတော်များအတွက် ငွေကျပ် သိန်းပေါင်းများစွာ အကုန်အကျခံ သုံးစွဲခဲ့ကာ ယခုရရှိသည့် ဆုငွေကိုလည်း ဆက်လက်သုံးစွဲ မည်ဖြစ်ကြောင်း ပြောသည်။

သီရိလင်္ကာနိုင်ငံ ဥတ္တရသီရိ ကျောင်းတိုက်မှ သံဃာတော်တပါးဖြစ်သော ဦးပညာဒီပက “ဒီနေ့ မနက်ပဲ ဒကာမကြီး ဒေါ်ရှု ပြည်သူ့ဂုဏ်ရည်ဆု ရတဲ့အကြောင်း ကြားလိုက်ရပါတယ်။ ဒီလို ကိုယ်ကျိုးစွန့်ပြီး နောက် ကွယ်ကနေ ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်ပေး နေသူကို ထိုက်တန်တဲ့ ဂုဏ်ပြုမှုရအောင် ဖော်ထုတ် ရေးသား ပေးခဲ့တဲ့ ဧရာဝတီ အဖွဲ့ သားတွေကိုလည်း ဦးပဉ္ဇင်းတို့ ကျေးဇူးတင်တယ်” ဟု မိန့်သည်။

ပြည်သူ့ဂုဏ်ရည်ဆုကို ယမန်နှစ်က စတင်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး နာရေးကူညီမှု အသင်း (ရန်ကုန်) မှ ဦးကျော်သူက ပထမဆုံး ဆု အဖြစ် အမေရိကန်ဒေါ်လာ ၇ ထောင်ချီးမြှင့် ခံခဲ့ ရသည်။

ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုနှင့် ပတ်သက်၍ “ဘိက္ခူမာတာ” ဆိုသည့် ဆောင်းပါးကို ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ရေးသားခဲ့ပြီး ဖြစ်ရာ ဤနေရာတွင် ဖတ်ရှုနိုင် သည်။

Ref;Irrawaddy

0 comments:

အပေါ်သို့