Monday, May 9, 2011

တ၀ဲလည်လည် ဖိလစ်ပိုင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး

08 May 2011


ဖိလစ်ပိုင် သမ္မတ ဘီနစ်ဂ်နို အကွီနို က ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ သမ္မတဟောင်း ဖာဒီနန် မားကိုစ် လက်ထက်ကတည်းက နက်နက်ရှိုင်းရှိုင်း အမြစ်စွဲလှိုက်စား နေတဲ့ ခြစားမှု အားလုံးကို ရှင်းလင်းသုတ်သင်မယ်လို့ကတိပေးပြီး အာဏာရလာခဲ့သည်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ မစ္စတာ အကွီနိုက အကတိလိုက်စားမှု တိုက်ဖျက်ရေး အကြီးအကဲ မစ္စ ဂူတီရာရက်စ်ကို ရာထူးက နှုတ်ထွက်ဖို့ ဖိအားပေးခဲ့သည်။ သမ္မတက ဖိလစ်ပိုင် ခြစားမှုတွေကို အကာအကွယ်ပေးနေတာ ဒီအမျိုးသမီးဟု ယူဆသည်။ သို့သော် သူမကို တကယ်ရာထူးမှ ဖြုတ်ပစ် နိုင်ဖို့က ကွန်ဂရက်တွင်သာ အာဏာရှိသည်။

ဒါကြောင့် သမ္မတအကွီနိုရဲ့ မိတ်ဆွေ ကွန်ဂရက်လူကြီးမင်းများက သူမကို စစ်ဆေးနေသည်။ သမ္မတ အကွီနို မတိုင်ခင် သမ္မတ မစ္စ ဂလိုရီယာ အာရိုယို လက်ထက် အဂတိလိုက်စားမှုတွေကို အရေးယူဖို့ သူမတွင် ပျက်ကွက်မှုတွေရှိသည်ဟု စွဲချက် တင်ထားသည်။ သူမကို သမ္မတ အရိုယို က ခန့်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ သမ္မတ အကွီနိုရဲ့ ကြွေးကြော်သံက“အဂတိလိုက်စားမှု မရှိရင်၊ ဆင်းရဲမွဲတေမှု မရှိ” ဆိုတာ ဖြစ်သည်။ ထိုနှစ်ခု စလုံးကလည်း ဖိလစ်ပိုင်ရဲ့ အဓိက ပြဿနာ ဖြစ်နေသည်။ မကြာခင်က မစ္စတာ အကွီနိုက သမ္မဟောင်း အရိုယို အစိုးရ အဖွဲ့ရဲ့ ခြစားမှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင် ဖွဲ့လိုက်သည်။ ဒါပေမဲ့ တရားရုံးချုပ် (မစ္စ အရိုယို ခန့်အပ်ခဲ့သူများ) က အဖွဲ့တစ်ဖွဲ့ ထဲကိုသာ အခုလို ရွေးပြီး စစ်ဆေး အရေးယူတာ တရားမျှတမှုမရှိဆိုပြီး ပယ်ချလိုက်သည်။


သမ္မတဟောင်း အရိုယို ကိုယ်တိုင်ကလည်း သူမသမ္မတ သက်တမ်းအတွင်း ဘာတစ်ခုမှ အမှားအယွင်း မလုပ်ခဲ့ဟု ငြင်းဆိုထားသည်။ သို့သော် မစ္စတာ အကွီနိုနဲ့ ကွန်ဂရက်ထဲရှိ သူ့မဟာမိတ်တွေက အရိုယိုကို မဖြစ်မနေ အရေးယူ ကြမည်။ နိုင်ငံရေးအရ နာမည်သတ်ထားမှ ဖြစ်မည်။ ဒါ လက်ရှိ သမ္မတ အကွီနိုရဲ့ ခြစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ် ဖြစ်သည်။

အမှန်တော့ အတိတ်က ပြစ်မှုတွေကို အရေးယူရုံတင်မကဘဲ အနာဂတ် ခြစား မှုတွေ ထပ်မကျူးလွန်နိုင်အောင် မိမိအစိုးရ အဖွဲ့အတွင်း ဘယ်လို ကြိုတင် ကာကွယ်မှုတွေ လုပ်ကြမလဲ ဆိုတာကိုတော့ သမ္မတက မေ့ပစ်ထားသည်။ လူဟောင်း အစိုးရအဖွဲ့ဟောင်းကို အရေးယူရုံနဲ့ မလုံလောက်။ ဥပဒေစိုးမိုးရေးကို ကျကျနန အကောင်အထည်ဖော်ဖို့ လိုနေသည်။ ၀န်ထမ်းလစာတွေ တိုးမြင့်ပေးဖို့ လိုသည်။ စီးပွားရေးသမား တောကြောင်တွေက ၀န်ထမ်းတွေ၊ အရာရှိတွေ၊ နိုင်ငံရေးသမားတွေကို ၀ယ်ယူလို့ မရနိုင်အောင် တင်းတင်းကျပ်ကျပ် လုပ်ဆောင် ထားဖို့ လိုနေသည်။

ဖိလစ်ပိုင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သမိုင်းကြောင်းအရ ယခု သမ္မတရဲ့လုပ်ဆောင်ချက် တွေမှာ ထူးခြားမှု သိပ် မတွေ့ရသေးဟု ဆိုရမည်။ မစ္စ အရိုယို လက်ထက်တုန်းက သူ့အရင်က သမ္မတ ဂျိုးဇက် အက်စ်ထရာဒါကို ခြစားမှုနဲ့ သေဒဏ် ပေးခဲ့သည်။ ပြီး သူမရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်သည်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အက်စထရာဒါ ဒုတိယအကြိမ် ရွေးကောက်ပွဲ ပြန်ဝင်သည်။ အရေးယူချင်ယောင်ဆောင်တဲ့ ဖိလစ်ပိုင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ နိုင်ငံရေး အရှုပ်တော်ပုံ ဖြစ်သည်။

ယခု သမ္မတ မစ္စတာ အကွီနိုက သမ္မတဟောင်း မားကိုးစ်ရဲ့ ဇနီး အီမလ်ဒါ မားကိုစ်ကို ခြစားမှု တစ်ဒါဇင် လောက်နဲ့ အရေးယူဖို့ ကြိုးစားနေသည်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးသိနေတာက မစ္စမားကို့စ်ကို သံတိုင်တွေနောက် ဘယ်တော့မှ ပို့ထားနိုင်မှာမဟုတ် ဆိုတာပင်။

Ref;Maukkha

0 comments:

အပေါ်သို့