Wednesday, May 11, 2011

ဘင်္ဂလား ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်နိုင်ခြေရှိ

10 May 2011

ဘင်္ဂလားပင်လယ်ပြင် အလယ်ဗဟို၌ မုန်တိုင်းဖြစ်နိုင်ခြေ အရိပ်လက္ခဏာများ တွေ့နေရ၍ မိုးဦး ရာသီဖြစ်သော မေလတွင် သတိထားရန် လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

tunlwin-cloud
“မေလထဲမှာ မုန်တိုင်းဖြစ်ခဲ့ဖူးတာတွေ ရှိခဲ့တော့ သတိထားဖို့ လိုအပ်ပါတယ်။ ဘင်္ဂလား ပင်လယ်ပြင်က မုန်တိုင်းကတော့ စောင့်ကြည့်နေတုန်းပဲ ရှိပါသေးတယ်။ အရမ်းကြီး စိုးရိမ်စရာ အနေအထားတော့ မတွေ့ရသေးပါဘူး” ဟု ဦးထွန်းလွင်က ဆိုသည်။

ဘင်္ဂလားပင်လယ်ပြင်၌ ဖြစ်ပေါ်နိုင်ခြေရှိသော မုန်တိုင်းသည် မြန်မာနိုင်ငံနှင့် အလှမ်းဝေးကွာနေ၍ စိုးရိမ်းစရာမရှိ သော်လည်း ပင်လယ် ကမ်းရိုးတန်းဒေသ တလျှောက်တွင် နေထိုင်သော ဒေသခံ များအနေနှင့်မူ မေလအတွင်း သတိထား သင့်ကြောင်း ၎င်းက ဧရာဝတီကို ပြောသည်။

ဦးထွန်းလွင်၏ ၀က်ဘ်ဆိုက်တွင် မေလ ၉ ရက်နေ့ နေ့စွဲဖြင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့၌ မိုးသည်းထန်ခြင်း၊ မိုးသက် လေပြင်းကျရောက်ခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ် နိုင်ပြီး ပင်လယ်ပြင်၌ လေပြင်းတိုက်ခတ်ခြင်း နှင့်အတူ လှိုင်းကြီးနိုင်၍ ပင်လယ်ပြင် ထွက်သူများ အနေဖြင့် သတိထားရန် လိုအပ်ကြောင်း ထုတ်ပြန်ရေးသား ထားသည်။

ရခိုင်ပြည်နယ်၏ ကမ်းရိုးတန်း ဒေသတလျှောက်တွင် နေထိုင်ကြသော ဒေသခံများသည် ဘင်္ဂလား ပင်လယ်ပြင်၌ မုန်တိုင်းဖြစ်ပေါ်မည်ဟု ကြားသိနေရ၍ စိုးရိမ်နေကြကြောင်း၊ အထူးသဖြင့် ဂီရိလေမုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသခံများသည် စိုးရိမ်မှုကြီးနေကြကြောင်း မြေပုံမြို့နေ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

“မုန်တိုင်းဝင်မယ် ဆိုပြီး ကောလာဟလ သတင်းတွေ ထွက်နေတော့ လူတွေက ကြောက်နေ ကြတယ်။ တချို့က နေစရာအိမ်တောင် လုံခြုံမှု မရှိကြသေးတော့ ပိုပြီးတော့ ကြောက်နေကြ တယ်” ဟု မြေပုံဒေသခံက ဆိုသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်း ကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ကာ သိန်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုမှာ ယနေ့အထိ နေထိုင်စရာ အမိုးအကာ လုံခြုံမှု မရရှိကြသေးပေ။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့တို့က တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ကြောင့် လူဦးရေ တသိန်းလေးသောင်းကျော် သေကျေ ပျောက်ဆုံးခဲ့ကာ ၂ သန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

ဘင်္ဂလားပင်လယ်ပြင်၌ ဖြစ်ပေါ်သော မုန်တိုင်းအများစုသည် ရခိုင်ပြည်နယ်၏ ပင်လယ်ကမ်းရိုးတန်း ဒေသကို ဖြတ်ကျော် လေ့ရှိပြီး ၁၈၇၇ ခုနှစ်မှ၂၀၁၀ ပြည့်နှစ် အတွင်း မုန်တိုင်းအကြိမ်ရေ ၈၄ ကြိမ်အနက် ၈၂ ကြိမ်သည် ရခိုင်ကမ်းရိုးတန်း ဒေသကိုဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း ဦးထွန်း လွင်က ဆိုသည်။

ယခုနှစ်သည် ယခင်နှစ်များနှင့်မတူဘဲ ဖေဖော်ဝါရီ၊ မတ်လတို့ မှစ၍ အချိန်အခါမဟုတ် မိုးရွာခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း စသည့်ရာသီ ဥတု ဖောက်ပြန်မှုများကို ကြုံတွေ့ခဲ့ ရကြောင်းလည်း သူကပြောသည်။

အချိန်အခါမဟုတ် မိုးသည်းထန်ခဲ့၍ ပဲစိုက်သည့်တောင်သူများ၊ ဆားကွင်း လုပ်ငန်းများ ပျက်စီး ဆုံးရှုံး မှု ကြုံတွေ့ခဲ့ရကြောင်း တောင်သူများက ပြောဆိုကြသည်။

“နွေမှာ မိုးတွေ ဆက်တိုက်ရွာတော့ ပဲစိုက်ဧက ထောင်ချီပြီး ပျက်စီးသွားရတယ်။ အထွက်နှုန်းက ထက်ဝက် လျော့ကျသွားတယ်” ဟု မကွေးတိုင်း စလင်းမြို့နယ်မှ ပဲစိုက်တောင်သူ ဦးမောင်မောင် က ပြောသည်။

မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်း စသည့်ပဲတို့ အများဆုံး ပျက်စီးခဲ့ပြီး ယခင်က တဧကလျှင် တင်း ၃၀ ထွက်သော်လည်း ယခုနှစ် ရာသီဥတုဆိုးရွားမှုကြောင့် ၁၅ တင်း ၀န်းကျင်သာ ထွက်တော့သည်ဟု သိရသည်။

ယခုရာသီသည် ပဲပေါ်သည့် ရာသီဖြစ်၍ မကွေးတိုင်းမှ ပဲစိုက်တောင်သူ အများစုမှာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည်ဟု ပဲစိုက်တောင်သူက ပြောသည်။

နာဂစ်မုန်တိုင်း ဖြစ်ပေါ်ပြီးနောက်တွင် ရာသီဥတုဖောက်ပြန်မှုများကို မကြာခဏ ကြုံတွေ့ နေကြ ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ်မှ ပဲစိုက် တောင်သူများနှင့် ဆားကွင်းလုပ်ငန်းရှင် များသည်လည်း ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း လပွတ္တာမြို့မှ ဆားလုပ်ငန်းရှင် ဦးမောင်ကြီးက ဆို သည်။

“ဧပြီလ ၂၅ ရက်ကစပြီး မိုး တပတ်လောက် ရွာလိုက်တာ ဆားကွင်းတွေ အကုန် ပျက်သွားတယ်။ လေးချိုး တချိုးပဲ ပြန်ရတော့တယ်” ဟု ဦးမောင်ကြီးက ပြောသည်။

လပွတ္တာမြို့နယ်၌ ဆားကွင်းလုပ်ငန်းရှင် ၂၀၀ ကျော်ရှိပြီး အများစုသော ဆားကွင်းများ ပျက်စီး သွားကြောင်း၊ ဧရာဝတီတိုင်း တတိုင်းလုံးတွင် ဆားလုပ်ငန်းရှင် ၇၀၀ ကျော်ရှိပြီး တနိုင်ငံလုံး ၏ ၈၀ ရာခိုင်နှုန်းသော ဆားများကို ဧရာဝတီတိုင်းမှ ထုတ်လုပ် ကြောင်း၊ သို့သော် ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆားအထွက်နှုန်းများ သိသာစွာ လျော့ကျသွား၍ ဆားရှားပါးမှု ဖြစ်လာနိုင် ကြောင်း ၎င်းက ဆိုသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့