Monday, May 9, 2011

မီးဖွားရင်း သေဆုံးသော အမေများနှင့်မိသားစု စီမံကိန်း

08 May 2011

ကုလသမဂ္ဂ အဆိုအရ ကမ္ဘာပေါ်တွင် နှစ်စဉ် ကလေး မီးဖွားရင်း သေဆုံးတဲ့ မိခင်ပေါင်း ၃၅၀,၀၀၀ ရှိသည်။ သေဆုံးသူများမှာ အသက် ၃၀ နှစ်ရှိ ဆိုမာလီယာမှ အမျိုးသမီး ဟင်ဒါ ဟတ်ဆန် ရဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်သည်။

မစ္စဟတ်ဆန်က ဆိုမာလီနိုင်ငံ ဘာလီဂူဘဒ်လီ မြို့ကနေ အလွန်ဝေးတဲ့ ကျေးရွာလေးမှ ဖြစ်သည်။ မိသားစု စီမံကိန်း (family palnning) ဆိုတာ သူမ ဘယ်တုန်းကမှ မကြားဘူးခဲ့။ သူမရဲ့ ရှစ်ယောက်မြောက် ကလေး နို့မပြတ်သေးခင် နောက်ထပ် ကိုယ်ဝန်ရလာပြန်သည်။

ကုလားအုပ် ၁၃ ကောင် ထိန်းကျောင်းရတဲ့ သူမ ယောက်ျား မိုဟာမဒ် အစ်စီ က “သူ ကိုယ်ဝန် ရရင်တော့ကျနော် ပျော်တာပေါ့။ ဘုရားသခင် စောင်မတာမို့ ကျနော် ပျော်နေတာပေါ့” ဟု ဆိုသည်။

မစ္စဟတ်ဆန် ကို ကလေးမွေးပေးသူတွေက ရွာမှ လက်သည်နှစ်ယောက်ဖြစ်သည်။ နှစ်ယောက် စလုံး ကျောင်းလည်း မနေဘူး၊ ထရိန်နင်လည်း မယူဘူး၊ ပစ္စည်းကရိယာ ဆိုတာလည်း မရှိ။ လက်နဲ့ပဲ ရွာလုံးကျွတ်လှည့် အစွမ်းပြခဲ့ကြသူတွေ။

သူတို့နှစ်ဦးအနက် အမီနာ အမဒ် ဆိုသူက “ကျမတို့ လက်တွေကို ဆပ်ပြာနဲ့ ဆေးပါတယ်။ အင်း တခါတလေတော့လည်း ဆေးချိန်တောင် မရလိုက်ဘူး။ ဒီမှာ ရေမရတာကြောင့်ပါ။ ကျမတို့ လက်တွေကို သဲနဲ့ပဲ ပွတ်ပစ်ရတယ်” ဟု နယူးယော့ခ်တိုင်းမ် သတင်းထောက်ကို ပြောပြသည်။

မစ္စဟတ်ဆန်ရဲ့ကိုးကြိမ်မြောက် မီးဖွားမှုက ချောချောမောမော ဖြစ်မလာ။ ၁၁ နာရီလောက် ကြိုးစားပြီးတဲ့နောက် အခြေအနေ မလှတာနဲ့ သူမယောက်ျားက ပစ်ကပ် ဒရိုင်ဘာတစ်ယောက်ကို ဒေါ်လာ ၅၀ ခန့် ပေးပြီး မြို့ဆေးခန်းကို သုံးနာရီလောက် မောင်းသွားခဲ့ကြသည်။ ဆေးခန်းကလည်း မစွမ်းနိုင်လို့ နောက်ထပ် နှစ်နာရီခွဲ မောင်းပြီး မြို့တော် ဟာဂေးဆာရှိ ဆေးရုံကို သယ်သွားကြသည်။ ရောက်လို့မှမကြာ သူမ သေဆုံးသွားခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ရွာမှာ ထရိန်နင် ရပြီးသား သားဖွားဆရာမများ ရှိလျှင် မစ္စဟတ်ဆန် သေစရာ အကြောင်းမရှိ။ နောက် ဆိုမာလီ ဆေးရုံများတွင် အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ်များ မရှိ။ တကယ်တန်း သူမ အသက်ကို အရိုးရှင်းဆုံး ကာကွယ် ကယ်တင်နိုင်တဲ့အရာက ပဋိသန္ဓေတားခြင်း (contraception) ပင်ဖြစ်မည်။

ဆိုမာလီ အမျိုးသမီးများမှာ ပျမ်းမျှ ကလေး ၆ ဦး နှုန်း မွေးဖွားပြီး၊ ကိုယ်ဝန်ဆောင်သူ တစ်ဝက်ခန့်က မီးဖွားရင်း သေဆုံးကြသည်။ ခေတ်သစ် ပဋိသန္ဓေတားတဲ့အသုံး အဆောင်များ နှင့်ဆေးဝါးများမှာ ဆိုမာလီ နိုင်ငံတွင် သိပ်မရှိသေး။

မစ္စဟတ်ဆန် ခင်ပွန်းက contraception နှင့် condom ကို ယခုမှ ကြားဖူးကြောင်း၊ နောက်ထပ် အိမ်ထောင်ပြုခဲ့ရင် အများကြီး အသုံးဝင်နိုင်ကြောင်း အလင်းဥာဏ် ရရှိသွားခဲ့သည်။


ဆင်းရဲတဲ့ တိုင်းပြည်များတွင် မိသားစု အရေအတွက် အလွန် များပြားပြီး၊ အသက် သေဆုံးဦးတော့ ကလေးများကိုဆက်လက် မွေးဖွားဆဲပင် ဖြစ်သည်။ အကြောင်းမှာ contraceptive များကို အသုံးပြုလျှင် လင်ယောက်ျားတို့ ဒေါသူပုန် ထ မှာကို စိုးရိမ်ခြင်း ကြောင့်ဖြစ် သည်။

ကုလသမဂ္ဂ ခန့်မှန်းချက်အရ ကမ္ဘာအနှံ့မှ အမျိုးသမီး ၂၁၅ သန်းမှာ ‘မိသားစု စီမံကိန်း’ မရှိဟု ဆိုသည်။ ဆိုလိုသည်မှာ ကိုယ်ဝန် မလိုချင် သော်လည်း ပဋိသန္ဓေတားခြင်းကို ထိထိရောက်ရောက် လုပ်နိုင်စွမ်း မရှိဟု ဆိုသည်။

ပဋိသန္ဓေတားခြင်းအတွက် နိုင်ငံကြီးများမှ ထိထိရောက် အကူအညီများ ပေးခဲ့လျှင်၊ နှစ်စဉ် ကိုယ်ဝန်ဆောင် အမျိုးသမီး သေဆုံးမှု ၉၄,၀၀၀ ကျဆင်းသွားပြီး၊ နှစ်စဉ် ကိုယ်ဝန်ဖျက်ချမှု ၂၅ သန်း လည်း လျော့ကျသွားမည်ဟု ဆိုသည်။

Ref;Maukkha

0 comments:

အပေါ်သို့