Monday, May 9, 2011

သြစတြီးယားကုမ္ပဏီ စစ်လက်နက် ကြော်ငြာမှု NLD အတွက် အနှောင့်အယှက်

သောမတ်စ် မောင်ရွှေ
မေလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၂၃ မိနစ်

မြန်မာနှင့် ထိုင်းနိုင်ငံဆိုင်ရာ သြစကြီးယားသံအမတ်ကြီးနှင့် စစ်လက်နက်ပစ္စည်းဆိုင်ရာ ကုမ္ပဏီ ကိုယ်စားလှယ်များ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေရန် ရန်ကုန်သို့ လာရောက်ခဲ့သည့်အပေါ် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

ဘန်ကောက်ရှိ သြစတြီးယားသံရုံး စီးပွားကူးသန်းသံမှူးနှင့် သြစတြီးယား ကုန်သည်ကြီးများ အသင်းတို့က အစီအစဉ်ဖြင့် သံအမတ်ကြီး ဒေါက်တာဂျိုဟန်နက်စ် ပီတာလစ် Jogannes Peterlik ဦးဆောင်သော ၎င်းကုန်သွယ်ရေးအဖွဲ့ မြန်မာနိုင်ငံသို့ မတ်လ ၁၆-၁၈ ရက်နေ့အတွင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။

မဇ္ဈိမက ရရှိထားသည့် ၎င်းကိုယ်စားလှယ် ပြင်ဆင်လာသော Powerpoint တင်ပြမှု များအရ ကုမ္ပဏီ ၁၉ ခု ကိုယ်စားပြုပါဝင်ကြောင်း တွေ့ရှိရကာ၊ ၎င်းတို့တွင် ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာ အကြံပေးကုမ္ပဏီဟု သူ့တို့ကိုယ်သူတို့ ဖော်ပြထားသည့် ပီအန်ပီ အကြံပေးအဖွဲ့ P & P Consulting ကုမ္ပဏီ၊ သြစတြီးယားမှ အဓိကဘဏ်ကြီး ၂ ခုနှင့် "ကမ္ဘာပေါ်တွင် ခရစ္စတယ် ကျောက်မျက်အစစ်များနှင့် ဖန်တီးထားသော ကျောက်များ ဦးဆောင်ထုတ်လုပ်နေသူ" ဟု ဆိုသည့် ဆွာရော့ဖ် စကီ (Swarovski) ကုမ္ပဏီတို့လည်း ပါဝင်သည်။

၎င်းကိုယ်စားလှယ်အဖွဲ့တွင် စစ်လက်နက်ပစ္စည်းထုတ် ကုမ္ပဏီများ ပါဝင်သည့်အပေါ် အထူး စိုးရိမ်မကင်း ဖြစ်ရကြောင်းနှင့် ဥရောပသမဂ္ဂအဖွဲ့ EU အနေနှင့် "ဤကိစ္စအပေါ် စုံစမ်း စစ်ဆေးမှုများ ပြုပါရန်၊ ယခုလုပ်ရပ်အပေါ် ပြည်သူလူထုအများသို့ ရှင်းပြသင့်ကြောင်း" ဦးဝင်းတင်က ပြောဆိုခဲ့သည်။

inseinnld7

P&P Consulting နှင့် ပတ်သက်၍ လူသိရှင်ကြားထုတ်ပြန်ထားသည့် သတင်းအချက် အလက် အနည်းငယ်မျှသာ ရှိသည်။ ၎င်းကုမ္ပဏီ၏ ဝဘ်ဆိုဒ်စာမျက်နှာမှာ ယခုလက်ရှိ တွင် ဖတ်ရှုမရဘဲ သြစတြီးယား ရပ်ခြားကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ ဝဘ်စာမျက်နှာ ၌ ဖော်ပြထားသည့် တယ်လီဖုန်းနံပါတ်သို့ မဇ္ဈိမက ခေါ်ဆိုခဲ့ရာတွင်လည်း ပြန်လည်ဖြေဆို ခြင်း မရှိပါ။ သြစတြီးယား သတင်းစာက ဖော်ပြရာတွင် ၎င်းကုမ္ပဏီပိုင်ရှင်မှာ အဖွဲ့၏ အဓိကဝန်ထမ်းဖြစ်သော လက်နက်ပွဲစား အယ်ဖရက် ပလက်တနာ Alfred Plattner ဖြစ် သည်ဟု ဖော်ပြထားသည်။

၎င်း၏ စီးပွားရေးမိတ်ဘက် ဂျက်တိုက်လေယာဉ်များကိစ္စအပေါ် တိုက်တွန်းစည်းရုံးသူ အာဟဒ် စတိန်နင်ဂါ Erhard Steininger က သြစတြီးယား လေတပ်အကြီးအကဲ၏ ဇနီးထံသို့ လျှို့ဝှက် ငွေပေးချေမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအပေါ် ၂ဝဝ၇ ခုနှစ်ထဲတွင် ပလက်တနာသည် သြစတြီးယားပါလီမန် ကြားနာမှုတွင် ဖြေရှင်းခဲ့ရသေးသည်။

သြစတြီးယားပါလီမန်၏ တွေ့ရှိချက်အရ ၂ဝဝ၂ တွင် ပလက်တနာနှင့် P & P ကုမ္ပဏီက စတိန်နင်ဂါထံမှ ယူရိုငွေ ၂ဝဝ, ဝဝဝ စည်းရုံးတိုက်တွန်းပေးခအတွက် ရရှိခဲ့ပြီး၊ P & P ကုမ္ပဏီ၏ လိပ်စာမှာလည်း စတိန်နင်ဂါနှင့် ပေါင်းဖော်လုပ်ကိုင်နေမှုအတွက် စောင့်ကြည့်ခံ နေရသူ သြစတြီးယား ပီဇာဆိုင်တခု၏ လိပ်စာနှင့် အတူတူဖြစ်နေသည်ကို တွေ့ရှိရသည်။

P & P ၏ ဦးဆောင်ထိုးဖောက်မှုနောက်တွင် အခြားသော ဥရောပစစ်လက်နက်ကုမ္ပဏီများ လိုက်လာမည်၊ နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ကြမည်ကို စိုးရိမ်ကြောင်း ဦးဝင်းတင်က မဇ္ဈိမကို ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုပ်ဖော်ကိုင်ဘက်ဖြစ်သူ သူက P & P ကုမ္ပဏီကို မြန်မာပြည် ရောက်လာအောင် ကူညီ ခဲ့သည့်အပေါ် သြစတြီးယားအစိုးရကို အလွန်စိတ်ပျက်ရသည်ဟုလည်း ဆိုသည်။

သံအမတ်ကြီး ပီတာလစ် Peterlik နှင့်အတူ ဘန်ကောက်ရှိ သြစတြီးယား သံရုံးမှ စီးပွားကူးသန်းကိစ္စဆိုင်ရာ သံမှူး ဒေါက်တာ ဂူစတဖ် ဂရီဆဲ Gustav Gressel နှင့် စီးပွားကူးသန်းကောင်စစ်ဝန် ဂါးဟဒ် ရှလက် Gerhard Schlattl တို့လည်း ကိုယ်စား လှယ်အဖွဲ့နှင့် တပါတည်း ရန်ကုန်သို့ လိုက်ပါလာခဲ့သည်။

"သြစတြီးယားနိုင်ငံက ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံပါ။ EU ကလည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှု လုပ်ထားဆဲပါ" ဟု ဝါရင့်နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်ခဲ့သူ ဦးဝင်းတင်က ပြောသည်။

"မြန်မာနိုင်ငံကို သြစတြီးယား သံအမတ်ကြီး ဦးဆောင်ပြီးတော့ ကုန်သွယ်ကူးသန်း ကိုယ်စားလှယ်အဖွဲ့ လာတယ်ဆိုတာ ကျနော်တော့ နားမလည်နိုင်ဘူး။ အကြောင်းက ဒါဟာ တကယ့်ကို ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုမူကို ဆန့်ကျင်နေတာပဲ" ဟုလည်း သူက ဝေဖန်သည်။

မဇ္ဈိမသတင်းဌာနသို့ ပေးပို့ခဲ့သည့် ထုတ်ပြန်ကြေညာချက်တွင် သြစတြီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီတာ လွန်းစကီး-တိုင်ဖင်သယ် Peter Launsky-Tiefenthal က ယခု ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် "စီးပွားရေးအရ အချက်အလက် ရှာဖွေရန်" ခရီးစဉ်သာဖြစ်သည်၊ ဥရောပသမဂ္ဂ EU ၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ ထားရေးမူကို ချိုးဖောက်ခြင်း မရှိပါဟု ငြင်းဆိုခဲ့သည်။

"မြန်မာနိုင်ငံအပေါ် EU ကနေ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ အကျယ်အပြန့် ပိတ်ဆို့ဒဏ်ခတ်ထားတာ မရှိပါဘူး။ ကဏ္ဍတချိုYတားမြစ်ထားတာတော့ ဥရောပ သမဂ္ဂဒဏ်ခတ်အရေးယူမှုနဲ့ ပတ်သက်လို့ သြစတြီးယားက ထောက်ခံပါတယ်" ဟုလည်း ဖော်ပြထားသည်။

လွန်းစကီး-တိုင်ဖင်သယ် Launsky-Tiefenthal ၏ ထုတ်ပြန်ကြေညာချက်တွင် ယခုကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်တွင် အစိုးရအာဏာပိုင်များနှင့် ဆက်သွယ်မှု မရှိခဲ့ ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း ဆက်သွယ်မှုသာဖြစ်၍ ဤကိစ္စအပေါ် EU ဒဏ်ခတ်ရေးမူက သက်ရောက်မှုမရှိကြောင်း ဆိုထားသည်။

ကိုယ်စားလှယ်အဖွဲ့တွင် သြစတြီးယားဘဏ် ၂ ခုနှင့် ကမ္ဘာ့အင်အားကြီး ကျောက်မျက်ဝယ် ကုမ္ပဏီတို့ ပါဝင်နေမှုအပေါ် နောက်ဆက်တွဲ မေးခွန်းများ ဖြေကြားပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း လွန်းစကီး-တိုင်ဖင်သယ် Launsky-Tiefenthal နှင့် လုပ်ဖော် ကိုင်ဘက်များက ဆက်လက်ဖြေကြားပေးရန် ငြင်းဆန်ခဲ့သည်။

ဥရောပ ဒဏ်ခတ်ပိတ်ဆို့မှုတွင် မြန်မာနိုင်ငံမှ ကျောက်မျက်များ မဝယ်ယူရေးနှင့် ဘဏ် လုပ်ငန်းဆိုင်ရာကိစ္စများ ပါဝင်နေသော်လည်း အထက်ဖော်ပြပါ ကုမ္ပဏီများက ယခုခရီး စဉ်တွင် ထူးခြားစွာ ပါဝင်နေသည်။

EU ၏ ဒဏ်ခတ်အရေးယူမှုတွင် မြန်မာနိုင်ငံမှ သစ်များကို ဥရောပသို့ တင်သွင်းခွင့် ပိတ်ပင်ထားသော်လည်း အဖွဲ့၏ တင်ပြချက်အရ Roxel RMG ဟူသည့် ကုမ္ပဏီက သစ်တောထွက် ပစ္စည်းများကို ကုန်သွယ်မှုပြုသည်ဟု သိရပြန်သည်။

၎င်းဖြစ်ရပ်ကို လွန်ခဲ့သည့်အပတ်က လန်ဒန်ထုတ် အင်ဒီပင်းဒင့် The Independent သတင်းစာတွင် ပုံနှိပ်ဖော်ပြခဲ့ရာ၌ P & P ကုမ္ပဏီက ပလက်တနာကို ကိုးကားဖော်ပြရာ၌ သူ့ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် စိတ်ဝင်တစား ဆောင်ရွက်လိုသည်မှာ ကာကွယ်ရေး စစ်လက်နက်ပစ္စည်း ကိစ္စများထက်စာလျှင် လုံခြုံရေးကိစ္စသာ ဖြစ်သည်ဟု ဆိုခဲ့သည်။ ပလက်တနာက P & P က မြန်မာနိုင်ငံရှိလေဆိပ်တွင် လုံခြုံရေးပစ္စည်းများ တင်သွင်း လိုခြင်း သာဖြစ်သည်ဟု ဆိုသည်။

P & P က မြန်မာအစိုးရနှင့် ဆက်ဆံမှုမရှိဘဲ လေဆိပ်တွင် လုံခြုံရေး ကိရိယာများ မည်သို့ တပ်ဆင်ပေးနိုင်မည်ဆိုသည်မှာ မရှင်းပါ။ အကြောင်းမှာ နိုင်ငံတဝှန်း လေဆိပ်အများကို စစ်တပ်က ချုပ်ကိုင်ထားသောကြောင့် ဖြစ်သည်။

မကြာသေးမီက လေဆိပ်အများကို ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးခဲ့ပြီး ယခုအခါ ရန်ကုန် လေဆိပ်ကို အေးရှားဝေါ ကုမ္ပဏီ၏ လက်ခွဲ Pioneer Aerodrome Services က တာဝန်ယူ လည်ပတ်လျက် ရှိသည်။ အေးရှားဝေါမှာ အမေရိကန်အစိုးရက ဘိန်းဘုရင်ဟု အမည်သွင်း ထားသည့် လော်စစ်ဟန်၏သား စတီဖင်လောက လည်ပတ်ဆောင်ရွက်နေသည့် ကုမ္ပဏီတခု ဖြစ်သည်။ အေးရှားဝေါကုမ္ပဏီပိုင် စတီဖင်လောနှင့် သူ၏ဖခင်တို့မှာ EU နှင့် အမေရိ ကန်ပြည်ထောင်စု ဒဏ်ခတ်အရေးယူမှု နာမည်စာရင်းတွင် ပါဝင်နေကြသူများလည်း ဖြစ်သည်။

သြစတြီးယားနှင့် ဂျာမဏီနိုင်ငံကို ဥရောပရှိ မြန်မာ့အရေး လှုပ်ရှားသူများက အဓိက ပစ်မှတ်ထား ဝေဖန်နေကြသည်။ အကြောင်းမှာ ဂျာမဏီအစိုးရ မြန်မာနိုင်ငံအပေါ် ချမှတ် ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုကို အားပျော့လာအောင် ဆောင်ရွက်နေကြသည်ဟု စွပ်စွဲသည်။

မကြာသေးမီက ဝီကီလိခ် WikiLeaks မှနေ၍ အမေရိကန်သံရုံး ကြေးနန်းစာများ ပေါက်ကြားလာခဲ့ရာ ဤဝေဖန်ချက်ကို ပို၍ခိုင်မာစေခဲ့သည်။ ဗြိတိသျှအရာရှိတဦးက အမေရိကန်သံတဦးကို ပြောကြားရာ၌ EU ဒဏ်ခတ်အရေးယူမှုကို UK နှင့် အချို့EU အဖွဲ့ဝင်နိုင်ငံများက လိုလားကြသော်လည်း "အခြားတဖက်စွန်းတွင် ဒဏ်ခတ်ပိတ်ဆို့မှုကို ဆန့်ကျင်နေသည့် ဂျာမဏီနှင့် သြစတြီးယားတို့ ရှိနေကြသည်" ဟု ဖော်ပြခဲ့သည်။

အင်္ဂလန်ရှိ မြန်မာ့အရေးလှုပ်ရှားနေသည့် Burma Campaign UK မှ မာ့က် ဖာမနာ Mark Farmaner ထံ မှတ်ချက်တောင်းရာတွင် သူက သြစတြီးယား သံအရာရှိ များအနေဖြင့် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကို ပံ့ပိုးမှုပေးခဲ့သည့်အပေါ် သူ့အနေဖြင့် အံအားသင့်မှု မဖြစ်မိကြောင်း မဇ္ဈိမကို ပြောကြားခဲ့သည်။

မာ့က် ဖာမနာက "သြစတြီးယားဆိုတာ ဥရောပသမဂ္ဂ ဒဏ်ခတ်အရေးယူမှုကို အစွယ် အဆိပ်မဲ့အောင် လုပ်နေတဲ့ နိုင်ငံတခုပါ။ အခုတော့ EU က ဒဏ်ခတ်အရေးယူမှု ပြင်းပြင်းထန်ထန် မရှိတာကို အခွင့်ကောင်းယူပြီး သူတို့ကုမ္ပဏီတွေကို မြန်မာပြည် ခေါ်သွားကြတယ်။ သြစတြီးယားအစိုးရနဲ့ သြစတြီးယား ကုမ္ပဏီတွေက မြန်မာပြည်ကို အပြေးအလွှား သွားပြီး စစ်ရာဇဝတ်ကောင်တွေနဲ့ လူတွေကို နှိပ်စက်ညှဉ်းပန်းနေသူတွေ အိတ်ထဲကို ပိုက်ဆံသွားထည့်ပေးနေတာ မသတီစရာ ကောင်းပါတယ်" ဟု ဆိုသည်။

သြစတြီးယားဘဏ်က နာမည်ပျက်စာရင်းဝင် မြန်မာအစိုးရ၏ ဘဏ်နှင့် ပြန်လည်ဆက်သွယ်လို

ကိုယ်စားလှယ်အဖွဲ့၏ တင်ပြချက်အရ သြစတြီးယား ထိန်းချုပ်ထားသည့်ဘဏ် Die Oesterreichische Kontrollbank AG က မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် ဆက်သွယ်ရေး ပြန်လည်ထူထောင်လိုကြောင်း စိတ်ဝင်စားနေသည်ဟု သိရသည်။ ၎င်းဘဏ်မှာ မြန်မာအစိုးရပိုင်ဘဏ်ဖြစ်ပြီး ဥရောပသမဂ္ဂ၏ ဒဏ်ခတ်အရေးယူသည့် စာရင်းတွင် မပါသည့် လက်ကျန်ဘဏ် အနည်းငယ်မှ တခုလည်း ဖြစ်သည်။

သို့သော်လည်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သည် အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဌာန နိုင်ငံရပ်ခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဒဏ်ခတ်အရေးယူမှုတွင် နာမည် ဆိုးစာရင်း ပေါက်နေသည့် ဘဏ်တခုလည်း ဖြစ်သည်။

သြစတြီးယား ထိန်းချုပ်ထားသည့် ဘဏ်နှင့် မြန်မာဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက် ကြမည်ဆိုပါက ငွေများကို အမေရိကန်မှ ဖြတ်၍ လွှဲမည်ဆိုလျှင် ၎င်းဘဏ်သည်လည်း အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ရေးမူကို ချိုးဖောက်ကျူးလွန်ရာ ရောက်တော့မည်ဖြစ်သည်။ ၂ဝဝ၉ ခုနှစ်တွင် Credit Suisse ဘဏ်သည် အလားတူ ငွေလွှဲပြောင်းဆောင်ရွက်မှုကြောင့် ဒဏ်တပ်ခံခဲ့ရသေးသည်။ Credit Suisse ဘဏ်သည် EU နှင့် ဆွစ်ဇာလန် ဒဏ်ခတ်အရေးယူမှု စာရင်းအရ ပြဿနာ မရှိသော်လည်း အမေရိကန် ဒဏ်ခတ်အရေးယူမှုကို ချိုးဖောက်ကျူးလွန်ရာ ရောက်ခဲ့သည်။

မြန်မာအစိုးရက နိုင်ငံတကာ NGO များနှင့် အကူအညီပေးရေး အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံထဲသို့ နိုင်ငံခြားငွေ တင်သွင်းလာပါက နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှတဆင့် တင်သွင်းစေရန် ဖိအားပေးနေခဲ့ပြီး ဘဏ်အတွက် အကျိုးအမြတ် ရှိစေမည့် ပုံမှန် မဟုတ်သော ငွေလဲနှုန်းဖြင့်သာ သွင်းထုတ်စေခဲ့သည်။

၂ဝဝ၈ ခုနှစ် ဇူလိုင်တွင် ကုလသမဂ္ဂ လူမှုကူညီရေး အကြီးအကဲ ဂျွန်ဟုမ်းလ်စ် John Holmes က ပြောကြားရာ၌ စစ်အစိုးရ တောင်းဆိုသည့်အတိုင်း မှားယွင်းနေသည့် ငွေလဲနှုန်းဖြင့် ငွေသွင်းထုတ်ခဲ့ရမှုကြောင့် နာဂစ်လေဘေးသင့် ဒုက္ခသည်များအတွက် ထောက်ပံ့ပေးသည့် အကူအညီငွေ အမေရိကန် ဒေါ်လာ ၁ဝ သန်းမျှ နစ်နာခဲ့ရကြောင်း ဖွင့်ဟဝေဖန်ခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် နောက်ထပ် ဘဏ်တခုမှာ သြစတြီးယားဘဏ် Bank Austria ဖြစ်သည်။ ၎င်းတို့၏ တင်ပြချက်တွင် သူတို့ဘဏ်က ဥရောပတခုလုံး အကျယ်အပြန့် ချိတ်ဆက်ထားသည့် ဘဏ်အုပ်စု ယူနီခရက်ဒစ် UniCredit ၏ အဖွဲ့ဝင်အဖြစ် ၂ဝဝ၅ ခုနှစ်ကတည်းက ပါဝင်ခဲ့ပြီး၊ သြစတြီးယားနိုင်ငံတွင် ကုန်သွယ်မှု နှင့်ပတ်သက်၍ ငွေကြေးပံ့ပိုးရာ၌ ဈေးကွက်တွင် အငြင်းပွားဖွယ်မရှိသည့် ခေါင်းဆောင်ဘဏ်တခု ဖြစ်သည်ဟု ဆိုသည်။ တင်ပြချက်အရ ၎င်းတို့ဘဏ်က မြန်မာနိုင်ငံတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဘဏ်များ၊ သွင်းကုန်တင်သွင်းသူများနှင့် တိုးချဲ့၍ ဆက်ဆံလိုသည်ဟု ဖော်ပြသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဂေါက်ကွင်းသို့ ကိုယ်စားလှယ်အဖွဲ့ သွားခဲ့ခြင်း

မြန်မာနိုင်ငံရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် တွေ့ဆုံခဲ့သည့်အပြင် ၎င်းကိုယ် စားလှယ်အဖွဲ့က ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး ဆာ့ခ်ျပန်းနှင့်လည်း ပန်းလှိုင်ဂေါက်ကွင်းတွင်တွေ့ဆုံခဲ့သေးသည်။ ၎င်း ဂေါက်ကွင်းမှာ တောင်အာဖရိကနိုင်ငံမှ ကြေးစားဂေါက်သီးသမား ဂယ်ရီပလေးယား (Gary Player) ပုံစံထုတ်ထား သည်ဆိုပြီး လယ်သမားများထံမှ လျော်ကြေးမပေးဘဲ မြေကိုသိမ်း၍ ဂေါက်ကွင်း
ဆောက်ထားသည့်နေရာဟုလည်း သိရသည်။

မြန်မာ့ဂုဏ်ဆောင် ‘pride of Myanmar’ ဂေါက်ကွင်းတွင် ဂယ်ရီပလေးယား ပါဝင် ပတ်သက်နေမှုကို အငြိမ်းစား တောင်အာဖရိက ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ပြစ်တင်ဝေဖန်ခဲ့ပြီး ၎င်းက "လူသတ်စစ် အာဏာရှင် မြန်မာနိုင်ငံမှ စစ်အစိုးရ အာဏာပိုင်များအတွက် ကစားကွင်း" ဟု ခေါ်ဝေါ်သမုတ်ခဲ့သည်။

၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အရှိန်အဟုန်မြင့်နေချိန်တွင် ဒက်စမွန်တူးတူးနှင့် တောင်အာဖရိကရှိ မြန်မာ့အရေးထောက်ခံသူများက နယ်လ်ဆင်မင်ဒဲလား၏ ကလေးများ ရန်ပုံငွေပွဲ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဂယ်ရီ ပလေးယားကို ဖိတ်ကြားခြင်းမပြုရန် အောင်မြင်စွာ တိုက်တွန်းစည်းရုံးနိုင်ခဲ့ကြသည်။ သူတို့က ပလေးယားနှင့် စစ်အစိုးရဂေါက်ကွင်း ဆက်စပ်ပတ်သက်နေမှုကို ထောက်ပြခဲ့ကြသည်။

ဆာ့ခ်ျပန်း၏ SPA/FMI ကုမ္ပဏီအုပ်စု၏ ထုတ်ပြန်ကြေညာချက်တွင် သြစတြီးယား သံအမတ်ကြီးနှင့် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ သီးသန့်ထိပ်တန်း ဂေါက်ကွင်းအနီးရှိ ပုဂ္ဂလိကပိုင် ပန်းလှိုင်ဆေးရုံသို့လည်း သွားရောက် လည်ပတ်သေးသည်ဟု ဖော်ပြထား သည်။ ဧရာဝတီမဂ္ဂဇင်း၏ သတင်းတပုဒ် ဖော်ပြချက်အရ မကြာသေးမီက အနားယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်းဆေးရုံတွင် လွန်ခဲ့သည့် သြဂုတ်လက ဆေးစစ်မှု ခံယူခဲ့သေးသည်ဟုလည်း သိရသည်။

(သောမတ်စ်မောင်ရွှေ ရေးသားသည့် NLD disturbed by Austrian embassy’s promoting defense firm in Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)

Ref;Mizzima

0 comments:

အပေါ်သို့