Wednesday, May 11, 2011

အစိုးရကို မထိခိုက်လျှင် လွတ်လပ်စွာ ရေးနိုင်

သင်းအောင်
11 May 2011

နိုင်ငံတော်နှင့် အစိုးရကို မထိခိုက်လျှင် လွတ်လပ်စွာ ရေးသားနိုင်ပြီး သတင်းစိစစ်ရေးက အဆုံးအဖြတ် ပေးလိမ့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြောဆိုလိုက် သည်။

ယမန်နေ့ညနေက ပြည်လမ်းပေါ်ရှိ ပြည်သူ့လွှတ်တော် အဆောက် အအုံ တွင်ကျင်းပသော ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့နှင့် မီဒီယာများ ပထမ ဆုံးအကြိမ် တွေ့ဆုံပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဥာဏ် ထွန်းဦးက ပြောဆိုခြင်း ဖြစ်သည်။

“လွတ်လပ်စွာ ရေးသားခွင့် ပြောဆိုခွင့်ဆိုတာက နိုင်ငံတော်နဲ့ အစိုးရကို ထိခိုက်စရာမပါရင် ဘာမှ လွတ်လွတ်လပ်လပ် မရေးနိုင်စရာ အကြောင်းမရှိပါဘူး။ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ နိုင်ငံသားတွေနဲ့ ပတ်သက်လို့ ထိခိုက်မယ့် အကြောင်းအရာတွေကတော့ လုပ်ခွင့်မရှိသလို သတင်းလည်း ထုတ်ပြန်ခွင့်မရှိပါဘူး။ အဲဒီကိစ္စကိုတော့ သက်ဆိုင်ရာ သတင်းစိစစ်ရေး ဘက်က ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဦးဥာဏ်ထွန်းဦးက ဆိုသည်။

ယင်းတွေ့ဆုံပွဲသို့ ဦးဥာဏ်ထွန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းတို့ နှစ်ဦးသာ လာရောက်ပြီး စာနယ်ဇင်းသမားများ မျှော်လင့်ထားသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်ခြင်း မရှိခဲ့ပေ။

“ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်မယ်လို့ အားလုံးက မျှော်မှန်းနေကြတာ။ ဝန်ကြီး ဦးဥာဏ်ထွန်းဦး တက်ရောက်လာတော့ ဘယ်သူလဲလို့ အချင်းချင်း လက်တို့ မေးကြ ရတယ်” ဟု အယ်ဒီတာတဦးက ပြောသည်။

အခမ်းအနားစသည်နှင့် ဦးဥာဏ်ထွန်းဦးက ရန်ကုန်မြို့အတွင်း ရေနုတ်မြောင်းများ ပိတ်ဆို့မှု၊ စည်ကမ်းမဲ့ အမှိုက်စွန့်ပစ်မှု၊ ပလတ်စတစ် အန္တရာယ်၊ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု၊ ယခုလပိုင်းများအတွင်း လျှပ်စစ် ဓာတ်အား ပြည့်မီစွာ ရရှိနေမှု၊ရပ်ကွက်လူထုမှ လိုလား သူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်နိုင် ခြင်း တို့ကို ပြောဆိုသွားကြောင်း သိရသည်။

ထို့နောက် ဦးဥာဏ်ထွန်းဦးက မေးခွန်းများ မေးမြန်းရန် စာနယ်ဇင်းသမားများကို စာရင်း ဖြင့် ခေါ်ဆိုသော်လည်း ဦးဥာဏ်ထွန်းဦး၏ လက်ခံစာရင်းပါ စာနယ်ဇင်းသမား တဦးမျှ အဆိုပါ အခမ်းအနားသို့ တက်ရောက်ခြင်း မရှိ ကြောင်း၊ ထိုအခါမှ ဦးဥာဏ်ထွန်း ဦးက တက်ရောက်လာသူများထဲမှ တချို့ကို မေးမြန်းခွင့် ပြုကြောင်း သိရသည်။

လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က သတင်းထောက်များ မေးမြန်းသည့် မေးခွန်းတိုင်းကို ဝန်ကြီး ဦးဥာဏ်ထွန်းအနေဖြင့် ဖြေဆိုမည်လားဟု မေးမြန်းရာ Cross (တန်ပြန်) မေးခွန်း၊ အရောင်ပါသော မေးခွန်းများ မေးပါက အခမ်းအနား ရုပ်သိမ်းမည် ဖြစ်ကြောင်း၊ အစိုးရကို မထိခိုက်လျှင် ရေသားခွင့်ရှိသဖြင့် ဖြေကြားမည် ဖြစ်ကြောင်း ဦးဥာဏ်ထွန်းက ပြောသည်။

လာဘ်ပေးလာဘ်ယူကိစ္စနှင့် ပတ်သက်၍ သတင်းထောက်တဦး၏ မေးမြန်းချက်ကို ဦးဥာဏ်ထွန်းဦးက လာဘ်ပေးလာဘ်ယူကိစ္စများကို ချက်ချင်း အရေးမယူနိုင်သေးကြောင်း၊ အရေးယူမှုများ လုပ်လျှင် လုပ်ငန်း ကျွမ်းကျင်သူမရှိဖြစ်မည်စိုး၍ သတိပေးထားကြောင်း၊ သတိပေး၍ မရလျှင် ဝန်ထမ်းအစားထိုးနိုင်ရန် စီမံ နေကြောင်း ဖြေကြားသွားသည်။

ပြည်သူလူထုက အစိုးရကို အယုံအကြည်မရှိ ခံစားရသည့်အဖြစ်ကို မနှစ်မြို့ကြောင်း၊ အထက်လူကြီးများက ပို၍ မနှစ်မြို့ကြောင်းလည်း ဦးဥာဏ်ထွန်းဦးက ပြောသည်။

7 Day News ဂျာနယ်မှ အမှုဆောင် အယ်ဒီတာ ကိုအားမာန်က ကမ်းနား လမ်းသစ်ဖောက်လုပ်ရာတွင် ဖျက်သိမ်း ခံရသော အိမ်များအတွက် လျော်ကြေး ပေးခြင်း ရှိမရှိ မေးရာ အစိုးရအဖွဲ့က အားလုံးကို နစ်နာကြေးပေးကြောင်း၊ နစ်နာကြေးလိုချင် သဖြင့် တဲလာထိုးသူများကိုမှု မပေးကြောင်း ဦးဥာဏ်ထွန်းဦးက ဖြေကြားသည်။

အပတ်စဉ် အင်္ဂါနေ့တိုင်း မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး တခြား ဝန်ကြီးဌာနများသို့ ဆက်သွယ် ဖြေကြားရမည် ဖြစ်သဖြင့် အင်္ဂါနေ့ မတိုင်မီ မေးလိုသည့် မေးခွန်းများ ကြိုတင် ပေးပို့ရန်နှင့် အဆင်မပြေသော ရက်များတွင် တွေ့ဆုံမှုကို ရက်ရွှေ့ဆိုင်းမည် ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းက ပြောကြားသည်။

အစိုးရဌာနအလိုက် ကိုယ်စားပြု ဖြေကြားခြင်း မဟုတ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စာနယ်ဇင်း တွေ့ဆုံမှုသည် ဖရိုဖရဲနိုင်သည်ဟု တက်ရောက်သည့် သတင်း ထောက်တဦးက ပြောသည်။

ညနေ ၅ နာရီ ၁၅ မိနစ်မှ ၆ နာရီခွဲအထိ ကျင်းပသော အဆိုပါ တွေ့ဆုံပွဲသို့ ဂျာနယ် ၁၀ စောင်မှ စာနယ်ဇင်း သမား ၃၀ ကျော် တက်ရောက်ခဲ့သည်။

Ref;Irrawaddy

0 comments:

အပေါ်သို့