Monday, May 9, 2011

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တပ်တွင်းအပြောင်းအလဲ စတင်လုပ်ဆောင်

ရန်ပိုင်
09 May 2011

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ရယူပြီး သည့်နောက် စစ်တပ်အတွင်း ရာထူးအပြောင်းအလဲများ စတင်ပြုလုပ်နေကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန စစ်ဘက်အသိုင်းအ၀န်းမှ သိရသည်။

အဆိုပါ ရာထူးအပြောင်းအရွေ့များကို မေလ ၅ ရက်နေ့က စတင်ပြုလုပ်ခြင်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်ရာထူး မှ အနားယူပြီးနောက် ပထဆုံးအကြိမ် အဖြစ် ပြုလုပ်သည့် တပ်တွင်း ရာထူး အပြောင်း အရွှေ့များဖြစ်သည်ဟု စစ် ဘက်နှင့် နီးစပ်သူတဦးက ဆိုသည်။

“ကာချုပ်က လူဟောင်းတွေထဲက မကြိုက်တဲ့သူတချို့ကို ဖယ်ပြီး ကြိုက်တဲ့သူတွေကို ဆွဲတင်ဖို့လုပ်တာပါ။ ဘယ်လောက်တော်တော် မကြိုက်ရင် နေရာမရှိဘူး၊ စစ်တပ်မှာ ဖြစ်ရိုး ဖြစ်စဉ်ပဲ” ဟု ၎င်းက ဆိုသည်။

ယခုပြောင်းရွေ့မှုတွင် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ မပါဝင်ဘဲ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှူးများနှင့် ခြေမြန် တပ်မဌာနချုပ် တပ်မမှူးများကိုသာ အပြောင်း အလဲလုပ်ကြောင်း သိရသည်။

ယခုပြောင်းရွှေ့မှုတွင် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ အခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှူး ဗိုလ်မှူးကြီး အောင်ရဲဝင်းအား ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်အခြေစိုက် စကခ (၁ဂ)၊ အမှတ်(၁၈) စကခမှူး ဗိုလ်မှူးကြီး မင်းဇော်အား တပ်မတော် သူနာပြုတက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် အမှတ်( ၉) စကခမှူး ဗိုလ်မှူးချုပ် တင်ဆွေဝင်းအား စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ရှမ်းပြည်တောင်ပိုင်း ကလော မြို့အခြေစိုက် တပ်မ ၅၅ တပ်မမှူးကို အမှတ် (၉) စကခ၊ ရှမ်းပြည်မြောက်ပိုင်း သိန္ဓီအခြေစိုက် အမှတ် (၁၆) စကခမှူး ဗိုလ်မှူးကြီး ၀င်းသိန်းအား နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ် စခန်းရုံးတို့သို့ အသီးသီးပြောင်းရွေ့လိုက်သည်။

တခြားသော စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်မှူးများကိုလည်း ဆက်လက်ပြောင်း ရွှေ့မည် ဖြစ်ကြောင်းလည်း သိရသည်။

ယခု စစ်တက္ကသိုလ်သို့ ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ရသူ ဗိုလ်မှူးချုပ် တင်ဆွေ ၀င်းသည် တိုင်းမှူးရာထူး တိုးမြှင့်ခံရမည်ဟု စစ်တပ်အတွင်း သတင်းထွက်ပေါ်နေသူ ဖြစ်ပြီး ယခင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး တာဝန်ယူသွားသည့် ဗိုလ်မှူးချုပ် မြတ်ထွန်းဦး သည်လည်း ရှမ်းပြည်နယ်တွင် မကြာမီက ဖွင့်လှစ်ခဲ့သည့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့တိုးမြှင့်ခြင်းခံရသည်။

ယခုအပြောင်းအရွှေ့တွင် ပြောင်းရွှေ့ခြင်းခံရသူများသည် ပြီးခဲ့သည့်နှစ် သြဂုတ်လကမှ စတင်ပြီး ယင်းရာထူးတာဝန်များကို စတင် ထမ်းဆောင်သူများ ဖြစ်သည်။

စစ်ရေး လေ့လာသူများ အဆိုအရ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကလည်း စစ်တပ်ရာထူး အပြောင်းအရွှေ့များကို အကြီးအကျယ် ပြုလုပ်ခဲ့သေးကြောင်း၊ ထို့နောက် ၉ လအကြာ ယခုတကြိမ် ထပ်မံပြုလုပ်ခြင်းသည် သမားရိုးကျ ပုံမှန်ပြုလုပ်ခြင်း မဟုတ်သည့်အတွက် ယခုတပ်တွင်း အပြောင်းအလဲများကို စောင့်ကြည့်ရန် လိုကြောင်း ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူနေစဉ် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကလည်း စစ်ဘက်ထိပ်တန်း စစ်ဗိုလ်ချုပ်များကို ရာထူးမှ အနားယူစေပြီး စကခမှူးများ၊ တိုင်းမှူးများ၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာများအထိ ရာထူးအပြောင်းအလဲများကို အကြီးအကျယ်ပြုလုပ်ခဲ့သည်။

ပြီးခဲသည့် မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာသိမ်း စစ် ကောင်စီကို ဖျက်သိမ်းပြီး ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သို့ လွှဲအပ်ခဲ့သည်။

ထိုသို့ လွှဲပြောင်းပေးအပ်မှုများကြောင့် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ရာထူးတာဝန်မှ အနားယူသွားပြီဟု ထင်ကြေးပေး ပြောဆိုမှုများ ရှိနေသော်လည်း စစ်တပ်နှင့် ပတ်သက်၍ ဆက်လက်ချုပ်ကိုင်ထား ဆဲဖြစ်သည်ဟု အတည်မပြုနိုင်သေးသော စစ်ဘက်အသိုင်း အ၀န်း သတင်းများအရ သိရသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့