Monday, May 9, 2011

မြန်မာ အတိုက်အခံများ ချင်းမိုင်၌ ကန့်သတ်ခံရ

သန်းထိုက်ဦး
09 May 2011

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားနေသော အတိုက်အခံ အဖွဲ့ အစည်းများကို မြန်မာ အစိုးရ၏ ဖိအားပေးမှုကြောင့် ထိုင်းအာဏာပိုင်များက မကြာ သေးခင် ရက်ပိုင်းမှ စတင်၍ ကန့်သတ် တင်းကျပ်မှုများ ပြုလုပ်နေသည်။

ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီမှ တဆင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အစည်းအဝေးများ မပြုလုပ် ရန် အပါအ၀င် လူများစွာ မစုဝေးကြ ရန် ညွန်ကြားထားခြင်း ဖြစ်ကြောင်း ထိုင်းထောက်လှမ်းရေး သတင်းရပ် ကွက် ကဧရာဝတီသို့ ပြောသည်။

“ထိုင်းမှာ အတိုက်အခံ အစည်းအဝေး လုပ်တဲ့ သတင်းအချက်အလက်တွေ မြန်မာ အစိုးရ လက်ထဲမှာ အားလုံးရှိတယ်၊ အစည်း အဝေးလုပ်တဲ့ အဖွဲ့ထဲမှာ သတင်းပေးတွေ ရှိနေတယ်” ဟု ထိုင်း ထောက်လှမ်းရေး တဦးက ဆိုသည်။

ထိုင်းအာဏာပိုင် တချို့ကလည်း ချင်းမိုင်မြို့တွင်ရှိသော မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေ သော အဖွဲ့အစည်းတချို့ကို မကြာသေးခင် ရက်ပိုင်းက တွေ့ဆုံခဲ့ရာ လုံခြုံရေးအရ အစည်း အဝေး မကျင်းပရန် အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။

ချင်းမိုင်မြို့တွင် အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့် အစည်းအဝေးများ ကျင်းပခဲ့ ဖူးသည့် ဟိုတယ်များ၌ အစည်းအဝေးလုပ်ပါက ထိုင်းလူဝင်မှု ကြီးကြပ်ရေး အဖွဲ့ (လ၀က) တာဝန်ရှိသူများထံ သတင်းပို့ရန် မေတ္တာရပ်ခံ ထားကြောင်း အမည် မဖော်လိုသော ဟိုတယ် မန်နေဂျာ တဦးက ပြောသည်။

အတိုက်အခံ အဖွဲ့အစည်းများကို ချင်းမိုင်မြို့ပေါ်တွင် ထိုင်းအာဏာပိုင်များက အစည်းအဝေး ကျင်းပခွင့် မပေးသော်လည်း ထိုင်း- မြန်မာ နယ်စပ်များ၌ ပြုလုပ်ခွင့်ပြုကြောင်း ကြား သိရသည်။

မေလဆန်းပိုင်း၌ ချင်းမိုင်မြို့တွင် ကျင်းပရန် စီစဉ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ ပူးပေါင်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) အစည်းအဝေးကို မြန်မာ အစိုးရက ဖိအားပေးသည့် အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အတိုက်အခံ သတင်းရပ်ကွက်များက ဆိုသည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရန် လက်နက်ကိုင် ၆ ဖွဲ့ဖြင့် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ(CEFU) ကို ဖွဲ့စည်း၍ ၂၀၁၁ ခုနှစ်အတွင်း အဖွဲ့ဝင် ၁၂ ဖွဲ့ဖြစ်လာကာ UNFC အဖြစ် ပြောင်းလဲ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ချင်းမိုင်မြို့ရှိ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုအဖွဲ့ တည်ရှိရာ နေရာတချို့ကို ထိုင်းအာဏာပိုင် များက ၀င်ရောက် စစ်ဆေးဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများအနက် ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထား သူများကို နာရီပိုင်းအတွင်း ပြန်လွှတ် ပေးခဲ့သော်လည်း အမျိုးသမီး ၁၀ ဦးကို ထိုင်းနိုင်ငံ အတွင်း တရားမ၀င် နေထိုင်မှုဖြင့် တရက်ခန့် ဆက်လက်ထိန်းသိမ်းထား ပြီး မှ ပြန်လည်လွှတ်ပေးခဲ့သည်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ၀န်ကြီးချုပ် သက်ဆင်ရှင်နာဝပ် အစိုးရ လက်ထက်တွင် ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားသူများက လုံခြုံရေး အခြေအနေ စိုးရိမ်ရသဖြင့် ရုံး လုပ်ငန်းများကို ရက်သတ္တပတ်ပေါင်း အတန်ကြာ ရပ်ဆိုင်းထား ခဲ့ရဖူးသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့