Friday, March 23, 2012

ဒဂုန်မြို့သစ် မြေသိမ်းခံရမှု ၈၈ နှင့် လွှတ်တော်အမတ် လက်တွဲ

မင်းသက်
မတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

ရန်ကုန်တိုင်း ဒဂုန်မြို့သစ် အရှေ့ပိုင်းမှ အသိမ်းခံရတော့မည့် မြေကွက်များ ကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က နစ်နာသူတို့နှင့်အတူ လက်တွဲ
ဆောင်ရွက်သွားမည်ဟု ဆိုသည်။

မတ်လ ၇ ရက်နေ့က နိုင်ငံပိုင်မီဒီယာများမှတဆင့် ထုတ်ပြန်ချက်အရ အထူးစိုက်ပျိုးရေးဇုန် စီမံကိန်းအတွက် ဒဂုန်မြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မြေတိုင်းအမှတ် ၁၁ ခုမှ မြေကွက်ပေါင်း ၈,ဝဝဝ ကျော်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ အသိမ်းခံရမည် ဖြစ်သည်။

အဆိုပါမြေကွက်များမှာ ဝန်ထမ်း မြေကွက်များ ဖြစ်၍ နစ်နာသူ ဒေသခံ ဝန်ထမ်းများက အကူအညီတောင်းသဖြင့် ၈၈ ကျောင်းသား များနှင့် လက်တွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က မဇ္ဈိမကို ပြော သည်။


“၈၈ မျိုးဆက်ကလည်း ပြည်သူပဲ။ ဘယ်သူက မပေါင်းရဘူး ပြောမလဲ။ ကျနော်တို့ အချင်းချင်း သူငယ်ချင်းတွေဖြစ်လို့ ပိုတောင် ပေါင်းလုပ်လို့ ရသေးတယ်” ဟု ပြောသည်။

အသိမ်းခံ မြေကွက်များကို ၁၉၉၈ ခုနှစ်က ဝန်ထမ်းများအား ရောင်းချစဉ်က တန်ဖိုးဖြစ်သည့် ကျပ် ၁၂,ဝဝဝ သာ ပြန်လည်ပေး လျော်မည်ဖြစ်၍ ကာလပေါက်ဈေးနှင့်ယှဉ်ပါက လွန်စွာနစ်နာနေရကြောင်းလည်း ဦးခိုင်မောင်ရည်က ပြောသည်။

“ခုဟာက မြေကွက်တွေကို သိမ်းမယ်ဆိုတာရယ်၊ ပြန်အမ်းမယ်ဆိုတဲ့ ပိုက်ဆံက နဂို မူလ သွင်းတဲ့ပိုက်ဆံဆိုတာ တလကို ၂ဝဝ နှုန်းနဲ့ ငါးနှစ်တိတိ ဝန်ထမ်းလခထဲက ဖြတ်လာခဲ့တာ အားလုံး တသောင်းနှစ်ထောင်ရှိတယ်။ ကာလပေါက်ဈေး မြေကြီးဆိုတာက တန်ဖိုး ဖြတ်လို့ မရဘူး။ သိန်း သုံးလေးငါးဆယ်ကနေ သိန်းရာချီပြီးတော့လည်း ရှိသွားနိုင်သလို ဒိထက်လည်း မြင့်နိုင်ပါတယ်။ နေရာအလိုက် ပေါ့” ဟု ပြောသည်။

သတ်မှတ်လျော်ကြေး ၁၂,ဝဝဝ ကျပ်ကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လာရောက်ထုတ်ယူရမည်ဟု
ကြေညာထားကြောင်း သိရသည်။

မတ်လ ၁၅ ရက်နေ့ လွှတ်တော်တွင် အဆိုပါကိစ္စအား ဦးခိုင်မောင်ရည်က မေးခွန်းထုတ်ခဲ့သဖြင့် အထောက်အထား များဖြင့် ဖြစ်စဉ် အသေးစိတ်အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တောင်းခံနေရာ ဒေသခံများထံ ၈၈ ကျောင်းသားများနှင့် အတူ မတ်လ ၁၇ ရက်နေ့က သွားရောက်တွေ့ဆုံ စုံစမ်းခဲ့သည်ဟု ဦးခိုင်မောင်ရည်က ပြောသည်။

အဆိုပါကိစ္စနဲ့ပတ်သက်၍ နစ်နာသူများအား နည်းလမ်းနှစ်သွယ်ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဟု ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးကိုကိုကြီးက ပြောသည်။

“ကျနော်တို့ကလည်း အတတ်နိုင်ဆုံး အချက်အလက်တွေ ကောက်ပေးသွားမယ်။ ဒါနဲ့ပတ်သက်ပြီး ကိုယ်စားပြု ဒီမိုကရေစီနဲ့ တိုက်ရိုက် ဒီမိုကရေစီဆိုတဲ့ ပုံစံနှစ်ခုနဲ့ ကြိုးစားသွားမယ်။ ကိုယ်စားပြု ဒီမိုကရေစီနည်းကတော့ လွှတ်တော် ကိုယ်စားလှယ်တွေက တဆင့် ဆွေး နွေးတင်ပြသွားမှာဖြစ်တယ်။ တိုက်ရိုက် ဒီမိုကရေစီကတော့ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ပြည်သူတွေ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ယင်းမြေယာကိစ္စ အသေးစိတ်ကို သူရဦးရွှေမန်းက သမ္မတကြီးထံ တင်ပြထားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။

စုံစမ်းလေ့လာမှုအရ အဆိုပါ ပေ ၆ဝ၊ ပေ ၄ဝ ရှိ မြေကွက် ၈,ဝဝဝ ကျော်မှာ ၁၉၉၈ ခုနှစ်မှပင် အိမ်ဆောက်လုပ်ခွင့် ပါမစ်များ ရထားပြီး လက်ရှိတွင် အိမ်ထောင်စုပေါင်း ၈ဝ၇၉ စု နေထိုင်လျက်ရှိသည်ဟု ဦးခိုင်မောင်ရည်က ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့