Wednesday, March 21, 2012

The Voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက အသရေဖျက်မှုနဲ့ တရားစွဲပြီ

March 20, 2012
ရွှေအောင်

ပြည်တွင်းထုတ် သတင်းဂျာနယ်တစောင်ဖြစ်တဲ့ The Voice အပတ်စဉ် ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ဒဂုံမြို့နယ် တရားရုံးကနေ ဒီနေ့ တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။

တရားရုံးက ဆင့်ခေါ်စာ ပေးပို့တာကို လက်ခံ ရရှိကြောင်းနဲ့ အမှုကို ရင်ဆိုင်သွားမယ် လို့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က ပြောပါ တယ်။

“တရားစွဲပြီဆိုတော့မှ ရင်ဆိုင်ရတော့မှာပေါ့။ ကျနော်တို့ ရှိနေတဲ့အတိုင်းပဲ။ ကျနော်တို့က အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရှိတဲ့အတွက် တရားရုံး ရောက်တဲ့အခါ ကျနော်တို့ လိုအပ်တဲ့ သက်သေတွေ ဘာတွေ ခေါ်ရမှာပေါ့။ ကျနော်တို့ ဘက်က ခိုင်လုံကြောင်း အဲဒါပါ။”


မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly မှာ “၀န်ကြီးဌာနအချို့၏ ကျပ် သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုတဲ့ သတင်း ဖော်ပြခဲ့ပါတယ်။

အဲ့ဒီသတင်းမှာ သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၁) သတ္တုတွင်း လုပ်ငန်းရဲ့ မုံရွာကြေးနီ စီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း အား ဒေါ်လာ သန်း ၁၀၀ နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် သို့ ရောင်းချခဲ့ပြီး၊ ဦးပိုင်လီမိတက်က ငွေပေး ချေရမယ့် အစား နိုင်ငံခြား ကုမ္ပ ဏီတခုက ပေးချေခဲ့တယ်လို့ သတ္တုတွင်း ၀န်ကြီးဌာန ရဲ့ အလွဲသုံးစားမှုကို ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ အစီရင်ခံစာကို ကိုး ကားပြီး ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ဒီသတင်းဖော်ပြတာနဲ့ ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly တွင် ဖော်ပြခဲ့တဲ့ သတင်းဟာ မှားယွင်းနေပြီး ဥပဒေကြောင်း အရ အရေးယူ ဆောင်ရွက်မယ် လို့ သတင်းစာတွေ ကနေ ထုတ်ပြန်ခဲ့ပြီး နောက် အခုလို တရားစွဲဆို လိုက်တာပဲ ဖြစ်ပါတယ်။

အမှုကို မတ် ၂၂ရက် မှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီ့အရင်ကလဲ သတင်းဂျာနယ် တစောင်ဖြစ်တဲ့ မော်ဒန်ဂျာနယ်ကို ဆောက်လုပ် ရေး ၀န်ကြီးဌာနက အသရေဖျက်မှုနဲ့ပဲ တရားစွဲဆိုထားပါတယ်။

Ref: DVB

0 comments:

အပေါ်သို့