Friday, March 23, 2012

မဲဆွယ်စည်းရုံးရေး မသမာမှုတွေ NLD သတင်းထုတ်ပြန်

22 မတ် 2012
သင်းသီရိ

ကြားဖြတ် ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ ဥပဒေနဲ့ မကိုက်ညီတဲ့ မဲဆွယ်စည်းရုံးမှုတွေ ပိုများလာနေပြီး မသမာတဲ့ လုပ်ရပ်တွေ လည်း ပိုဖြစ်လာနေတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။ ဒီလို ဥပဒေနဲ့ ဆန့်ကျင်တဲ့ မဲဆွယ်မှုတွေနဲ့ လုပ်ရပ် တွေကို အများပြည်သူ သိရှိအောင်နေ့စဉ် သတင်းတွေ ထုတ်ပြန် အသိပေး သွားမယ်လို့လည်း NLD က ပြောပါတယ်၊ ဘယ်လိုအခြေ အနေတွေကြောင့် အခုလို NLD ဖက်က အသိပေးချက်တွေ ထုတ်ပြန်နေတာနဲ့ ပတ်သက်ပြီး မသင်းသီရိက တင်ပြပေးထားပါတယ်။

အခုဆိုရင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ (၉) ရက်သာလိုတော့တဲ့ အချိန်မှာ မဲဆွယ် စည်းရုံးရေး လုပ်ရ တာတွေ ဟာ ပိုပြီး ခက် ခဲတဲ့ အခြေအနေတွေ တွေ့လာရပြီး လက်ရှိ အာဏာရ ကြံ့ခိုင် ဖွံဖြိုးရေး ပါတီဖက်က လည်း ဥပဒေနဲ့ မကိုက်ညီ တဲ့ မဲဆွယ် မှု တွေ ကိုလည်း ပိုတွေ့လာရတယ်လို့ NLD ပါတီက ပြောပါ တယ်။ ဒီလိုရွေးကောက်ပွဲ ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို NLD ပါတီက နေ့စဉ် သတင်း ထုတ်ပြန်ကာ အများ ပြည်သူကို အသိပေးသွားမယ်လို့ NLD ပါတီက ပြောပါတယ်၊


ဒါ့ကြောင့် ဒီကနေ့ မတ်လ ၂၂ ရက်နေ့ နေ့စွဲနဲ့ အများပြည်သူက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ မဲဆွယ် စည်းရုံးမှု လို့ ယူဆရတဲ့ အခြေအနေတခုနဲ့ အတူ NLD ပါတီဝင် ဖြစ်တဲ့အတွက် တရားမျှတမှုမရှိ ဖိနှိပ် ကန့်သတ်ခံရတဲ့ အခြေအနေ တခုကို ထုတ်ပြန်ခဲ့တယ်လို့ NLD ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ပထမတစ်ချက်က ဇဗ္မူသီရီမြို့နယ်မှာ သမ္မတကြီး ဦးသိန်းစိန်က လယ်သမားများ အမတော်ကြေးပေးတဲ့ ပွဲကို တက်ပါတယ်။ တက်ပြီးတဲ့ အခါမှာ သမ္မတကြီးက ပြောတယ်။ ခင်ဗျားတို့ တောင်းတာ တွေတော့ ကျုပ်တို့ ပေးပြီးပြီ။ ကျုပ် တို့ တောင်းဖို့ပဲ ကျန်တော့တယ် ဆိုတော့ လယ်သမားက ဟုတ်ပါတယ်။ ကျနော်တို့ သိပါတယ် လို့ပြောတယ်။ ဒီဟာလေးကို 7 days News မှာ ကျနော်တို့ တွေ့တယ်။ အဲဒါနဲ့ ပတ်သက်ပြီး တော့ ပြည်သူတွေ ကတော့ ဟာ သမ္မတကြီးကတော့ မဲဆွယ်နေတာဘဲ လို့ အများက အဲဒီလို ယူဆနေကြတဲ့ အကြောင်း၊ ဒါက တစ်ပုဒ်။ နောက် တစ်ပုဒ်က ဇဗ္မူသီရီမှာဘဲ အဲဒီ ကျေးရွာတစ်ခုမှာ လျှပ်စစ်မီးချပေးတယ်။ တစ်ယောက် တည်းဘဲ ကျန်ခဲ့တယ်။ ဦးကြည်ဆိုတာ။ ဘာလို့ ကျန်ခဲ့လဲ ဆိုတော့ သူ့အိမ်မှာ NLD ဆိုင်းဘုတ် ရှိတယ်။ ပြီးတော့ ရာအိမ်မှူး က လာပြောတယ်။ ဒီဟာကတော့ နေပြည်တော် ကောင်စီဝင် ရဲ့ ညွှန်ကြားချက် အရ ကျနော်တို့ ချန်ထားတာပါတဲ့။ အဲဒီတော့ ကျနော်တို့ ပြောတာက နေပြည်တော် ကောင်စီဝင် ကသာ တစ်ကယ် တမ်း ဒီလို အမိန့်ပေးခဲ့ရင် ဒါဟာ အလွန် မလျော်ကန်တဲ့ ကိစ္စဘဲ လို့ အဲဒါ သတင်း ထုတ်ပြန် တယ်။”

ဒါ့အပြင် အစိုးရရုံးစိုက်ရာနေပြည်တော်က ဥတ္တရသီရိမဲဆန္ဒနယ်မှာ ၀င်ပြိုင်မယ့် NLD ပါတီရဲ့ ကိုယ်စားလှယ် လောင်း ဦးမင်းသူကို လောက်လေးဂွနဲ့ ပစ်တဲ့ ကိစ္စ၊ နေပြည်တော်က လစ်လပ်မဲဆန္ဒနယ်ထဲမှာပဲ NLD ပါတီ ဆိုင်းဘုတ် တွေကို ဓါးနဲ့လှီး ဖျက်ဆီး လိုက် တာမျိုး စတဲ့ မသမာမှု တွေလည်း ကြုံနေရတယ်လို့ ပြော ပါတယ်။

အခု ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကြုံနေရတဲ့ ပြသနာတွေထဲ မဲဆန္ဒရှင်တွေ ရဲ့ အမည် စာရင်း မှားယွင်းနေ တဲ့ အခြေအနေ က လည်း အတော်လေး ကို ဖြေရှင်း မရ ဖြစ်နေတာပါ၊ ကြံခိုင် ဖွံဖြိုးရေး ပါတီ ဘက် က ရွေးကောက်ပွဲဥပဒေ နဲမကိုက်ညီတဲ့ မဲဆွယ်မှုတွေ ရှိနေတဲ့ အခြေအနေ တွေကိုတော့ မန္တလေးတိုင်း မဟာ အောင်မြေ မဲဆန္ဒ နယ်ရဲ့ NLD ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် က ပြော ပါတယ်။

“မန္တလေးတိုင်း မဲ ဆန္ဒနယ်ထဲကဘဲ တံတားဦးတို့ ဘာတို့ မှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ကနေပြီးတော့ ဟောပြောပွဲမှာ ဝင်ပြီး နှောက်ယှက် တာတို့ ဘာတို့ အဲဒါတွေလည်း ကြားနေရတယ်။ ကျနော်တို့ ပခုက္ကူ တို့ ဘာတို့မှာလည်း ကြံ့ခိုင် ဖွံ့ဖြိုးရေးက NLD ကိုထောက်ခံရင် ဒေါ်စု ကို ထောက်ခံရင် အမှန်ခြစ်လိုက်ပေါ့။ ဒါပေမဲ့ သူတို့ကို မထောက်ခံဘူး ဆိုရင်လည်း ကြက်ခြေခတ်လိုက်ပါ။ ပယ်မဲ ဖြစ်အောင် လုပ်တဲ့ သဘောပေါ့။ အဲဒါမျိုးတွေ လုပ်နေတယ်။”

မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်ရဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်ပါ၊ ရန်ကုန်တိုင်း လှည်းကူး မဲဆန္ဒနယ် ထဲမှာလည်း မဲဆွယ် စည်းရုံးရေးအတွက် ကြုံနေရတဲ့ အခက်အခဲ တွေကိုတော့ လှည်းကူး မဲဆန္ဒနယ် NLD ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်း ပြောပြတာကတော့

“မအူကျေးရွာမှာ ကျနော်တို့ အစိုးရဆီက လယ်သမားတွေ ငွေချေးထားတဲ့ ငွေကို လက်ရှိ အစိုးရက ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရက သူတို့ အစိုးရဖြစ်တယ်။ သူတို့ကို မဲပေးမယ် ဆိုလို့ ရှိရင်တော့ ဒီငွေကို မဆပ်နိုင်သေးဖူး ဆိုရင် သက်ညှာစွာ စဉ်းစားပေးမယ်။ သူတို့ကို မဲ မပေးဘူးဆိုရင် အပက (၃) နဲ့ ဖမ်းဆီးမယ် ဆိုပြီးတော့ လာရောက် ဟောပြောပြီးတော့ မဲကို ရဖို့ အတွက် ကြိုးပမ်းနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လည်း ကျနော်တို့ ခရိုင်ကော်မရှင်ကို တိုက်ရိုက် တိုင်ကြားထားပါတယ်။ ”

ဒါကတော့ လှည်းကူးမဲဆန္ဒနယ် မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်း ဖြစ်ပါတယ်။ လစ်လပ်နေရာ ၄၈ နေရာအတွက်သာ ရွေးချယ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲဆိုပေမယ့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် ပွဲမို့ ပြည်တွင်း ပြည်ပနဲ့ ကမ္ဘာ့အဖွဲ့အစည်း အသီးသီးက အထူးအာရုံစိုက်မှု ရှိနေတာပါ။ အခုဆိုရင် ကြားဖြတ် ရွေးကောက်ပွဲ ကို နိုင်ငံတကာလေ့လာ စောင့်ကြည့်သူတွေကို ခွင့်ပြု လိုက်တဲ့အပေါ် ကြိုဆိုလိုက်ကြတာနဲ့ တပြိုင်နက် အခုလိုမျိုး မသမာမှုတွေ ရှိနေတဲ့အပေါ်လည်း စိုးရိမ်မကင်း ဖြစ်ကြတယ် လို့ နိုင်ငံတွေက ထုတ်ပြန်သလို ဒီ ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိမရှိ ဆိုတာကိုလည်း အထူးစောင့်ကြည့် နေတယ်လို့ နိုင်ငံတွေက ပြောကြပါတယ်။

Ref: ဗွီအိုအေ

0 comments:

အပေါ်သို့