Thursday, March 22, 2012

နွေရာသီ မွန်စာပေနှင့် ယဉ်ကျေးမှုသင်တန်းများ လွတ်လပ်လာ

ကွန်းချမ်း
မတ်လ ၂၁ ရက် ၂၀၁၂ ခုနှစ်

နွေရာသီ မွန်စာပေ သင်တန်းကို ယခုနှစ်တွင် မွန်ဒေသအသီးသီး၌ လွတ်လပ်စွာ သင်ကြားခွင့် ရပြီဖြစ်ကြောင်း သင်ကြားရေး တာဝန် ခံတို့က ပြောသည်။

ယခင်နှစ်များက သင်ကြားခွင့် ရရန် သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်အာဏာပိုင် အဆင့်ဆင့်သို့ တင်ပြရပြီး သင်ကြားချိန် တွင်လည်း ခေါ်ယူမေးမြန်း စစ်ဆေးမှုများ ရှိသော်လည်း ယခုနှစ်တွင် တင်ပြစရာ မလိုသည့်ပြင် သင်သည့်နေရာများကိုလည်း စီစဉ် ပေးကြောင်း ပြောသည်။

“ကျနော်တို့ လုပ်တာ လွတ်လပ်လာပြီ။ အရင်ကလို စစ်ဆေး မေးမြန်းတာ မရှိတော့ဘူး။ ရပ်ကွက်တွေ၊ မြို့နယ်တွေမှာလည်း သူတို့ ပိုင်တဲ့ ဓမ္မာရုံကိုတောင် သုံးခွင့် ပေးတယ်။ ကျနော်တို့ သိပ်ဝမ်းသာတယ်။ အစိုးရသစ်ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ နိုင်မင်းသောင်းသျှင် က မဇ္ဈိမကို ပြောသည်။

အလားတူ မွန်ဒေသလုံးဆိုင်ရာ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် မွန်စာပေသင်တန်းမှ တာဝန်ခံတဦး ဖြစ်သည့် ဆရာတော် ဘဒ္ဒန္တ သီလဝန္တ ကလည်း “ဒီနှစ်က အရင်နှစ်တွေလို မဟုတ်တော့ဘူး။ အခုဆိုရင် အစိုးရ စာသင်ကျောင်းမှာလည်း လိုအပ်ရင် သင်ကြားခွင့် ပေးထားတယ်” ဟု ပြောသည်။

ယခင်နှစ်များတွင် ဘုန်းတော်ကြီးကျောင်းရှိ ဇရပ်များ၊ ဓမ္မာရုံများ၊ နေအိမ်များနှင့် အချို့ကျေးရွာများတွင် အရိပ်ကောင်းသည့် သစ်ပင် အောက်၌ နွေရာသီ မွန်စာပေကို သင်ကြားခဲ့ရသည်။

နွေရာသီ မွန်စာပေ သင်ကြားမှုကို ၁၉၄၁ ခုနှစ်မှ စ၍ မွန်ဘုန်းတော်ကြီးများက ဦးဆောင်ကာ စတင်သင်ကြားခဲ့ပြီး မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီနှင့် ဘုန်းတော်ကြီးများက ယနေ့တိုင် လက်ဆင့်ကမ်း တာဝန်ယူခဲ့ကြသည်။

ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် မွန်စာပေသင်တန်း ကော်မတီ (ဗဟို) စာရင်းဇယားအရ ၂၀၁၁ ခုနှစ် နွေရာသီ မွန်စာပေ သင်တန်း တက် ရောက်သည့် သင်တန်းသား ဦးရေ ၆၀,၀၀၀ (ခြောက်သောင်း) ကျော် ရှိကြောင်း သိရသည်။

လွတ်လပ်ရေး ရရှိပြီးစ ဦးနု အစိုးရ လက်ထက်က အစိုးရကျောင်းစာများတွင် မွန်စာပေ သင်ကြားခွင့် ရရှိခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် မွန် ပညာရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းပေးကာ မွန်ကျောင်းဆရာများကို ခန့်အပ်ပေးပြီး မူလတန်းအဆင့်တွင် မွန်စာပေကို တရားဝင် သင်ကြား ခွင့် ပေးခဲ့သည်။

မဆလ အစိုးရလက်ထက် ၁၉၆၂ ခုနှစ်မှ စပြီး မွန်စာပေကို တရားဝင် သင်ကြားခွင့် မရရှိတော့ဘဲ ကျောင်းအချို့တွင်သာ နားလည်မှု ယူကာ အချိန်ပိုင်းအနေနှင့် အနည်းငယ် သင်ကြားခွင့် ရရှိခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ အစိုးရကျောင်းများ၌ မွန်စာပေ သင်ကြားမှုကို အလုံးစုံ ပိတ်ပင်ခဲ့ပြီး လူဦးရေ ၃ သန်းခန့် ရှိသည့် မြန်မာ နိုင်ငံ အောက်ပိုင်းတွင် နေထိုင်သည့် မွန်လူမျိုးများမှာလည်း အခြားတိုင်းရင်းသားများ နည်းတူ မိခင်စာပေ သင်ကြားခွင့် ဆိတ်သုဉ်း ခဲ့သည်။

သို့သော်လည်း မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်ပညာရေးဌာနက ပါတီအုပ်ချုပ်ရေး ဒေသတွင် ၁၉၇၂ ခုနှစ်မှ စပြီး မွန်စာပေကို စတင်သင်ကြားခဲ့ကာ ၁၉၈၄-၈၅ ခုနှစ်ခန့်တွင် ဗဟိုပညာရေး အဖွဲ့ငယ်ကို ဖွဲ့စည်းခဲ့သည်။

မွန်ပြည်သစ် ဗဟိုပညာရေးဌာန အောက်ရှိ မွန်အမျိုးသားကျောင်းများတွင် မူလတန်း ၁၄၂ ကျောင်း၊ အလယ်တန်း ၁၂ ကျောင်းနှင့် အထက်တန်းကျောင်း ၃ ကျောင်းများ၌ ကျောင်းသူ/သား တသောင်းခွဲခန့် ပညာသင်ကြားလျက် ရှိပြီး အစိုးရကျောင်းများနှင့် တွဲဖက်ပြီး သင်ကြားသည့် ကျောင်းသားဦးရေ နှစ်သောင်းကျော် ရှိသည်။

အိန္ဒိယ ရှေးဟောင်း ဗြာဟ္မီ အက္ခရာမှ ဆင်းသက်လာပြီး မြန်မာ အက္ခရာ အပါအဝင် ထိုင်း၊ ခမာ၊ လော စာပေ အက္ခရာများ၏ အခြေခံ အက္ခရာ ဖြစ်သည့် မွန်စာပေကို မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းနှင့် ထိုင်းနိုင်ငံ အတွင်းရှိ မွန်လူမျိုး အများအပြားကလည်း သင်ယူလျက် ရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့