Friday, June 15, 2012

အခြေခံလစာအပေါ် အလုပ်သမားဌာနနှင့် အလုပ်ရှင်သဘောထား

ဝေစန္ဒာ
ဇွန်လ ၁၄ ရက် ၂၀၁၂ ခုနှစ်

အလုပ်သမားများ၏ အခြေခံ လုပ်ခလစာ တပြေးညီ သတ်မှတ်ပေးရန် အလုပ်သမား ဦးစီးဌာနမှ အလုပ်ရှင်များကို ခေါ်ယူညှိနှိုင်းထား ကြောင်း ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင် က ပြောသည်။

“တပြေးညီ မသတ်မှတ်ရသေးပါဘူး။ အဲလိုသတ်မှတ်ပေးဖို့ ဆွေးနွေးခိုင်းထားတာပါ။ နိုင်ငံတော်က အစိုးရဝန်ထမ်းတွေ ပေးထားတဲ့ နေ့ ကြေးက ၁,၁ဝဝ၊ ထောက်ပံ့ကြေးက ၁,ဝဝဝ ပေးတယ်။ အဲဒီလိုမျိုး တနေ့ ၂,၁ဝဝ ပေးတာမျိုး ပေးဖို့ ဆွေးနွေးခိုင်းတာပါ။ ဌာနက သတ် မှတ်ပေးလို့ မရပါဘူး။ ဆွေးနွေးခိုင်းထားတဲ့ အဆင့်ပဲ ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုသို့ သတ်မှတ်ပေးရန် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ ရေထွက် လုပ်ငန်းရှင်များ
အသင်း စသည့် လုပ်ငန်းပေါင်း ၅၉ ခုကို ဆွေးနွေးကြရန် ညွှန်ကြားထားကြောင်း သိရသည်။


“လုပ်ငန်းအသီးသီးက ကိုယ့်ဘာသာ ဆွေးနွေးကြပေးဖို့ ပြောထားပြီးပြီ။ ပြီးရင် စာပြန်တင်ပေးဖို့ ပြောထားတယ်။ အဲဒီနှုန်းနဲ့ပဲ ခုဖြစ် နေတဲ့ အလုပ်သမား ပဋိပက္ခတွေ ရှင်းဖို့ ပြောထားလို့ ခေါ်ယူပြီး ဆွေးနွေးခိုင်းထားတာပါ” ဟု ဦးကျော်ကျော်လွင် က ပြောသည်။

ထိုသို့ ဆွေးနွေးခိုင်းပြီးဖြစ်သော်လည်း တရားဝင် စာပြန်မပို့ကြသေးကြောင်း သိရသည်။

“ဒါကို ဘယ်လောက်ပေးလို့ ဌာနအနေနဲ့ သတ်မှတ်ပေးလို့ မရပါဘူး။ ကလေးတွေ (အလုပ်သမားတွေ) လိုချင်တဲ့နှုန်း ကို ခေါ်ယူညှိ ပေးတာပါ။ သတင်းတွေမှာ ဌာနက သတ်မှတ်တယ်လို့ ရေးနေကြတယ်။ အဲဒါ မှားတယ်။ သတ်မှတ်ပေး လို့မရပါဘူး။ တချို့က ပေး နိုင်တယ်။ တချို့က မပေးနိုင်ဘူး။ ဒါပေမယ့် ဒီလိုလေး သတ်မှတ်မှ ဖြစ်မှာမို့ ဒါကို ညှိနှိုင်းခိုင်းတာပါ။ တချို့က ဒီထက်ပိုပေးတာ ရှိ တယ်။ ပိုပေးရင်တော့ ပိုပေးတာ ယူဖို့ ပြောထားတယ်” ဟု ညွှန်ကြားရေးမှူး က ပြောသည်။

အလုပ်သမားများက အခြေခံလစာ ၃၀,၀၀၀ သတ်မှတ်ပေးရန် တောင်းဆိုထားသည်။ လာမည့် လွှတ်တော်တွင် အနိမ့်ဆုံးလစာနှင့် ပတ်သက်၍ ဥပဒေတခု တင်ပြရန်ရှိပြီး ထိုဥပဒေ အတည်မပြုသေးမီ ထိုသို့ ယာယီညှိနှိုင်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဥပဒေ ထွက်ရှိလာပါက အခြေခံလစာ သတ်မှတ်ချက်ကို အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ပေးမှာမဟုတ်ဘဲ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကသာ သတ်မှတ်ပေးမှာ ဖြစ်ကြောင်း သိရသည်။

အထည်ချုပ် လုပ်ငန်းရှင်များအသင်းကလည်း ၎င်းတို့အလုပ်သမားများ၏ day ကြေး ခံစားခွင့်ကို အစိုးရ နေ့စား ဝန်ထမ်း၏ တရက် ကြေး ရရှိမှုပမာဏနှင့်အညီ ပေးရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

“အစိုးရ နေ့စားဝန်ထမ်းက တရက်ကို ၁,၁ဝဝ ရတယ်။ အဲဒီအတိုင်း ပေးဖို့ ညှိနှိုင်းနေတယ်။ အရင် ဟိုကြေး၊ ဒီကြေး ပေးတာ အနည်း ဆုံး ခုနစ်ခု၊ ရှစ်ခုရှိတယ်။ ဒီမှာတော့ အဲဒီလို မဟုတ်ဘူး။ အခြေခံလစာရယ်၊ အခြေခံလစာပေါ်တွက် တဲ့ Over Time ကြေးရယ်၊ ရှားပါးစရိတ်၊ ရက်မှန်ကြေး၊ ထုတ်လုပ်မှုအတွက် ရတဲ့ ရာခိုင်နှုန်းရယ်။ ဒါတွေကိုပဲ ပေး သွားမှာပါ။ Day ကြေးကို ၁,ဝဝဝ၊ ၁,၁ဝဝ၊ ၁,၂၅ဝ အဲဒီလို ပေးသွားနိုင်ဖို့လည်း ညှိနှိုင်းထားတယ်” ဟု အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

ထိုသို့အလုပ်သမားများ၏ Day ကြေး ခံစားခွင့် တိုးမြှင့်ပေးရန်အတွက် အထည်ချုပ် လုပ်ငန်းရှင်အသင်းမှ အသင်းဝင် ၁၅ဝ ဦးက ညှိနှိုင်းကာ ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုအတိုင်းဆိုလျှင် အထည်ချုပ်လုပ်ငန်းရှိ အနိမ့်ဆုံးဝန်ထမ်း Helper များမှာ တလလျှင် အခြေခံလစာ ၃၃,ဝဝဝ နှင့် အဆိုပါလစာ အပေါ် တွက်ချက်မည့် ခံစားခွင့် Overtime ကြေး၊ ရှားပါးစရိတ်၊ ရက်မှန်ကြေး၊ ထုတ်လုပ်မှုအတွက် ခံစားခွင့်များဖြင့် တလလျှင် ၆ဝ,ဝဝဝ ကျော် ရရှိမည် ဖြစ်သည်။

“Helper ကို ဒီလိုပေးတယ် ဆိုပေမယ့် ဘာမှ မလုပ်တတ်၊ အစအဆုံး သင်ရမယ့် လူကတော့ ဒီလစာနဲ့ ခံစားခွင့် ပေးမှာမဟုတ် ဘူး။ ၄၃,ဝဝဝ လောက်ပဲ ရပါမယ်။ ခု ညှိနှိုင်းလစာထက် မနည်းအောင် ညှိနှိုင်းပေးတာပါ။ တကယ်လို့ ဥပဒေ ထွက်လို့ အဲဒီ ဥပဒေက သတ်မှတ်တာများရင် များတဲ့ဘက်ကို ပေးသွားမှာပါ’’ ဟု ဦးမြင့်စိုး က ပြောသည်။

အထည်ချုပ်စက်ရုံများတွင် ဝန်ထမ်းခန့်ထားမှုမှာ အလုပ်သင်၊ Helper ၊ Operator ၊ စစ်ဆေးရေးမှူး နှင့် စက်ရုံ မန်နေဂျာစသည်ဖြင့် အဆင့်ဆင့်ရှိသည်။

ဇွန်လ ၃ ရက်နေ့က ပြုလုပ်သည့် အလုပ်သမား ပြဿနာနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတခုတွင် စက်မှု ဝန်ကြီး ဦးစိုးသိန်း က “ဘာလို့ ဖိနပ်ချွတ်ရလဲ။ ဖိနပ်ချွတ်တဲ့တိုင်းပြည် မရှိဘူး။ စီးရမယ်။ ဖုန်မတက်တဲ့ ဖိနပ်မျိုး စီးရမှာပေါ့။ ထိုင်ရမှာပေါ့။ ခရာမှုတ်ပြီး Break Time ပေးရမှာပေါ့။ စာဖတ်ချိန် ပေးရမှာပေါ့။ လူတွေပဲ၊ လူတွေ။ တိုင်းရင်းသားတွေ၊ မြန်မာတွေ” ဟု ပြောဆိုခဲ့သည့်အပေါ် အထည် ချုပ် လုပ်ငန်းရှင်များ အသင်းက ပြန်လည်ချေပ ရှင်းလင်းလိုက်သည်။

“ကျနော်တို့ အထည်ချုပ် လုပ်ငန်းတွေမှာ သနပ်ခါးမလိမ်းရ၊ ဖိနပ်မဝတ်ရစတဲ့ မထုတ်သင့်တဲ့ စည်းမျဉ်းတွေ ထုတ်တယ်လို့ ပြောတယ်။ ဘာကြောင့် သနပ်ခါး မလိမ်းရလဲ။ ဒီသနပ်ခါးမှုန့်ဟာ ချုပ်ထည် ပေါ်ကျတယ်။ ဒီလိုကပ်ပါသွားရင် မှာတဲ့နိုင်ငံတွေက လက်မခံဘူး။ ဂျပန်ဆို ပိုဆိုးတယ်။ အထုပ်လိုက် ပြန်ပို့ပါတယ်။ ဒါဆို ဘယ်သူနစ်နာလဲ။ ဖိနပ်မစီးရမို့ အဝတ်ဖိနပ်ဝယ် ပေးပါတယ်” ဟု ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

မြန်မာနိုင်ငံ၌ နိုင်ငံ ခြားသား တဦးတည်းပိုင်ကုမ္ပဏီ၊ နိုင်ငံခြားသားနှင့် ပြည်တွင်း ဖက်စပ်ကုမ္ပဏီများမှာ ၆ဝ ရာခိုင်နှုန်းရှိပြီး နိုင်ငံသားပိုင် လုပ်ငန်းမှာ ၄ဝ ရာခိုင်နှုန်း ရှိကြောင်း ၎င်းအသင်း စာရင်းများအရ သိရသည်။

၂ဝ၁၂ ခုနှစ်၊ မေလအတွင်း စက်ရုံပေါင်း ၅၇ ရုံမှ အလုပ်သမား ၃၆,၈၁ဝ ဦးက လစာတိုးပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ ရာ စက်ရုံ ၃၈ ရုံရှိ အလုပ်သမား ၂၂,၄၈၇ အတွက် ညှိနှိုင်းဖြေရှင်းပြီး စက်ရုံ ၁၉ ရုံမှ လုပ်သား ၁၄,၃၂၃ ဖြေရှင်းပေး ရန် ကျန်ရှိနေသေးကြောင်း အလုပ် သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထိုအထဲမှ Global Footware ဖိနပ်စက်ရုံနှင့် The Myth Appearl အထည်ချုပ်စက်ရုံတို့မှာ ဒုတိယအကြိမ် ဆန္ဒပြမှု ဖြစ်ပွားဖြစ် ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့