Tuesday, June 12, 2012

မြန်မာ့ပညာရေးအတွက် သြစတြေးလျ ဒေါ်လာသန်း ၈၀ ကူညီ

ဇွန်လ ၁၁ ရက် ၂၀၁၂ ခုနှစ်

မြန်မာ မူလတန်း ကျောင်းသူ/ကျောင်းသား တသန်းကျော်အတွက် ပြဋ္ဌာန်းစာအုပ်များ ထောက်ပံ့ပေးသွားမည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြော သည်။

“ဘုန်းတော်ကြီးသင် ကျောင်းတွေနဲ့ လူမှုအဖွဲ့တွေက ဖွင့်ထားတဲ့ ကျောင်းတွေကတဆင့် ဝေးလံခေါင်သီဆုံး ဒေသ တွေနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသတွေကို ကူညီသွားမှာပါ။ တချို့ကျောင်းတွေမှာဆို သေချာလေ့ကျင့်ပြီးသား ဆရာ/ ဆရာမ ဦးရေက တဝက်တောင် မရှိကြပါဘူး” ဟု နိုင်ငံခြားရေးဝန်ကြီး ဘော့ ကား Bob Carr က ၎င်း၏ သုံးရက်ကြာ မြန်မာပြည် ခရီးစဉ်အပြီး သောကြာနေ့က ကြေညာသည်။

မြန်မာကလေး တဝက်မျှသာ မူလတန်း ပြီးမြောက်အောင် ပညာသင်နိုင်ကြပြီး ကျန်ကလေးငယ်များမှာ အစားအစာ မလုံလောက်မှုနှင့် အာဟာရချို့တဲ့လျက် ရှိကာ ပညာသင်ကြားရန် ခက်ခဲလျက်ရှိသည်ဟု မစ္စတာကား က ဆိုသည်။

ယခုအကူအညီများဖြင့် တနှစ်တာ ကျောင်းနေစဉ်အတွင်း အစားအစာပါ ကျွေးမွေးနိုင်မည်ဖြစ်ပြီး လေးနှစ်တာအတွက် ကူညီခြင်း ဖြစ်သည်။

အဆင့်မြင့်ပညာသင် ထောက်ပံ့ဆုများကိုလည်း ၂၀ မှ ၅၀ အထိ တိုးမြှင့်ကာ ၂၀၁၅ ခုနှစ်အထိ ပေးအပ်သွားမည် ဖြစ်သည်။

မစ္စတာ ဘော့ကား သည် ခရီးစဉ်အတွင်း AusAID မှ ဆောင်ရွက်နေသည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်းတွင်းမှ စာသင်ကျောင်း များကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။

သြစတြေးလျသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးအကူအညီများ ပေးနေသော အကြီးဆုံး အလှူရှင် နိုင်ငံများထဲတွင် တခုအပါအဝင်ဖြစ်ပြီး ကူညီမှုများကို ကုလသမဂ္ဂ အဖွဲ့များ၊ ဒေသခံအဖွဲ့များနှင့် နိုင်ငံတကာ NGO များ ထံမှတဆင့် ပေးအပ်လေ့ရှိသည်။

ကျန်းမာရေးကဏ္ဍတွင်လည်း သြစတြေးလျသည် မြန်မာနိုင်ငံအတွက် ၂ဝဝ၇ ခုနှစ်မှစ၍ ဆေးစိမ်ခြင်ထောင် တသန်း ကိုးသိန်းလှူဒါန်းခဲ့ပြီးနှင့် တီဘီဝေဒနာ သည် ၁၂၇,ဝဝဝ ကို ကုသပေးခဲ့ကာ HIV/AIDS ဖြစ်ပွားမှုနှုန်း လျှော့ချရန် အတွက် ကွန်ဒုံး ၅၁ သန်းနှင့် ဆေးထိုးအပ် ၁ဝ သန်း ထောက်ပံ့ပေးခဲ့သည်။

မြန်မာနိုင်ငံသို့ ပေးအပ်နေသော ဖွံ့ဖြိုးရေး အကူအညီများကို ယခင်က ဒေါ်လာ ၄၈.၈ သန်း ပေးနေရာမှ ၆၃.၈ သန်းအထိ တိုးမြှင့်ပေးလိုက်ကြောင်း AusAID က မေလအတွင်း ကြေညာခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့